ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဒသမပုံမှန်အစည်းအဝေး(ပထမနေ့) ကျင်းပ

ထားဝယ်   ၂၄  စက်တင်ဘာ

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး(ပထမနေ့)ကို တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပရာ တိုင်းဒေသကြီး  လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁၅)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၅)ဦးနှင့် လေ့လာသူသတင်းမီဒီယာ(၄၂)ဦးတို့ တက်ရောက်ကြပြီး အခမ်းအနားမှူးအဖြစ် ဒေါ်ဌေးဌေးခိုင်၊ ညွှန်ကြားရေးမှူးနှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ဒုတိယညွှန်ကြားရေးမှူးတို့က ဆောင်ရွက်ခဲ့သည်။

 

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၏အစည်း အဝေး(ပထမနေ့)  တက်ရောက်မှုကို မှတ်တမ်းတင်ပြီး တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက ခွင့်ပြုထားသော  ကြယ်ပွင့်ပြမေးခွန်း(၅)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းမှုအပေါ်တွင်  သက်ဆိုင် ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြန်လည် ဖြေကြားကြသည်။

 

ဆက်လက်၍ ပုလောမဲဆန္ဒ နယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်း(ခ)ဦးဖိုးမင်းက“ တနင်္သာရီ တိုင်းဒေသကြီးအတွင်း မြို့အသီးသီးရှိ မြို့ဧရိယာအဖြစ် သတ်မှတ်ထား သော ရပ်ကွက်များမှ လယ်ယာမြေ၊ဥယျာဉ် ခြံမြေ၊ ဓနိမြေ၊ စား ကျက်မြေများနှင့် ဌာနအမည် ပေါက်မြေများတွင် ဆောက်လုပ်ထားသည့် အိမ်ရာ၊ အဆောက်အဦများ၏ မြေကွက်များကို   လုပ်ထုံး လုပ်နည်းနှင့် အညီ အစိုးရစီမံခန့်ခွဲ ပိုင်ခွင့် ရှိသောမြေအဖြစ်ပြောင်းလဲပြီးမြေကွက်မြေပုံများရေးဆွဲ သတ်မှတ်၍ မြေပေးအမိန့်များ ထုတ်ပေးကာမြေငှားဂရန်များ ချထားပေးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့၊ ရပ်ကွက်အလိုက် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး တိုက်တွန်းကြောင်း ”အဆိုကို တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းသည်။

 

၄င်းနောက်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်း ဒေသကြီး ဒေသန္တရစီမံကိန်း ဥပဒေ (မူကြမ်း) နှင့် တနင်္သာရီတိုင်းဒေသကြီး ၏ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)ကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းပြီး ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ အစီရင်ခံစာကိုဖတ်ကြားရှင်းလင်းသည်။

 

ထိုနောက်တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ထီးခီးဒေသ ခန့်မှန်းမြေဧရိယာ (၆၆၇၆)ဧက တွင်  စက်မှုလက်မှုလုပ်ငန်းနယ်မြေ(Htee Khee Industrial Estate) တည်ထောင် ဆောင်ရွက် မည့်ကိစ္စ ၊ပုလောမြို့အဆိုပြုမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းနှင့် ထားဝယ်ခရိုင်၊ မောင်းမကန်မြို့ သစ် နှင့် ဟိုတယ်ဇုန်ဖွံ့ဖြိုးရေးစီမံကိန်းတို့ နှင့်စပ်လျဉ်း၍လွှတ်တော် ၏သဘောတူညီချက်ရရှိနိုင်ရေး အတွက်တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်း ပြီးဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး (ပထမနေ့) ကို  ၁၂ နာရီ ၅၉ မိနစ်  အချိန်တွင် ရပ်နား ကာ တိုင်းဒေသကြီး လွှတ်တော် ဒသမပုံမှန် အစည်း အဝေး (ဒုတိယနေ့)ကို (၂၅.၉.၂၀၁၈)ရက် (အင်္ဂါနေ့) နံနက်  ၁၀ နာရီ အချိန် တွင် ဆက်လက် ကျင်းပမည်ဖြစ် ပါကြောင်း သတင်းရရှိသည်။

 

(တိုင်းဒေသကြီးပြန်/ဆက်)