ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇)ရက် မြောက်နေ့ကျင်းပ

နေပြည်တော်   ၄  စက်တင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇)ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် ဥပဒေကြမ်းတစ်ခုဆွေးနွေးခြင်းနှင့် ချေးငွေနှစ်ခု ရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ရှေးဦးစွာ ၂၀၁၈-၂၀၁၉ ခုနှစ်၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့၏ မူနှင့်အခြေခံသဘောများ၊ စီမံကိန်းလုပ်ငန်းများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲတိုင်းပြည် ဖြစ်သည့်အတွက် စီးပွားရေး အခြေခံအဆောက်အအုံများကို လိုငွေပြဘတ်ဂျက်နှင့် တည်ဆောက်နေရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဲသို့ လူမှုရေးအခြေခံ အဆောက်အအုံအပြင် တိုင်းပြည်၌ လိုအပ်နေသည့် လျှပ်စစ်မီးလင်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရန် ဘတ်ဂျက်လိုငွေများကို နိုင်ငံပိုင် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းမှ ရရှိသည့် ငွေကြေး အမြောက်အများကို အသုံးပြုခြင်းဖြင့် ဘတ်ဂျက်လိုငွေကို လျော့နည်းစေပြီး တိုင်းပြည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ခြင်းကို များစွာအထောက်အကူပြုစေမည် ဖြစ်ပါကြောင်း။

 

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ၏ ဝင်ငွေ ထွက်ငွေနှင့် အမြတ်ရရှိငွေ စုဆောင်းထားရှိမှု အခြေအနေကို ခြုံငုံသုံးသပ်ကြည့်ပါက အမြတ်ရရှိသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများ သည် အမြတ်၏ ၂၀ ရာခိုင်နှုန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေထဲ ထည့်ဝင်ကြပြီး အမြတ်၏ ၈၀ ရာခိုင်နှုန်းကို မိမိတို့ လုပ်ငန်းတစ်ခုစီ၏ ကိုယ်ပိုင်ဘဏ်စာရင်းတွင် စုဆောင်းထားရှိနိုင်ကာ အရှုံးပေါ်နေသည့် လုပ်ငန်းများ၏ လိုအပ်ငွေများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲနေရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများမှ သိမ်းဆည်းထားရှိနိုင်သည့် ငွေပမာဏနှင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးမည့် ငွေပမာဏကို လုပ်ငန်းတစ်ခုစီ၏ မဟာဗျူဟာ လိုအပ်ချက်အပေါ် မူတည်ပြီး ဆုံးဖြတ်သင့်ပါကြောင်း၊ ၁၉၈၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် နိုင်ငံပိုင်စီပွားရေးလုပ်ငန်းများ ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ခြင်း အပါအဝင် နိုင်ငံတော်ပိုင် စီးပွားရေး အခန်းကဏ္ဍတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အလုံးစုံပြုပြင်ပြောင်းလဲမှု စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းအကြံပြုပါကြောင်း ဆွေးနွေးသည်။

 

မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက ယခုနှစ်တွင် ပြည်ထောင်စု၏ သုံးစွဲငွေသည် ငွေကျပ် ၂၄၉၅၄ ဘီလီယံကျော် ရှိပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ထောက်ပံ့ငွေနှင့် ချေးငွေသည် ၂၁၆၀ ဘီလီယံကျော်သာ ရှိခြင်းကြောင့် ပြည်ထောင်စုအသုံးစရိတ်၏ ၈ ဒသမ ၆၅ ရာခိုင်နှုန်းခန့်သာ ရှိသည်ကို တွေ့ရပါကြောင်း၊ နှစ်စဉ်လည်း ၁၀ ရာခိုင်နှုန်း အောက်၌သာရှိသည်ကို လေ့လာသိရှိရပါကြောင်း၊ ယခုကဲ့သို့ အခြေအနေများကြောင့် ပြည်နယ်နှင့် ပြည်မ ဖွံ့ဖြိုးတိုးတက်မှုသည် အလှမ်းပိုကွာဝေးလာသည်ကို မြင်တွေ့ရပါကြောင်း။

 

ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအကြား ဘတ်ဂျက်ခွဲဝေမှု မညီမျှမှု ဖြစ်ရသည့် အကြောင်းအရင်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဗဟိုချုပ်ကိုင်မှု များလွန်းနေခြင်းကြောင့်ဟု ယူဆပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ လယ်ယာနှင့် ဆည်မြောင်း၊ နယ်စပ်ရေးရာ စသည့်ဝန်ကြီးဌာနများသည် မူလတန်းကျောင်းများ၊ ဆေးပေးခန်းများ၊ ကျေးရွာချင်းဆက်လမ်း၊ ရေတွင်းရေကန်များ အပါအဝင် ငွေကျပ်သိန်း ၁၀ဝ အောက် လုပ်ငန်းအသေးလေးများပါ ဝန်ကြီးဌာန၏ ဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံကြသည်ကို တွေ့ရပါကြောင်း ဆွေးနွေးသည်။
အလားတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ဝန်းသိုမဲဆန္ဒနယ်မှ ဦးနေစိုးအောင်၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်၊ ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်ဗဲလ် (ခေါ်) ဆလိုင်းရန်းဗယ်နှင့် ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးတို့ကလည်း ဆွေးနွေးကြသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့(IFAD)ထံမှ အမေရိကန် ဒေါ်လာ ၈ ဒသမ ၉၈၄ သန်း ချေးငွေရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်က ဖွံ့ဖြိုးမှုနည်းပါးသည့် မြို့နယ်များအတွက် ယခုကဲ့သို့ချေးငွေဖြင့် စီမံကိန်းများဖော်ဆောင်ပေးသည့် နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါကြောင်း၊ ယခုချေးငွေသည် အတိုးမဲ့ချေးငွေဖြစ်ပြီး ဝန်ဆောင်ခ ဝ ဒသမ ၇၅ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်ပါကြောင်း၊ ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ပြန်ဆပ်ကာလ နှစ် ၃၀ ဖြစ်သည့်အတွက် ချေးငွေသက်တမ်းနှစ် ၄၀ ဖြစ်ပါကြောင်း၊ စီမံကိန်းသည် ချေးငွေအပါအဝင် စီမံကိန်းတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၂၅ သန်းကုန်ကျမည်ဟု သိရှိရပါကြောင်း။

 

ဝန်ကြီးဌာနအနေဖြင့် ယခုချေးငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လိုမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်ခအား မည်သည့်အဖွဲ့အစည်းကို ပေးဆောင်ရမည်ကို ပြည်သူများကို အသိပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးသည်။

 

ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင် က စီမံကိန်းဖော်ဆောင်ရာတွင် အလေအလွင့်မရှိရန်နှင့် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပါကြောင်း၊ စီမံကိန်းကို သတ်မှတ်ချက်ကာလအတွင်း ဥပဒေ လုပ်ထုံးလုပ်နည်း နှင့်အညီ အမြန်ဆုံးပြီးစီးအောင် လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ စီမံကိန်းချေးငွေမှာ အတိုးနှုန်းသက်သာပြီး ဝန်ဆောင်မှုစရိတ် နည်းပါးသည့်အတွက် ကောင်းမွန်ပါကြောင်း၊ စီမံကိန်းကြောင့် လူမှုစီးပွားဘဝ တိုးတက် လာမည်ဖြစ်ပြီး အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ပါသဖြင့် ချေးငွေရယူခြင်းကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ကျိုက်လတ် မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဒေါက်တာ ကျော်ငွေတို့ကလည်း ဆွေးနွေးကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စီမံကိန်းလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် ကိုးရီးယားသမ္မတနိုင်ငံ EXIM Bank of Korea ထံမှ EDCF ချေးငွေ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၁၆ သန်း ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍  လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းက ကိုးရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ရင်းနှီးမြှပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်၊ စက်မှုကဏ္ဍ တိုးတက်စေရန် မြေဧက ၆၀ဝ ခန့် ပေါ်တွင် ဆောင်ရွက်မည့် ညောင်နှစ်ပင်သင်တန်းကျောင်း စီမံကိန်းသည် ကိုးရီးယားနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရာတွင် အရေးပါသည့် အခန်းကဏ္ဍ ပုံစံအတိုင်း အတုယူ ဖော်ဆောင်မည့် စီမံကိန်းဖြစ်သည့်အတွက် အခြားစီမံကိန်းကြီး အချို့ကဲ့သို့ ကြန့်ကြာမှုများ မဖြစ်စေလိုပါကြောင်း။

 

အဆိုပါစီမံကိန်းသည် လူဦးရေ ၆ သန်းနေထိုင်သည့် ရန်ကုန်မြို့နှင့် နီးကပ်စွာ တည်ရှိရုံသာမက မြန်မာနိုင်ငံ၏ အချက်အချာဖြစ်သည့် နေပြည်တော်၊ မန္တလေးတို့ကို သွားရောက်ရာလမ်းနှင့် အဆင်ပြေအောင် စီမံဆောင်ရွက်မည်ဆိုလျှင် ရန်ကုန်လေဆိပ်သို့ နာရီဝက်ဖြင့် ရောက်ရှိနိုင်ပါကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ ၁ နာရီကျော်အတွင်း ရောက်ရှိနိုင်သည့် ခရီးအကွာအဝေး ဖြစ်သည့်အတွက် ကိုးရီးယားနှင့် မြန်မာပြည်ရှိ ကုမ္ပဏီများ အပြန်အလှန် ဈေးကွက်ထဲ ဝင်ရောက်လာနိုင်ခြေရှိသောကြောင့် အကောင်အထည်ဖော်သင့်သည့် စီမံကိန်း ဖြစ်ပါကြောင်း ဆွေးနွေးသည်။ 

 

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးတိုးလွင်က စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုမှ ၂၀၂၁ ခုနှစ်အထိ ၃ နှစ်ခွဲ၍ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ တင်ဒါခေါ်ယူ ဆောင်ရွက်သွားမည်ဟု တွေ့ရပါကြောင်း၊ တင်ဒါခေါ် ယူဆောင်ရွက်ရာတွင် ပြည်တွင်းမှ အလုပ်အကိုင်ရရှိရေးနှင့် ပြည်တွင်းမှ ထုတ်လုပ်သည့် ပစ္စည်းများ အသုံးပြုရေးအတွက် ပြည်တွင်းကုမ္ပဏီ များဖြင့်သာ ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း။

 

စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် ကိုးရီးယားရင်းနှီး မြှပ်နှံမှုများကို ပိုမိုဖိတ်ခေါ်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်လမ်း ငါးသောင်းမှ တစ်သိန်းခန့်အထိ ဖန်တီးပေးနိုင်ခြင်း၊ လှည်းကူး မြို့နယ်ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှု အထောက်အကူ ဖြစ်စေနိုင်ခြင်းအပြင် နိုင်ငံခြားပို့ကုန်များ တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်မည်ဖြစ်ပြီး စီမံကိန်းတွင် ပါဝင်သည့် စက်ရုံ ၂၀ဝ ခန့်မှ နှစ်စဉ်အခွန်ရငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရရှိနိုင်ခြင်း စသည့် လူမှုရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိနိုင်သည်ကို တွေ့ရသည့်အတွက် ကောင်းမွန်သည့် စီမံကိန်းဖြစ်ပါကြောင်း ဆွေးနွေးသည်။  

 

ထို့အတူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မဲဆန္ဒနယ်မှ ဦးနေကျော်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် လှည်းကူးမြို့ နယ်မှ ဦးသိန်းတန် တို့ကလည်း ဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး (၁၈)ရက် မြောက်နေ့ကို စက်တင်ဘာ ၆  ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်၊ ဟန်လင်းနိုင်