ဂုဏ်သိက္ခာနှင့် တန်ဖိုးတို့အကြောင်း

နိုင်ငံတကာအနေဖြင့် ဆုအမျိုးမျိုး ချီးမြှင့်သည်၊ ဘွဲ့ထူးဂုဏ်ထူးများ ပေးအပ်သည်ဆိုခြင်းကို ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှုအနုပညာဆိုင်ရာ စွမ်းဆောင်မှုများအပေါ် မူတည်၍ အကြောင်းအမျိုးမျိုး ခေါင်းစဉ်အသွယ်သွယ်ဖြင့် ပြုလုပ်လေ့ရှိ၏။

လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအသီးသီးတို့က အမည်နာမအစုံစုံဖြင့် ပေးအပ်လေ့ရှိပြီး ကမ္ဘာ့ပြည်သူများက တန်ဖိုးထားကြသည့် ဆုများ ရှိသကဲ့သို့ မထင်ရှားလှသော ဆုများလည်းရှိ၏။ ဆုရရှိသူများက အားရဝမ်းသာဖြစ်ရ၊ ဂုဏ်တက်ရသည့် ဆုများရှိသည်ကဲ့သို့ ဆုရရှိသူများ က ဆုရွေးချယ်မှု အနေအထားအမျိုးမျိုးပေါ်မူတည်ကာ ငြင်းဆန်ကြ၊ မလိုချင်ကြသည့် နမူနာများလည်းရှိ၏။

ပါလီမန်ဒီမိုကရေစီခေတ်က ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်သည့်အခါ အလင်္ကာကျော်စွာဘွဲ့၏ ဂုဏ်မြင့်မားသွားခဲ့သော်လည်း နောက်နောင်တွင် အခြားသော အနုပညာနယ်ပယ်မှ ထင်ရှားသူများအား ထိုအလင်္ကာ ကျော်စွာဘွဲ့ ချီးမြှင့်သည့်အခါ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို ရိုသေလေးစားကြသူများမှာ ဆရာကြီးအတွက် ဝမ်းနည်းစိတ်မကောင်း ဖြစ်ကြရသည်။ အနုပညာ နယ်ပယ်ကသူများရရှိခြင်းကို မကျေနပ်ခြင်း မဟုတ်။ ဆရာကြီးရရှိသည့် ဘွဲ့နှင့် တန်းတူညီမျှပေးမည်ဆိုလျှင် မည်သို့သောသူများကမှ ဆရာကြီးနှင့် တန်းတူညီမျှသည့် ဂုဏ်သိက္ခာရစရာမရှိဟု ပြည်သူတို့က ယုံကြည်ကြခြင်း ဖြစ်လေသည်။

အနုပညာနယ်ပယ်မှ မည်သို့သော ပုဂ္ဂိုလ်ကျော်များပင် ဖြစ်စေကာမူ ဆရာကြီးနှင့် တန်းတူသည့် ဘွဲ့ထူးဂုဏ်ထူးများနှင့် ထိုက်တန်လောက်စရာမရှိ။ ထိုဘွဲ့ထူးဂုဏ်ထူး ရရှိသူများအတွက် ဂုဏ်တက်စရာဘွဲ့ ဖြစ်ကောင်းဖြစ်မည်ဖြစ်သော်လည်း ဆရာကြီးနှင့် ဂုဏ်ရည်တူဖြစ်စရာ အကြောင်းမရှိ ဘွဲ့ထူးဂုဏ်ထူးဆိုသည်မှာ သူ၏ သီးခြားတန်ဖိုးတစ်ခုရှိသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ ဥပမာအားဖြင့် တစ်ခေတ်တစ်ခါက ရန်ကုန်တက္ကသိုလ်ကရရှိသည့် ဘွဲ့ဆိုလျှင် ကမ္ဘာ့နိုင်ငံများက အသိအမှတ်ပြုကြ သည်။ သို့သော်လည်း နောက်ပိုင်းတွင် တက္ကသိုလ်ဘွဲ့များ၏ တန်ဖိုးကျဆင်းလာသဖြင့် ထိုဘွဲ့များကို စနစ်တကျ သေချာကျနစွာ စိစစ်ပေးအပ်သည်ဟု မယုံကြည်ကြတော့သည့်အခါ မြန်မာနိုင်ငံက ဘွဲ့များကို နိုင်ငံတကာက အလွယ်တကူ လက်မခံကြတော့သည့် အခြေသို့ ဆိုက်ခဲ့ရသည်။

အနှီဘွဲ့ရများအားလုံးကို အရည်အချင်းမပြည့်မီဟု ဆိုလိုခြင်းမဟုတ်သော်လည်း ကျောင်းကအသိအမှတ်ပြုသည့် စံကိုပြည့်သည် ဟူ၍ မယူဆတော့ဘဲ ယေဘုယျအားဖြင့် အသိအမှတ်မပြုဟု သတ်မှတ်လာကြခြင်းဖြစ်၏။

ထို့ကြောင့် ဘွဲ့တစ်ခု၊ ဆုတစ်ခု၏ တန်ဖိုးနှင့် ဂုဏ်သိက္ခာဟူသည်မ ည်သူတို့ပါဝင်သည့် မည်သည့်အဖွဲ့အစည်းက ပေးသည်လဲ၊ ဆုငွေတန်ဖိုး မည်မျှ များပြားသည်လဲ ဆိုသည်တို့က အရေးပါသည်ဟု ယေဘုယျအားဖြင့် ရှုမြင်ကြလေ့ရှိသော်လည်း ယင်းထက် ပိုမိုနက်နဲသည့် နောက်ခံအကြောင်းများက ရှိသည်ဟု ဆိုရပါမည်။ ထိုဘွဲ့ထူးဂုဏ်ထူး ဆုထူးကို မည်သူတို့က မည်ကဲ့သို့သောမူ၊ မည်ကဲ့သို့သော စံများဖြင့် စိစစ်ရွေးချယ်သလဲ။ ထို့ပြင်မည်သူတွေက အဆိုပါဆုကိုရကြသလဲ ဆိုသည်ကိုပါ အလေးတယူပြု ဆန်းစစ်ရန် ရှိလာပါသည်။

အမှန်တကယ်က ဤဘွဲ့၊ ဤဆု၊ ဤဂုဏ်ထူးကို မည်သူတွေ ရသလဲဆိုသည်က အရေးပါပါသည်။ ထိုကျောင်းမှ ထိုဘွဲ့ရလာ သူ၊ ထိုအဖွဲ့အစည်းမှ ထိုဂုဏ်ထူးရလာသူ စသူတို့သည် မည်မျှလောက် ထိုဆုနှင့် ထိုက်တန်၏ ဆိုသည်ကို တန်ဖိုးဖြတ်သူတို့က အကဲဖြတ်နေကြသည်။ ထို့ကြောင့်ပင်နိုဘယ်ဆု၊ ပူလစ်ဇာဆု၊ ပရစ်ဇ်ကာဆု စသည့်ဆုတို့၏ ဂုဏ်ကို မြင့်မားသည်ထက် မြင့်မားလာစေသည်မှာ ထိုဆုကို မည်သူပေးသလဲဆိုသည်ထက် မည်သူတို့ရကြသလဲ ဟူသည့်အပေါ်တွင် တည်မှီလာခြင်း ဖြစ်ပါသည်။

ဆိုလိုသည်မှာ ဆု၊ ဘွဲ့တို့၏ ဂုဏ်သိက္ခာဆိုသည်မှာ ရသင့်ရထိုက်သော ဆုရရှိသူများကြောင့် ပိုမိုမြင့်မားလာရသည် ဟူ၍ပါ။ ဥပမာအားဖြင့်ဆိုလျှင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါရဂူဘွဲ့များ ချီးမြှင့်ခံရသည့် လယ်တီဆရာတော်၊ ဆရာကြီးဦးလင်း စသူတို့ကြောင့် ဆရာတော်နှင့် ဆရာကြီးများထက် ရန်ကုန်တက္ကသိုလ်၏ဂုဏ် ပိုမိုမြင့်မားရခဲ့ခြင်းပါ။

လောကနိယာမအရ ဆုရထိုက်သူများဟုဆိုလျှင် ထိုပုဂ္ဂိုလ်တို့ သည်ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဂုဏ်၊ သိက္ခာတို့က ရှိပြီးသားဖြစ်ပါ၏။ ဆုရထိုက်သူ၊ ဘွဲ့ရထိုက်သူ၊ ဂုဏ်ထူးရသင့်သူကို မှန်မှန်ကန်ကန် ရွေးချယ်ပေးခြင်းဖြင့်သာ ဆုပေးအပ်သည့် အဖွဲ့အစည်းတို့သည် လည်းကောင်း၊ ထိုဆု၏ အမည်နှင့် ဂုဏ်သတင်းတို့သည်လည်းကောင်း၊ တန်ဖိုးနှင့်ဂုဏ်သိက္ခာ ပိုမိုမြင့်တက်လာမည်ဖြစ်သည်ဟု ယူဆမိပါကြောင်း။    ။