ဇွဲမလျှော့ခဲ့သော မိခင်နှင့် ၃၂ နှစ်ကြာ ရှာဖွေခဲ့ရသည့် သား

ခြူးစန္ဒီနွေး

စိတ်ချမ်းမြေ့ဖွယ်လည်းဖြစ်သလို အံ့ဩစရာလည်းကောင်းတဲ့ သတင်းတစ်ပုဒ် ကို ဆင်ဟွာ သတင်းကနေ ဖတ်လိုက်ရပါတယ်။ အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၂ နှစ်က ပြန်ပေးဆွဲခံရပြီး မိဘအရင်းတွေနဲ့ ကွဲကွာခဲ့ရတဲ့ကလေး ဟာ ယနေ့အချိန်မှာတော့ မိဘအရင်းတွေနဲ့ ပြန်လည်ပေါင်းစည်းခွင့်ရသွားပြီဆိုတဲ့ သတင်းပါပဲ။
နှစ်နှစ်ကျော်အရွယ်မှာ ပြန်ပေးဆွဲခံရ
အံ့ဩဖို့ကောင်းတာက ဆယ်စုနှစ် သုံးစုနီးပါးကြာအောင် ရှာမတွေ့ခဲ့တဲ့ ကလေးကို ယနေ့နည်းပညာတွေ တိုးတက်လာတဲ့ခေတ်ကြီးမှာ မျက်နှာအသွင် အပြင်ကိုမှတ်မိတဲ့ ဆော့ဖ်ဝဲကနေတစ်ဆင့် ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ အချက် ကြောင့်ပါပဲ။ မော်ရင်လို့ခေါ်တဲ့ ကလေးတစ်ယောက်ဟာ ၁၉၈၈ ခုနှစ်တုန်းက နှစ်နှစ်ကျော်အရွယ်မှာ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ တရုတ်နိုင်ငံ ရှန်စီ ပြည်နယ် ရှီအန်းမြို့ ဟိုတယ်အပြင်ဘက်မှာ ရှိနေစဉ် ခေါ်ဆောင်သွားခြင်း ခံလိုက်ရတာပါ။ အဲဒီနောက်မှာတော့ ပြန်ပေးသမားတွေဟာ ကလေးငယ်ကို အိမ်နီးချင်းပြည်နယ်တစ်ခုဖြစ်တဲ့ စီချွမ်းပြည်နယ်က ကလေးမရတဲ့ စုံတွဲ တစ်တွဲဆီမှာ ရောင်းချလိုက်ပါတယ်။ အာဏာပိုင်တွေကတော့ အဲဒီကလေးကို ပထမဆုံး ပြန်ပေးဆွဲသွားသူတွေကို ဆက်လက်စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။


ဆော့ဖ်ဝဲအသုံးပြုရှာဖွေ
မော်ရဲ့ မွေးစားမိဘတွေအကြောင်းကိုတော့ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ မွေးစားမိဘတွေ လက်ထဲရောက်တဲ့အခါမှာတော့ အဲဒီကလေးကို ဂူနင်နင်လို့ ပြောင်းလဲအမည်ပေးခဲ့ပါတယ်။ ဒီကလေးဟာ ဆယ်စုနှစ်သုံးစုကြာ မိဘအရင်းတွေက သူ့ကိုရှာဖွေနေတယ်ဆိုတာကို မသိရဘဲ ရှင်သန်နေထိုင် ခဲ့ရပါတယ်။ ဧပြီလနှောင်းပိုင်းမှာတော့ ရှီအန်းမြို့က ရဲတွေက ၁၉၈၀ ပြည့်နှစ် တွေက လူတစ်ယောက်ဟာ ရှန်စီပြည်နယ်က ကလေးတစ်ယောက်ကို စီချွမ်း ပြည်နယ်ဆီ ခေါ်ဆောင်လာခဲ့ဖူးတယ်ဆိုတဲ့သတင်း ရရှိခဲ့တယ်လို့ ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။ ရဲတွေဟာ မျက်နှာပုံပန်းသွင်ပြင်ကို မှတ်မိတဲ့ ဆော့ဖ်ဝဲကို အသုံးပြုပြီးတော့ မော်ရဲ့ကလေးဘဝက ဓာတ်ပုံကို ခွဲခြမ်း စိတ်ဖြာမှုတွေ၊ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါတယ်။


နောက်ဆုံးတော့ရှာတွေ့ပြီ
အဲဒီနောက်မှာတော့ မော်ရဲ့အရွယ်ရောက်ပြီးသားပုံရိပ်ကို ဖန်တီးရယူခဲ့ ပါတယ်။ နောက်ပြီး အမျိုးသားအဆင့် သိမ်းဆည်းထားတဲ့အချက်အလက်တွေ ထဲက ပုံတွေနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှု အဆင့်ဆင့်နဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ရဲတွေဟာ မြန်ယောင်းမြို့က လူတစ်ယောက်ဟာ မော်နဲ့ရုပ်ချင်းဆင်နေတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် ရဲတွေဟာ အလွတ်မပေးဘဲ ဆက်လက်ခြေရာခံလိုက်ရာမှာ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်က ပျောက်သွားတဲ့ကလေးဆိုတာ စစ်ဆေးတွေ့ရှိခဲ့ပါ တယ်။ ဒီအင်န်အေစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


မိခင်ဖြစ်သူရဲ့အပျော်
ဒါတွေအားလုံး ပြုလုပ်ပြီးသွားတဲ့နောက်မှာတော့ မော်ဟာ မိရင်းဖရင်း တွေနဲ့ ပြန်လည်တွေ့ဆုံခွင့် ရသွားပါပြီ။ ရှီအန်းရဲဌာနက မေ ၁၈ ရက်မှာ ပြုလုပ်ပေးတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ မော်ဟာ သူ့ကို မွေးထုတ်ပေးထားတဲ့ မိဘအရင်းတွေနဲ့အတူ တွေ့ဆုံခွင့်ရခဲ့ပါ တယ်။ မိသားစုသုံးဦး ပြန်လည်တွေ့ဆုံတဲ့အခါမှာတော့ အချင်းချင်းပွေ့ဖက် ငိုယိုနေခဲ့ကြတာကို စီစီတီဗွီသတင်းဌာနက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါ တယ်။ မော်ရဲ့မိဘအရင်းတွေအတွက်ကတော့ ဒီတစ်ခါကျရတဲ့ မျက်ရည်က တော့ ပျော်လွန်းလို့ကျရတဲ့ မျက်ရည်ဖြစ်မှာ အသေအချာပါပဲ။ မိခင်အရင်း ဖြစ်သူ လီကျင်းဇီကတော့ သားဖြစ်သူကို နောက်တစ်ခါ သူ့ရှေ့ကနေ ပျောက် သွားတာမျိုး မလိုချင်တော့ဘူးလို့ ပြောပါတယ်။ အမေတို့ ဒီထက်ပိုပြီး ခွဲမနေ နိုင်တော့ဘူးလို့ သားဖြစ်သူကို တင်းတင်းပွေ့ဖက်ရင်း ပြောတဲ့စကားဟာ ကြည့်ရှုသူအပေါင်းကို မျက်ရည်လည်စေခဲ့ပါတယ်။


ဇွဲမလျှော့ခဲ့တဲ့မိခင်
မော်ဟာလည်း ယခုအချိန်မှာ စီချွမ်းပြည်နယ်မှာ အိမ်အလှပြင်ဆင်ရေး လုပ်ငန်း လုပ်ကိုင်ပါတယ်။ အခုအခါမှာတော့ မိဘအရင်းတွေနဲ့အတူ နေနိုင်ဖို့ရာ ရှီအန်းမြို့မှာပဲ ပြောင်းရွှေ့နေထိုင်တော့မယ်လို့ သိရပါတယ်။ မိခင်ဖြစ်သူလီဟာ သားပျောက်သွားတဲ့အချိန်တုန်းက ဘယ်လောက်တောင်ခံစားရမလဲဆိုတာ ကလေးရှိတဲ့ မိဘတိုင်း ကိုယ်ချင်းစာနိုင်ကြမှာပါပဲ။ လီဟာ သူ့ရဲ့သားပျောက်ဆုံး သွားတဲ့နောက် အလုပ်ကနေထွက်လိုက်ပါတယ်။ အဲဒီနောက်သားဖြစ်သူကို ရှာဖွေတဲ့အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပါတယ်။ အချိန်ကာလ တွေ ကြာမြင့်ခဲ့ပေမယ့် မိခင်ဖြစ်သူဟာ ဇွဲမလျှော့ခဲ့ပါဘူး။ လူပျောက်ကြေညာ တွေ ၁၀၀၀၀၀ ကျော် ဖြန့်ဝေခဲ့ပြီး ပျောက်ဆုံးနေသူကို ရှာဖွေတဲ့ ရုပ်သံအစီအစဉ် ပေါင်းများစွာမှာလည်း လီဟာ ပါဝင်ခဲ့ပါတယ်။


စေတနာ့ဝန်ထမ်းဖြစ်လာ
ဒီလိုနဲ့လီဟာ အခြားသော ပျောက်ဆုံးနေတဲ့ကလေးတွေကို ကူညီရှာဖွေပေး ရေးမှာ စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် ပါဝင်လာပါတယ်။ ဘာလို့လဲဆိုတာ့ သူ့လိုပဲ ခံစားနေရတဲ့မိဘတွေကို ကိုယ်ချင်းစာလို့ပါပဲ။ သူဟာ ပျောက်နေတဲ့ ကလေးငယ်တွေရဲ့သတင်းအချက်အလက်တွေကို ကူညီရှာဖွေပေးတယ်။ လီရဲ့ ကူညီပေးမှုကြောင့် ပြန်လည်ပေါင်းစည်းခွင့်ရသွားတဲ့ မိသားစုအရေအတွက်ဟာ ၂၉ စုအထိ ရှိပါတယ်။ နောက်ထပ်ထူးဆန်းတဲ့အချက်လည်း ရှိပါသေးတယ်။


တီဗွီမှာမြင်ခဲ့ရသော်လည်းမမှတ်မိ
လီဟာ သားဖြစ်သူကိုရှာဖွေရေးအတွက် လူပျောက်ရှာတဲ့ ရုပ်သံအစီအစဉ် တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူပျောက်သွားတဲ့ကလေးဟာ ယောကျ်ားလေး ဖြစ်တယ်လို့ တီဗွီမှာပြောနေတာကို သူ့ရဲ့သားအရင်းဖြစ်တဲ့ မော်က ကြည့်လိုက် ရဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက တီဗွီမှာ ပြောနေတဲ့သူဟာ သူ့အမေ ပါလားလို့ မှတ်မိခဲ့ခြင်း မရှိပါဘူး။ အခုသားဖြစ်သူနဲ့ ပြန်တွေ့ခွင့်ရတဲ့အခါမှာ တော့ မိခင်ဖြစ်သူလီဟာ သူ့ကိုကူညီခဲ့သူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး တင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ တကယ်ဆိုရင် နှစ်နှစ်ခွဲအရွယ်ကတည်းက ပျောက်သွားတဲ့ကလေးကို ပြန်တွေ့ဖို့ဆိုတာ တကယ့်ကို မလွယ်ကူတဲ့ကိစ္စပါပဲ။


ရဲတွေရဲ့ကြိုးပမ်းပေးမှု
လီရဲ့သားဖြစ်သူကို ရှာဖွေပေးဖို့ ရဲတွေလည်း တော်တော်လေး အားစိုက် ထုတ်ခဲ့ကြတာပါ။ ဒီနှစ်ပိုင်းတွေအတွင်းမှာ ရဲတွေဟာ ပြည်နယ်ပေါင်း ၁၀ ခုကျော်ကို သွားပြီးတော့ ပျောက်ဆုံးနေတဲ့ကလေးကို ရှာဖွေပေးခဲ့ကြပါတယ်။


ကလေးပျောက်သူတွေအတွက်အားထားရာ ဝက်ဘ်ဆိုက်
နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံမှာ ကလေးတွေ ဘယ်လောက်များများ ပျောက်နေသလဲဆိုတာ တရားဝင်အချက်အလက်တွေ မရှိသေးပါဘူး။ Baby Come Home လို့ အမည်ပေးထားတဲ့ဝက်ဘ်ဆိုက်ဟာ ကလေးပျောက်သွားတဲ့ မိဘတွေအတွက် အားထားရာ၊ လူပျောက်ရှာဖွေရာ ဝက်ဘ်ဆိုက်တစ်ခုဖြစ်လာခဲ့ ပါတယ်။ ကလေးပျောက်နေတဲ့မိဘတွေဟာ အဲဒီဝက်ဘ်ဆိုက်ကနေတစ်ဆင့် လူပျောက်ကြေညာကြပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၀၉ ခုနှစ်မှာတော့ ဒီအင်န် အေ အချက်အလက် စုဆောင်းမှုပြုလုပ်ခဲ့ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကနေ တစ်တိုင်းပြည်လုံးအနှံ့ ဒီအင်န်အေအချက်အလက်စုဆောင်းမှုဌာနတွေ ထူထောင်ပေးခဲ့တယ်။ အဲဒီလိုလုပ်ပေးပြီးတဲ့ နောက်ပိုင်း ပြန်ပေးဆွဲခံရတဲ့ ကလေးပေါင်း ၆၃၀ဝ ဟာ မိသားစုနဲ့ ပြန်လည် ပေါင်းစည်းခွင့်ရခဲ့တယ်ဆိုတာကို ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။


ကြည်နူးဖွယ်ရာသတင်း
မော်ကို ပြန်ပေးဆွဲခဲ့သူတွေကိုတော့ ရဲတွေက ဆက်လက်စုံစမ်းဆဲပါပဲ။ ကိုဗစ်- ၁၉ကြောင့် လူတွေ စိတ်ဓာတ်ကျနေရတဲ့အချိန် လီတစ်ယောက် သူနှစ်ပေါင်းများစွာ ရှာဖွေနေတဲ့သားကို ပြန်တွေ့ခွင့်ရတဲ့ သတင်းဟာ ကြည်နူး ဖွယ်ရာသတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ ။

ကိုးကား - ဆင်ဟွာ