ဂျူပီတာဂြိုဟ်ဘေးတွင် ဂြိုဟ်အရံ ၁၂ စင်းထပ်မံ တွေ့ရှိ

၁၈ ဇူလိုင်

 

နေအဖွဲ့အစည်းအတွင်းမှာ အရံဂြိုဟ်အများဆုံး ဂြိုဟ်အဖြစ် ဂျူပီတာဂြိုဟ်ရဲ့ ဘေးမှာ အရံဂြိုဟ် အသစ် ၁၂ စင်းကို ထပ်မံတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က နက္ခတ္တဗေဒ ပညာရှင်များ၏ အတည်ပြုချက်အရ သိရသည်။

 

လက်ရှိအချိန်တွင် ဂျူပီတာဂြိုဟ်ပတ်လည်တွင် အရံဂြိုဟ် ၇၉ စင်းထိရှိနေပြီး အသစ်တွေ့ရှိထားသည့် အရံဂြိုဟ်များအနက် ဂြိုဟ်သိမ်တစ်ခု၏ အရွယ်အစားမှာ အချင်း တစ်မိုင်ခွဲ ( တစ်ကီလိုမီတာ ) သာရှိကြောင်းသိရသည်။ 

 

 

အဆိုပါ ဂြိုဟ်သိမ်ကို ဂျူပီတာဂြိုဟ်၏ အသေးဆုံးလအဖြစ် သတ်မှတ်ထားပြီး ၎င်း၏ ပတ်လမ်းအတွင်းမှ ဂျူပီတာဂြိုဟ်ကို တစ်ပတ်အပြည့်ပတ်နိုင်ရန် အချိန်တစ်နှစ် ကြာကြောင်း၊ ဂြိုဟ်သိမ်ပတ်လမ်းသည် စောင်းလျက်အနေအထားဖြင့် ဂျူပီတာဂြိုဟ်နှင့် ပြောင်းပြန်လည်ပတ်နေပြီး ၎င်းအခြေအနေသည် တည်ငြိမ်မှုမရှိကြောင်း Carnegie သိပ္ပံရပ်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီ Scott Sheppard ၏ ပြောကြားချက်အရ သိရသည်။

 

“ဂြိုဟ်သိမ်ရဲ့ လည်ပတ်ပုံကြောင့် အခြားဂြိုဟ်တွေနဲ့ တိုက်မိရင် အစိတ်အပိုင်းတွေ ချက်ချင်း ပြန့်ကျဲသွားနိုင်တယ်။ ကြီးမားတဲ့ ထုထည်ကနေ သေးငယ်တဲ့အစိုင်အခဲတွေအဖြစ်လည်း ပြိုကွဲသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ဂြိုဟ်သိမ်၏ အမည်အား ဂျူပီတာ နတ်ဘုရား မြစ်ဖြစ်သူ ကျန်းမာရေးနတ်သမီး Valetudo ၏ အမည် ပေးထားကြောင်း သိရသည်။

 

 

အဆိုပါ ဂြိုဟ်သိမ်နှင့်အတူ တွေ့ရှိရသည့် အခြား ဂြိုဟ်ရံ နှစ်စင်းသည် ဂျူပီတာဂြိုဟ်၏ အနောက်မှ အရှေ့သို့ ပုံမှန်အတိုင်း လည်ပတ်လျက်ရှိနေပြီး ကမ္ဘာဂြိုဟ်၏ လည်ပတ်ပုံနှင့် တူညီကြောင်း သိရသည်။ 

 

အသစ်တွေ့ရှိထားသည့် ဂြိုဟ်အရံများအနက် အတွင်းပိုင်းကျသည့် ဂြိုဟ်ရံသည် ဂျူပီတာဂြိုဟ်အား တစ်ပတ် ပတ်နိုင်ရန်  ၁ နှစ်ကြာပြီး အပြင်ဘက်ဆုံးကျသည့် ဂြိုဟ်ရံသည် ၂ နှစ်ကြာကြောင်း သိရသည်။ အဆိုပါ ဂြိုဟ်အရံ အသစ် ၁၂ စင်းကို ၂၀၁၇ ခုနှစ်ကတည်းက ချီလီနှင့် အမေရိကန်ရှိ အဝေးကြည့် မှန်ပြောင်းများမှတစ်ဆင့် ခြေရာခံမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဂြိုဟ်ပတ်လမ်းများကို အတည်ပြုနိုင်ရန် တစ်နှစ်အချိန်ယူခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

SMZaw (MDN)
ကိုးကား - AFP