ဈေးကွက်အတွင်း အသစ်ထပ်မံဝင်ရောက်လာတော့မည့် MID RANGE, FLAGSHIP စမတ်ဖုန်းများ

One Plus 6

ယခုလ ၂၂ ရက်တွင် စတင်ရောင်းချပေးသွားမည်ဟု ကြေညာချက်နှင့်အတူ မိတ်ဆက်ပွဲအခမ်းအနားကိုလည်း ပြုလုပ်ခဲ့ပြီး Flagship စမတ်ဖုန်းအမျိုးအစားတစ်ခုဖြစ်ကာ ကင်မရာစွမ်းဆောင်ရည်အားသာချက်များနှင့်အတူ ဈေးကွက်အတွင်း ဝင်ရောက်လာတော့မည်ဖြစ်သည်။ One Plus 6 အမှတ် တံဆိပ်စမတ်ဖုန်းများသည် ကောင်းမွန်သည့်လုပ်ဆောင်ချက်များနှင့် ထူးခြားသည့်နည်းပညာများပါဝင်ခြင်းကြောင့် ဈေးကွက်အတွင်း နေရာတစ်ခုခိုင်မာလာပြီဖြစ်ပြီး အလယ်အလတ်တန်းစား တန်ဖိုးပေးရသော စမတ်ဖုန်းအမျိုးအစားများဖြစ်သည်။

ပါဝင်သည့်အချက်အလက်အချို့မှာ မျက်နှာပြင်ကျယ်ပြန့်သည့်စမတ်ဖုန်းဖြစ်ပြီး ၆ ဒသမ ၂၈ လက်မမျက်နှာပြင် အကျယ်တွင် ၁၉း၉ အချိုးဖြင့် နေရာယူထားပြီး Corning Gorilla 5 ဖြင့်ကာကွယ်ထားကာ ဖန်သားစစ်စစ်နှင့် အလူမီနီယံသတ္တုပေါင်းစပ် ဖန်တီးထားသည့် ကိုယ်ထည်ဖြစ်သည်။ Core SDM845 Snapdragon ပရိုဆက်ဆာ၊ Android 8.1 လည်ပတ်မှု စနစ်၊ Adreno ဂရပ်ဖစ်ပရိုဆက်ဆာတို့ မောင်းနှင်လည်ပတ်မည်ဖြစ်ကာ RAM 8 GBနှင့် 6 GB အမျိုးအစားနှစ်မျိုးဖြစ်ပြီး သိုလှောင် သိမ်းဆည်းမှုအတွက် 64GB,128GB,256GB အမျိုးအစားများရွေးချယ်နိုင်ပြီး ဖုန်း၏စွမ်းဆောင်ရည်နှင့်လုပ်ဆောင်မှုများကို ၄င်းတို့ကထပ်မံအထောက်အပံ့ပေးထားသည်။

ထူးခြားသည့် ကင်မရာစွမ်းဆောင်ရည်ဖြစ်သော ကျောဘက်အဓိကကင်မရာမှာ 16MP ပမာဏတပ်ဆင်ပေးထားပြီး 4K အရည်အသွေးရှိသော ရုပ်သံများရိုက်ကူးနိုင်မည်ဖြစ်ကာ ထပ်မံ၍ 20MP ပမာဏရှိသော ကျောဘက်ကင်မရာတစ်လုံး တပ်ဆင်ထားပေးသည်။ အရှေ့ဘက်မျက်နှာပြင်တွင် Notch ပါဝင်ပြီး 16MP Selfie ကင်မရာထည့်သွင်းပေးထားကာ မျက်နှာဖတ်စနစ်ဖြင့် ဖုန်းကိုသုည ဒသမ ၄ စက္ကန့်အတွင်း Unlock ပြုလုပ်နိုင်ပြီး AI နည်းပညာများလည်း ထည့်သွင်းပေးထားသောကြောင့် လှပသည့်ဓာတ်ပုံများကိုယ်တိုင်ရိုက်ကူးနိုင်မည်ဖြစ်သည်။ Li-Po 3300 mAh ဘက်ထရီ ထည့်သွင်းပေးထားပြီး အရောင်သုံးမျိုးရရှိနိုင်ကာ တန်ဖိုးအမြင့်ဆုံးအမျိုးအစားကို ဒေါ်လာ ၆၃၀ ဖြင့် စတင်ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

Oppo Realme1

တန်ဖိုးသင့် မျက်နှာပြင်ကျယ်နှင့် ကင်မရာလုပ်ဆောင်ချက်ကောင်းမွန်မှု များပါဝင်သည့် စမတ်ဖုန်းတစ်မျိုးကို ယခုလ ၂၅ ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း Oppo က တရားဝင်ထုတ်ပြန်ကြေညာလိုက်သည်ဟုသိရသည်။ တန်ဖိုးသက်သာမည်ဖြစ်သောကြောင့် ဖုန်းအတွင်း လုပ်ဆောင်ချက်အချို့အား အနည်းငယ်လျှော့ချကာ AI နည်းပညာ စနစ်များစွာကို ပံ့ပိုးပေးထားသည်ဟု Oppo မှ ကြေညာထားသော စမတ်ဖုန်းမှာ Oppo Realme1 ဟု အမည်ပေးထားကြောင်း သိရသည်။

ခြောက်လက်မအရွယ်မျက်နှာပြင်နှင့် ကျောဘက်ကိုယ်ထည် ဒီဇိုင်းထူးခြားမှုရှိပြီး ကျောဘက် 13MP ကင်မရာနှင့် အရှေ့ဘက် 8MP ကင်မရာ တစ်လုံးစီသာတပ်ဆင်ပေးထားသည်။ ထူးခြားချက်အဖြစ် AI နည်းပညာစနစ်များစွာ အထောက်အပံ့အဖြစ်ထည့်သွင်းပေးထားပြီး မျက်နှာဖတ်စနစ်၊ Beauty Mode, Portrait Mode ကဲ့သို့ လှပသည့် ဓာတ်ပုံဖန်တီးမှုများစွာ လုပ်ဆောင်နိုင်ပြီး Qcta-Core MT6771 Helio P60 ပရိုဆက်ဆာ၊ Android လည်ပတ်မှုစနစ်၊ Mali-G72 MP3 ဂရပ်မစ်ပရိုဆက်ဆာနှင့် RAM 3GB, 4GB, 6GB သုံးမျိုးထုတ်လုပ်ထားပြီး သိုလှောင်သိမ်းဆည်းမှုအတွက်လည်း 32GB, 64GB, 128GB သုံးမျိုးရရှိနိုင်ကာ Micro SD 256GB အထိ ထပ်မံထည့်သွင်း အသုံးပြုနိုင်မည်ဟု သိရသည်။ ဘက်ထရီပမာဏ 3410 mAh ပမာဏပါဝင်ကာ အရောင်သုံးမျိုးရွေးချယ်နိုင်ပြီး အမြင့်ဆုံးတန်ဖိုး ယူရို ၁၇၀ ဝန်းကျင်တွင် စတင်ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။

Samsung Galaxy A8 Star, A8 Lite

ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်းရောင်းအားအကောင်းဆုံး Samsung အမှတ် တံဆိပ်သည် Mid Range အမျိုးအစား စမတ်ဖုန်းနှစ်မျိုးကို ယခုလ ၂၁ ရက်တွင် မိတ်ဆက်ပေးသွားနိုင်ဖွယ်ရှိကြောင်းသတင်းများထွက်ပေါ်နေခဲ့ပြီး ၄င်းစမတ်ဖုန်းနှစ်မျိုးတွင် ပါဝင်သည့်အချက်အလက်များလည်း ပေါက်ကြားထွက်ပေါ်လာခဲ့သည်။ ၆ ဒသမ ၂၈ လက်မ မျက်နှာပြင်အကျယ်နှင့် Snapdragon 6 60 SoC ပရိုဆက်ဆာ၊ Android လည်ပတ်မှုစနစ်၊ RAM 4 GB သိမ်းဆည်းမှုအတွက် 64 GB ပမာဏများနှင့် ထွက်ပေါ်လာနိုင်ဖွယ်ရှိသည့် Samsung Galaxy A8 Star  နှင့် Galaxy A8 Lite ဟုအမည်ရသော စမတ်ဖုန်းအမျိုးအစားနှစ်မျိုးကို Samsaung မှ မကြာခင်ရက်ပိုင်းတွင် မိတ်ဆက်ပေးသွားတော့မည်ဟု ခန့်မှန်းထားကြကြောင်း သိရသည်။

ကျောဘက်ကင်မရာ 16 MP +24 MP နှစ်လုံးနှင့် အရှေ့ဘက်ကင်မရာ 24 MP ပမာဏများ ထည့်သွင်းတပ်ဆင် ပေးထားနိုင်ဖွယ်ရှိပြီး ဘက်ထရီပိုင်း အတွက် လျင်မြန်သည့်အားသွင်းစနစ်နှင့် 3700 mAh ပမာဏအထိရှိသော ဘက်ထရီ ပါဝင်လာနိုင်ဖွယ်ရှိကာ တိကျသည့်ဈေးနှုန်းနှင့် အသေးစိတ်အချက် အလက်များကို မသိရှိရသေးဘဲ Samsaung မှ တစ်မျိုးချင်း သို့မဟုတ် နှစ်မျိုး တစ်ပြိုင်နက် မိတ်ဆက်ပေးသွားနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

ALEX