ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော်  ၁၁  စက်တင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ ဥပဒေ အကြောင်းအရာများ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းတို့က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုနိုင်ရန် အဆိုတင်သွင်းကြရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းကြပြီး လွှတ်တော်၏ သဘောထားဆန္ဒကို ရယူအတည်ပြု ကြသည်။

 

ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ ဥပဒေ အကြောင်းအရာများ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အဆိုပါ ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်မှ အတည်ပြုပေးရန် အဆိုတင်သွင်းရာ  လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အား ကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က လျှပ်စစ်ဓာတ်အား ကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဓာတ်အားစနစ် တည်ငြိမ်ရေး၊ ဓာတ်အားအရည်အသွေး ကောင်းမွန်မှုကို  အထောက်အပံ့ ပေးနိုင်ရေး၊ ဓာတ်အားစနစ် မရောက်ရှိသေးသော  ဒေသများ ဓာတ်အားရရှိရေး၊ ဓာတ်အားရရှိပြီး ဒေသများ ဓာတ်အားတိုးတက် သုံးစွဲနိုင်ရေးနှင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်းအား  အထောက်အပံ့ ဖြစ်စေရေးတို့ကို ရည်ရွယ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ ရယူမည့် ချေးငွေဆိုင်ရာ အချက်အလက်များမှာ ချေးငွေပမာဏ အမေရိကန်ဒေါ်လာ  ၂၉၈ ဒသမ ၉ သန်း၊ စီမံကိန်းကာလ ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၆ နှစ်) ဖြစ်ပါကြောင်း၊ ချေးငွေသက်တမ်းမှာ ဆိုင်းငံ့ကာလ (၈)နှစ်နှင့် ပြန်ဆပ်ကာလ (၂၄)နှစ် စုစုပေါင်း-၃၂ နှစ် ဖြစ်ပြီး၊ အတိုးနှုန်းမှာ ဆိုင်းငံ့ကာလအတွင်း ၁ ရာခိုင်နှုန်းနှင့် ပြန်ဆပ်ကာလအတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး ADB မှ ယခင်ပေးအပ်ခဲ့သည့် ချေးငွေများအတိုင်း ဖြစ်ပါကြောင်း။

 

စီမံကိန်း ခန့်မှန်းကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃၀၈ ဒသမ ၉ သန်းဖြစ်ပြီး၊ ၄င်းပမာဏတွင် ADB မှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ပေးအပ်မည် ဖြစ်ကာ၊ နိုင်ငံတော် အစိုးရဘတ်ဂျက်မှ အမေရိကန်ဒေါ်လာ  ၁၀ သန်းနှင့် ညီမျှသော မြန်မာကျပ်ငွေကို  ကျခံသုံးစွဲရမည် ဖြစ်ပါကြောင်း၊ စီမံကိန်းတွင် ဓာတ်အားပို့လွှတ်ရေး အပိုင်းနှင့်  ဓာတ်အားဖြန့်ဖြူးရေး အပိုင်းဟူ၍ (၂) ပိုင်း ပါဝင်ပြီး၊ ဓာတ်အား ပို့လွှတ်ရေးအတွက်  အမေရိကန်ဒေါ်လာ  ၁၄၃ ဒသမ ၁၁ သန်း၊ ဓာတ်အားဖြန့်ဖြူးရေး အပိုင်းအတွက် အမေရိကန်ဒေါ်လာ ၉၈ ဒသမ ၉၄ သန်း၊ စီမံကိန်း အတိုင်ပင်ခံ ငှားရမ်းခြင်း အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၄၈ သန်း၊ မမျှော်မှန်းနိုင်သော အသုံးစရိတ် အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆၀ သန်းနှင့် စီမံကိန်းကာလအတွင်း အတိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၇ သန်းတို့ကို ADB ချေးငွေ ရယူသွားမည်ဖြစ်ပြီး၊ လူမှုရေး သဘာဝပတ်ဝန်းကျင်နှင့်  မြေရရှိရေး စရိတ်များနှင့်  စီမံခန့်ခွဲမှု စရိတ်အတွက် စုစုပေါင်း ကျသင့်မည့် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၀ သန်းနှင့် ညီမျှသော မြန်မာ ကျပ်ငွေကို နိုင်ငံတော်အစိုးရ ဘက်ဂျက်မှ ကျခံသုံးစွဲရမည် ဖြစ်ပါကြောင်း။

 

စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု အစီအစဉ်အနေဖြင့် ဓာတ်အားပို့လွှတ်ရေး အပိုင်းတွင် ပါဝင်သည့် မော်လမြိုင်-ရေး-ထားဝယ် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအထိ လည်းကောင်း၊ အလုံ-သီတာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ စီမံကိန်း ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၃ ခုနှစ် မတ်လအထိလည်းကောင်း ပြီးစီရန် စီစဉ်ထားပါကြောင်း။

 

 

ဓာတ်အားဖြန့်ဖြူးမှု အပိ်ုင်းကို ၂၀၁၉ ခုနှစ် ဧပြီမှ  ၂၀၂၅ ခုနှစ် ဇွန်လအထိလည်းကောင်း၊ ကွန်ပျူစနစ်သုံး ဓာတ်အားစနစ် စီမံခန့်ခွဲခြင်းနှင့် ဓာတ်အားခ ကောက်ခံခြင်းစနစ်ကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ ၂၀၂၅ ခုနှစ် ဇွန်လအထိလည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်းအားလုံး အပြီးသတ် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ စီမံကိန်း အကောင်အထည်ဖော်မှု အစီအမံများ အနေဖြင့် အကောင်အထည်ဖော်မည့် ကာလ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ ၇၂ လတာ ကာလအတွင်း ဆောင်ရွက်ရန်ဖြစ်ပြီး ခန့်မှန်းပြီးစီးမည့်အချိန်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ဖြစ်ပါကြောင်း။ 

 

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကောင်အထည်ဖော်မည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီးတွင် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၄၆၁ သန်း သုံးစွဲ၍  အိမ်ထောင်စု ၈၄၈၅၀ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိ်ုင်း) တွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၂၁ သန်း သုံးစွဲ၍ အိ်မ်ထောင်စု ၄၁၀၁၂ ကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ဝဝ၂ သန်း သုံးစွဲ၍ အိမ်ထောင်စု ၁၁၀၆၅၅ ကိုလည်းကောင်း၊ မွန်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၇၃ သန်း သုံးစွဲ၍ အိမ်ထောင်စု  ၄၂၇၅၇ ကိုလည်းကောင်း၊ ကရင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၂၃ ဒသမ ၃၁၅ သန်း သုံးစွဲ၍ အိမ်ထောင်စု ၂၇၈၂၀ ကိုလည်းကောင်း၊ ရခိုင်ပြည်နယ်တွင် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၉၉၂ သန်း သုံးစွဲ၍ အိမ်ထောင်စု ၃၆၆၉၄ ကိုလည်းကောင်း တိုးတက်ဓာတ်အားဖြန့်ဖြူး ပေးသွားနိုင်မည် ဖြစ်ပါကြောင်း။

 

အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ချေးငွေရယူ၍ လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်စီးပွားရေး မူဝါဒနှင့်အညီ အခြေခံ စီးပွားရေး အဆောက်အဦများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လျှပ်စစ်နှင့်စွမ်းအင် မူဝါဒမျှော်မှန်းချက် ဖြစ်သည့် နိုင်ငံတော် စီးပွားဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေပြီး၊ တိုးမြင့်လာသော ပြည်တွင်း လျှပ်စစ်နှင့် စွမ်းအင် လိုအပ်ချက်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက် သွားနိုင်မည်ဖြစ်ခြင်း၊ ဓာတ်အားစနစ် တည်ငြိမ်ပြီး၊ ဓာတ်အားအရည်အသွေး ပိုမိုကောင်းမွန်ရေးကို အထောက်အပံ့ ပေးနိုင်မည်ဖြစ်ခြင်း၊ ဓာတ်အားစနစ် မရောက်ရှိသေးသည့် ဒေသများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည် ဖြစ်သဖြင့် ဒေသအားလုံး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ခြင်း စီမံကိန်း အကောင်အထည်ဖော်မည့် ဒေသရှိ ပြည်သူတို့၏ လူနေမှုဘဝ ပိုမိုတိုးတက်လာပြီး ဆက်စပ်ကဏ္ဍများ အားလုံး တိုးတက်ရေးကိုလည်း အထောက်အကူ ပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလာမည် ဖြစ်သဖြင့် ADB ချေးငွေ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ရယူ ဆောင်ရွက်ခွင့်ပြုပါရန် ရှင်းလင်းတင်ပြသည်။

 

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က စီမံကိန်းကို အဓိက တာဝန်ခံ၍ ဆောင်ရွက်မည့် ဌာနမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနဖြစ်ပြီး စီမံကိန်းကို ဓာတ်အား ပို့လွှတ်ရေး အပိုင်းနှင့် ဓာတ်အားဖြန့်ဖြူးရေး အပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊  ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်ထိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ပကြွေးမြီ ပေးဆပ်ရန် လက်ကျန်မှာ အမေရိကန်ဒေါ်လာ ၃၁၁၂ ဒသမ ၉၉၆ သန်း ဖြစ်ပါကြောင်း။

 

ချေးငွေများကို နောက်ဆုံးပေးဆပ်ရမည့်နှစ်မှာ ၂၀၅၀ ခုနှစ်ဖြစ်ပြီး ဆိုင်းငံ့ကာလအတွင်း ထုတ်ယူသုံးစွဲမှု လျာထားချက်အရ တစ်နှစ်လျှင် အတိုး အမေရိကန်ဒေါ်လာ ၈ သိန်းမှ ၃ သန်းအထိ လည်းကောင်း၊ ဆိုင်းငံ့ကာလ ကုန်ဆုံးပါက နှစ်စဉ်အတိုး အမေရိကန် ဒေါ်လာ ၄ သန်းခန့်နှင့် အရင်း အမေရိကန်ဒေါ်လာ ၁၂ သန်းကျော်ခန့်တို့ကို ပေးဆပ်သွားရမည် ဖြစ်ပါကြောင်း၊ အချိန်စေ့ရောက်သည့် နှစ်အလိုက် အတိုး၊ အရင်း ပြန်လည်ပေးဆပ်ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ၄င်း၏ တိုးတက်ရရှိလာသော ရငွေများကို သက်ဆိုင်ရာ ဘတ်ဂျက်သို့ နှစ်အလိုက်ပေးသွင်းပြီး ချေးငွေပေးဆပ်ရေးကိုလည်း နှစ်အလိုက် လျာထားသွားရမည် ဖြစ်ပါကြောင်း။ 

 

နိုင်ငံတော်၏   ပြည်ပကြွေးမြီ လက်ကျန်အခြေအနေမှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ ခန့်ရှိပြီး ပြည်ပကြွေးမြီနှင့် ဂျီဒီပီ အချိုး ၁၅ ဒသမ ၄၅ ရာခိုင်နှုန်းခန့် ဖြစ်ပါကြောင်း၊ ကြွေးမြီ ခံနိုင်ရည်ရှိမှု အတိုင်းအတာအတွင်း ရှိပါကြောင်း၊  ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍငွေ အရအသုံးဆိုင်ရာ ဥပဒေ၊ ပြည်သူ့ကြွေးမြီး စီမံခန့်ခွဲမှု ဥပဒေ၊ ၂၀၁၇  ခုနှစ် ကာလ လတ်ကြွေးမြီးစီမံခန့်ခွဲမှု မဟာဗျူဟာ ဖွံ့ဖြိုးမှု အကူအညီဆိုင်ရာ မူဝါဒတို့နှင့် ကိုက်ညီမှု ရှိပါကြောင်း၊ လျှပ်စစ်ဓာတ်အားကွန်ရက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ရယူနိုင်ရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ ဆွေးနွေးသုံးသပ်၍ အတည်ပြုချက် ရယူပေးနိုင်ပါရန်  ရှင်းလင်း တင်ပြသည်။ 

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က  နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားကွန်ယက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက်  အာရှဖွံ့ဖြိုးရေးဘဏ်ထံမှ အမေရိကန်ဒေါ်လာ ၂၉၈ ဒသမ ၉ သန်း ချေးငွေ ရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။ 

 

မင်းမင်းဇော်၊ မွှေးကြူဇင်