Facebook Account များခိုးယူ၍ ငွေလိမ်လည်ချေးငှားခြင်း၊ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခြင်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်

Facebook Account များ ခိုးယူ၍ ငွေလိမ်လည်ချေးငှားခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်ခြင်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်၊ မှုခင်းရဲတပ်ဖွဲ့ ၊ နည်းပညာမှုခင်းဌာနမှ ရဲမှူးကြီး ညွန့်ဝေနှင့် တွေ့ဆုံမေးမြန်း ခဲ့ပါသည်။

 

mdn

မေး။ Facebook ပေါ်ကနေတစ်ဆင့် ငွေကြေးလိမ်လည်ခံရရင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ကို တိုင်ကြားနိုင်တယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဘယ်လိုတွေ ဆောင်ရွက်ပေးနေတယ်ဆိုတာ သိပါရစေ။ တိုင်ကြားတဲ့သူ ဘယ်လောက်ရှိတယ်ဆိုတာကို လဲ သိပါရစေ။

ဖြေ။    Facebook ပေါ်ကနေ ငွေကြေး လိမ်လည်ခံရတာ နှစ်မျိုးရှိပါတယ်။ Facebook Account ခိုးယူပြီး ငွေညှစ်တဲ့ Blackmail  တစ်မျိုးလည်းရှိပါတယ်။ ငွေလိမ် နည်း နှစ်မျိုးကတော့ Account ကို  hack ပြီး ကိုယ့် friend တွေဆီမှာ ငွေချေးတာမျိုး၊ ညနေပြန်ပေးမယ် သူငယ်ချင်းရေ၊ လမ်းခုလတ် ငွေလိုလို့၊ ကားပျက်လို့ဆိုပြီး ငွေချေးတာမျိုး တွေပါ။ ဒါက              တရားခံဘယ်သူဘယ်ဝါမသိတဲ့ ကိစ္စ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက Facebook ပေါ်ကနေ လူယုံကြည်အောင် အကွက်ဆင်၊ Messenger မှာ အပြန်အလှန် ပြောဆိုပြီး စုကြေးငွေစုခိုင်းပြီးမှ လိမ်လည်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီကိစ္စကတော့ လူချင်း သိကြတာများတဲ့ ကိစ္စဖြစ်ပါတယ်။ စုကြေးငွေ လိမ်လည်ခံရတဲ့အခါမှာ နီးစပ်ရာရဲစခန်းမှာ အမှုဖွင့်ရပါတယ်။ ရာဇသတ်ကြီးပုဒ်မ ၄၂၀ နဲ့ ဖွင့်ကြပါတယ်။ ဒါပေမယ့် သက်သေခံချက်တွေကို မှန်ကန်ကြောင်း တရားရုံးမှာ သက်သေခံနိုင်ဖို့ အတွက်ကတော့ ကျွန်တော်တို့ Cyber Crime Department  က စစ်ဆေးပြီး တရားရုံးကို ထင်မြင်ယူဆချက်ပေးရပါတယ်။

ဒီအမှုမျိုးမှာ ကျွန်တော်တို့က သက်သေခံ တင်သွင်းလာတဲ့ Device နဲ့ တင်သွင်းလာတဲ့ အချက်အလက်တွေကို တိုက်ဆိုင်ပေးလိုက် ရုံပါပဲ။ Account ကို Hack ပြီး Friend တွေဆီက ငွေလိမ်ချေးတဲ့ကိစ္စကျတော့ တရားခံကို မသိနိုင်တော့ဘူး။ ကိုယ့်အကောင့်က သူ့အကောင့် ဖြစ်သွားပါတယ်။ တချို့ကိုလည်း သူ့ဆီကရသမျှ Personal Data  လေးတွေနဲ့ Account ကို ရအောင်ပြန်ယူကြပါတယ်။ Personal Data  မရတော့တဲ့ သူမျိုးကျတော့ Account ကို ဖြုတ်ချပေးရပါတယ်။ Hack လုပ်တဲ့သူက Account ထဲမှာရှိတဲ့ သူငယ်ချင်း တွေကို Messenger ကတစ်ဆင့် တရစပ် ငွေချေးနေတော့တာမို့ပါ။ ဒါကို မြန်မြန် ရပ်တန့်အောင် အခြားသူငယ်ချင်းတွေက တစ်ဆင့် Tag တွဲပြီး အလိမ်ခံနေရကြောင်း Post တင်ရပါတယ်။

တစ်ဖက်ကလည်း ဒီ Account ကို ကျွန်တော်တို့ ဖြုတ်ချလို့မရဘူး ဖြစ်နေတာမျိုးတွေလည်း ရှိပါတယ်။ အဲဒီအခါမျိုးတွေမှာ Facebook Team ကို စာရေး အကြောင်းကြား ပြီး Account ကို ဖြုတ်ချပေးရပါတယ်။ မှန်ကန် ရင် Facebook Team က ကူညီပါတယ်။ တစ်ရက်နှစ်ရက်အတွင်း လုပ်ပေးပါတယ်။ တိုင်ကြားသူ ဘယ်လောက်ရှိသလဲဆိုတော့ ကျွန်တော်တင်ပြခဲ့တဲ့ Friend ကို Messenger အပိုင်းကနေ လိမ်တဲ့အမှုတွေကတော့ ရဲစခန်းမှာ အမှုမဖွင့်ကြပါဘူး။ ဒါက အရေးလည်း ကြီးတယ်။ တရားခံကလည်း မသိဘူး၊ ရဲစခန်း ဘက်ကလည်း ဆောင်ရွက်ပေးဖို့ အခက်အခဲ ဖြစ်နေတတ်ကြတော့ ဒါကို ပြည်သူလူထုကို တင်ပြချင်လို့ ပြည်ထဲရေး Website  နဲ့ ရဲဇာနည် Page တွေကနေ ချက်ချင်း စာရေးရခြင်း ဖြစ်ပါတယ်။ လုပ်ဆောင်ရမှာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရေးပေါ် Call Center  ဖြစ်တဲ့ ၁၉၉ ကို အကြောင်းကြားပါ။ သူတို့ကနေ တစ်ဆင့် မှုခင်းရဲတပ်ဖွဲ့ CID ကို ဆက်သွယ် ပါလို့ ပြည်သူကိုတင်ပြလိုပါတယ်။ Online စုကြေးငွေလိမ်လည်တာကတော့ ၂၀၁၈ ခုနှစ် လောက်ကနေ အခုချိန်အထိပါပဲ။ လစဉ်အပတ်စဉ် ဖြစ်ပွားနေပါတယ်။ အခုအချိန်ထိ အမှုပေါင်း ၈၀ ရှိပါပြီ။ ဒါကိုလည်း ပြည်သူကို တင်ပြစာရေးပြီး ပြည်ထဲရေးနဲ့ ရဲတပ်ဖွဲ့ Website တွေကနေ တင်ပြဖို့ လုပ်ထားပါပြီ။

မေး။ ပြီးတော့ တချို့လူသိများ ထင်ရှားတဲ့ သူတွေအပါအဝင် တချို့သူတွေရဲ့ Facebook Account တွေကို ခိုးယူပြီး ငွေတောင်းခံတာတွေလည်း ရှိပါတယ်။ အဲဒီအတွက် ဘယ်လိုကူညီ ဆောင်ရွက်ပေးနေတယ်ဆိုတာ သိပါ ရစေ။

ဖြေ။    ဒါကတော့ ငွေညှစ်တဲ့ Blackmail ပြစ်မှုဖြစ်ပါတယ်။ တရားခံမသိတော့ ရဲစခန်းမှာ အမှုဖွင့်ရခက်နေပါတယ်။ ဘယ်လို ကူညီဆောင်ရွက်ပေးနေလဲဆိုတော့ ဒီကိစ္စ ကြိုတင်ကာကွယ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုယ့် Account လုံခြုံအောင် ဘယ်လိုဆောင်ရွက်ရမလဲ ဆိုရင် အရင် ၂၀၁၈ ခုနှစ်နဲ့ အခု ၂၀၁၉ ခုနှစ် နှစ်လယ်ကာလတွေအထိ Facebook Personal Account Account တွေ ခိုးယူခံရခြင်းတွေ ဖြစ်ပေါ်နေ တာကို စိစစ်တွေ့ရှိရပါတယ်။

ဒီလိုအကောင့်ခိုးယူခံရမှုတွေရဲ့ အဓိက အကြောင်းရင်းက အကောင့်ခိုးယူတဲ့ Hacker တွေရဲ့ ကျွမ်းကျင်မှုထက် အကောင့်ပိုင်ရှင်တွေရဲ့ ပေါ့ဆမှုတွေကြောင့် အများဆုံးဖြစ်တာကို တွေ့ရှိရပါတယ်။ ဥပမာအနေနဲ့ Username/ Password  နေရာတွေက Password နေရာမှာ လွယ်လွယ်ကူကူ Password လို့ ပေးတာ မျိုး၊ မွေးနေ့၊ မွေးလ၊ မွေးနှစ်တွေနဲ့ ပေးတာမျိုး၊ ကိုယ့် Username ကိုပဲ Password အဖြစ် အလွယ်တကူ ပြန်ပေးတာမျိုး၊ ကိုယ်နေထိုင်တဲ့ မြို့ /ရွာ၊ အလုပ်အကိုင်တွေပဲ Password  အဖြစ် ပေးတာမျိုး၊ ဂဏန်းတွေ ၁၂၃၄၅ လွယ်လွယ်ကူကူ ပေးတာမျိုးတွေကြောင့် hacker တွေက အလွယ်တကူ ဖော်ထုတ်ရရှိပြီးတော့ သုံးစွဲသူကို ဒုက္ခပြန်ပေးလာတာဖြစ်ပါတယ်။

တချို့ကျတော့ Like တစ်သိန်းရထားတဲ့ Account လေးပြန်ရောင်းပါမယ်ဆိုပြီး Online ပေါ်မှာ ဈေးပေါပေါနဲ့ ရောင်းတတ်ပါသေးတယ်။ Like ကို မက်မောပြီးတော့ ဝယ်ယူမယ်၊ ပြီးတော့ Password မချိန်းဘဲ အသုံးပြုနေမယ်ဆိုရင် အန္တရာယ်တွေ လက်ကမ်းနေသလိုပါပဲ။ တချို့Hacker တွေက အနုပညာရှင်တွေဆီ၊ နာမည်ရ ဆရာတော်တွေဆီ ချဉ်းကပ်တယ်။ ပြီးတော့ နည်းပညာကျွမ်းကျင်ကြောင်းပြော၊ Account ဖွင့်ပေးပြီး အသုံးပြုသူရဲ့ အမှားတွေကို အချိန်ယူ စောင့်ကြည့်ပြီးမှ အခြား Hacker တစ်ဦးထံ Password ကို ရောင်းစားလိုက်တာမျိုး ရှိပါတယ်။ တချို့ဆရာတော်ကြီးတွေဆိုရင် တပည့်တွေကို ယုံကြည်မိလို့၊ Messenger ကနေတစ်ဆင့် ဆရာတော်ကြီးဟန်ဆောင်ပြီး Friend ဖြစ်တဲ့ ဒါယကာ၊ ဒါယိကာမတွေဆီကနေ ငွေလိုက်လံ ချေးငှားတာမျိုးတွေရှိတယ်။

တချို့ကျတော့ ဖုန်းအရောင်းဆိုင်တွေက ဝန်ထမ်းတွေကို Account လုပ်ခိုင်းကြတယ်။ တချို့ဝန်ထမ်းတွေက Password ကို မှတ်ပြီးယူထားတယ်။ ပြီးတော့ အမြဲစောင့်ကြည့်နေပြီး အားနည်းချက်တွေ့ပြီဆိုတာနဲ့ သတင်း၊ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို တစ်ဆင့်ရောင်းစားလိုက်တော့တယ်။ တချို့က Account အသစ်ဖွင့်ပြီး Account အဟောင်းကို မဖျက်သိမ်းဘဲ ပစ်ထားလိုက်တယ်။ အဟောင်းက Password မေ့သွားပြီး မသုံးဖြစ်ပေမယ့် Account အဟောင်းထဲမှာ ကိုယ့်ရဲ့ Friend တွေ ရှိနေတာကို သတိပြုရမယ်။ မသုံးတဲ့ Account အဟောင်းတွေကို Hacker တွေက နည်းမျိုးစုံနဲ့ Password ရယူနိုင်ပါတယ်။ ပြီးတော့ Messenger ကနေတစ်ဆင့် ကိုယ့်ရဲ့ Friend တွေထံ ငွေလိုက်လံ ချေးငှားနေတာမျိုး ရှိပါတယ်။

ဒီလို အကြောင်းအရာတွေက လွယ်ကူစွာနဲ့ မကြာခဏဖြစ်ပွားနေတဲ့ ကိစ္စတွေဖြစ်ပြီးတော့ တရားခံမသိနိုင်တော့ ရဲစခန်းမှာ အမှုဖွင့်ဖို့လည်း အခက်အခဲရှိနေတတ်ပါတယ်။ ဒါကြောင့် Account မဖွင့်တတ်တာ၊ ဒါမှမဟုတ် Password မေ့နေပြီး Account အသစ်ဖွင့်တယ်ဆိုရင် Password အသစ်ချိန်းနိုင်အောင် သင်ယူရပါမယ်။ Password ကို အက္ခရာ၊ ဂဏန်း၊ သကငေ်္တ တို့ ပေါင်းစပ်ပေးသင့်ပါတယ်။ ဆိုလိုတာကတော့ လွယ်လွယ်ကူကူ မပေးသင့်ပါဘူး။

ပြီးတော့ Two Factor Authenticatio n Code  တွေ ခံထားသင့်ပါတယ်။ ကိုယ့်ရဲ့ Login အခြေအနေတွေကို အမြဲစစ်ဆေးသင့်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို Only me ပြုလုပ်ထားသင့်ပါတယ်။ ကိုယ့်အကောင့်တွေကို Login ဝင်ရင် အသိပေးတဲ့ စနစ်ကို ဖွင့်ထားသင့်ပါတယ်။ ဒီလိုတွေ ဆောင်ရွက်မှသာ ကိုယ့်ရဲ့ Facebook အကောင့်က အတန်အသင့် လုံခြုံစေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Password တွေ ကိုယ်တိုင်သာ လျှို့ဝှက်မှတ်သားသင့်ပါတယ်။ စိတ်ချရတဲ့ ဆွေမျိုးသားချင်းရှိမှသာ ကိုယ့် Password ကို အသိပေးထားသင့်ပါတယ်။ တတ်နိုင်ရင်တော့ သုံးလတစ်ကြိမ်လောက် Password ကို ပြောင်းသင့်ပါတယ်။ တချို့ကျတော့လည်း တစ်လတစ်ကြိမ် ပြောင်းကြတယ်။ Account ဟောင်းတွေဆိုရင်လည်း စနစ်တကျ ပိတ်သိမ်းတာ အကောင်းဆုံးပါပဲ။

မေး။ Facebook Account တွေပြန်ရ အောင် မှုခင်းရဲတပ်ဖွဲ့က ဆောင်ရွက် ပေးတဲ့အခါ မှုခင်းရဲတပ်ဖွဲ့ကို ဒီလိုမျိုး တိုင်ကြား သူ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ဘယ်လောက် ကူညီဆောင်ရွက်ပေးခဲ့တယ်ဆိုတာ သိပါရစေ။

ဖြေ။ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်သူတွေကသာ ဆက်သွယ်အကူအညီတောင်း တာမျိုးသာရှိပါတယ်။ အမှန်တကယ် တိုင်တန်းသူ အရေအတွက် နည်းပါးပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Account ခိုးခံရသူတွေ အများကြီး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုး ပြည်သူတွေအတွက် အကူအညီပေးနေတယ်ဆိုတာ ပြည်သူကို အသိပေးချင်ပါတယ်။

မေး။ Facebook အပါအဝင် လူမှုမီဒီယာတွေကနေ ဂုဏ်သိက္ခာကျဆင်းအောင် ပြုလုပ်ခံရတဲ့ သူတွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဘယ်အတိုင်းအတာအထိ အကူအညီပေးလို့ရပါသလဲ။ ပြီးတော့ ပြည်သူတွေအနေနဲ့ တိုင်ကြားအကူ အညီတောင်းခံတဲ့အခါ ဘာတွေလိုအပ်ပါသလဲ။

ဖြေ။    ဘယ်အတိုင်းအတာအထိ ကူညီပေး နေသလဲဆိုရင် ရဲစခန်းတွေ၊ အမှုစစ် အရာရှိတွေက ကျွန်တော်တို့ CID ကို ထင်မြင် ယူဆချက်တောင်းခံကြပါတယ်။ အမှုမှန်ကန်မှုရှိ၊ မရှိ ကျွန်တော်တို့ အဆင့်ဆင့် စိစစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့အဆင့်အထိ စိစစ်ကူညီပါတယ်။ တချို့အမှုတွေမှာ တရားခံက သက်သေခံ ပစ္စည်းမအပ်ဘူး။ လက်မှတ်ထိုးပြီးတော့ သူကျူးလွန်ကြောင်း ဝန်ခံတယ်။ အဲဒီတော့ ဝန်ခံကတိနဲ့အတူ တရားရုံးကို ပို့တာလည်းရှိပါတယ်။ တချို့တရားခံက ကျူးလွန်တဲ့ ဖုန်းကတစ်လုံး၊ အပ်တဲ့ဖုန်းကတစ်လုံး၊ ဒါကိုလည်း ကျွန်တော်တို့ ကြိုးစားပြီးမှန်ကန်အောင် ဖြေရှင်းပေးနေပါတယ်။ လိုအပ်ရင် သက်သေကတင်သွင်းတဲ့ လက်ကိုင်ဖုန်းနဲ့ပါ ယှဉ်တွဲပြီး ထင်မြင်ယူဆချက် ပေးပါတယ်။

ပြစ်မှုပြစ်ဒဏ် ဆုံးဖြတ်တာကတော့ တရားသူကြီးရဲ့ အပိုင်းပါ။ တချို့ဆိုရင် လူမှုကွန်ရက်မှာ ဟိုးလေးတကျော် ပြောဆိုခဲ့တာတွေရှိတယ်။ သူ့အကောင့်မှာ Delete ဖျက်လိုက်ပေမယ့် Youtube လိုမျိုး၊ တချို့သော Share လုပ်လိုက်သူ တွေရဲ့ Account က တစ်ဆင့် ရှာဖွေပြီး မှန်ကန်ကြောင်း ထင်မြင်ယူဆချက်ပေးတဲ့အထိ ဆောင်ရွက်ပေးနေပါတယ်။ တိုင်ကြားကူညီ တောင်းခံတဲ့အခါမှာ လိုအပ်တာတွေကတော့ ကိုယ့်ဘက်က နစ်နာမယ်ထင်တဲ့ Post အစာသားတွေ၊ Video ၊ Photo ၊ Comment  တွေကို Screen Short  ရိုက်ကူးထားပြီးတော့ ရဲစခန်းကနေ သက်သေခံအဖြစ် တင်သွင်းရပါမယ်။ တရားခံထံကနေ လက်ကိုင်ဖုန်းသိမ်းယူဖို့ ခက်တဲ့ ကိစ္စတွေလည်း ရှိတတ်ပါတယ်။ ရေထဲကျသွားလို့ တချို့လည်း ရေထဲပစ်ချတာမျိုး၊ ရိုက်ခွဲတာမျိုး တွေရှိဖူးပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ လက်ကိုင်ဖုန်းအပြင် တရားသူကြီးက ယုံကြည်နိုင်လောက်တဲ့ ပုဂ္ဂိုလ်တစ်စုံတစ်ယောက်ရဲ့ လက်ကိုင်ဖုန်း နဲ့ တွဲဖက်ပြီး သက်သေခံတင်သွင်းနိုင်ပါ တယ်။

မေး။ Facebook Team ကလည်း ဒီလိုမျိုး တိုင်ကြားလာတဲ့ အမှုတွေအတွက် ဘယ်လိုမျိုး ကူညီပေးနေတယ်ဆိုတာ သိပါရစေ။

ဖြေ။    Facebook Team က သူတို့ရဲ့ Community Standard ၂၂ ချက် ထုတ်ပြန်ထားပါတယ်။ အဲဒီ Standard နဲ့ ကိုက်ညီတဲ့ အချက်ပါရင် Account ကို ဖြုတ်ချပေးပါတယ်။ တချို့ Sex Abuse နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အခင်းဖြစ်နေရာ Location တောင်းခံရင် ပေးတာမျိုးအထိ ရှိပါတယ်။

မေး။ဒီလိုမျိုး ခိုးယူခံရတဲ့သူတွေဘက်မှာ လည်း လူမှုမီဒီယာကိုသုံးစွဲနေပေမယ့် ကိုယ့် Account ကို လုံခြုံရေးအဆင့် အတန်းတစ်ခုထားဖို့ အားနည်းချက်တွေရှိတဲ့သူတွေ များတယ်လို့ သိရပါတယ်။ ဒါနဲ့ ပတ်သက် ပြီးတော့လည်း သိပါရစေ။

ဖြေ။    ကိုယ့် Account ကို လုံခြုံအောင် ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာ ကျွန်တော်ရှေ့မှာ တင်ပြခဲ့ပြီးပါပြီ။ အဲဒါတွေအပြင် ကိုယ့်အကောင့်ထဲက ယုံကြည်ရတဲ့ သူငယ်ချင်း သုံးယောက်နဲ့လည်း Security အနေနဲ့ တွဲဖက်ထားစေလိုပါတယ်။ ကိုယ့် Account ခိုးယူခံရရင် သူငယ်ချင်းတွေက တစ်ဆင့် ပြန်ဆယ်လို့ ရနိုင်ပါတယ်။ ဒါ့အပြင် Two Factor Authentication  စနစ်နဲ့ လည်း Password နှစ်ဆင့် ခံထားတာမျိုးတွေနဲ့ ကိုယ့် Account ရဲ့ လုံခြုံမှုအဆင့်ကို မြှင့်တင်ထားဖို့ အကြံပြုလိုပါတယ်။

မေး။ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။    ပြည်သူကို တင်ပြလိုတာကတော့ ယနေ့ပြောင်းလဲလာတဲ့ ခေတ် အခြေအနေမှာ ကိုယ်နှစ်သက်ရာ Social Media တွေကို ပြည်သူတွေအနေနဲ့ သုံးစွဲ နေကြမှာပါ။ ဒီလို သုံးစွဲရာမှာ လုံခြုံမှုအဆင့်ရှိစွာသုံးစွဲကြဖို့၊ IT နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ထိန်းသိမ်းရမယ့် Password ကို ကိုယ်တိုင် ထိန်းသိမ်းနိုင်စွမ်းရှိအောင် ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူ့ဘက်က ကူညီပေးကြပါလို့ ပြောချင်ပါတယ်။

အစိုးရအဖွဲ့အစည်းတွေနဲ့လည်း ပတ်သက်ပြီး ငွေကြေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ Ok Dollar၊ Wave အစရှိတဲ့ ငွေကြေး ဝန်ဆောင်မှုပေးကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း ရဲတပ်ဖွဲ့ရဲ့ အကူအညီ လိုအပ်ချိန်မှာ ပါဝင်ပေးကြဖို့၊ ကိုယ့်ရဲ့ ဝန်ဆောင်မှုလုပ်ငန်း လုံခြုံမှုအဆင့်အတန်း နိမ့်ကျမှုကြောင့်၊ ပြစ်မှု ကျူးလွန်သူတွေရဲ့ ခိုကိုးရာစားကျက် မဖြစ်အောင် နိုင်ငံတကာအဆင့်မီ ဆောင်ရွက်နိုင်ကြဖို့၊ NGOs အဖွဲ့အစည်းတွေအဖြစ် ရှိနေကြတဲ့ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်အပြင် အခြားသော နည်းပညာတတ်ကျွမ်းတဲ့ အဖွဲ့အစည်းတွေအနေနဲ့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တတ်နိုင်သမျှ ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါလို့  ပြောချင်ပါတယ်။

မေးမြန်း-ရှင်မင်း၊ ဓာတ်ပုံ-ထန်းဖုန်