ဈေးကွက်လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ပြီး မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းကြရန်လိုအပ်

နေပြည်တော် မေ ၃

 

မျက်မှောက်ခေတ်၏ ပြောင်းလဲလာသော စားသောက်မှုပုံစံများနှင့်အတူ အသားစားသုံးမှု တိုးတက်လာသဖြင့် အသား ငါးလိုအပ်ချက် မြင့်မားလျက်ရှိကြောင်း၊ အခြားတစ်ဘက်တွင်လည်း လယ်ယာစိုက်ပျိုးရေးနိုင်ငံ ဖြစ်သည့်အားလျော်စွာ တိရစ္ဆာန်အစာရရှိနိုင်မှု အခြေခံကောင်းများလည်းရှိနေရာ မွေးမြူရေးကဏ္ဍ တိုးချဲ့ လုပ်ကိုင်နိုင်သည့် အခြေအနေကောင်းများရှိနေကြောင်း၊ ယင်းကဲ့သို့သော ဈေးကွက်လိုအပ်ချက်နှင့် ထုတ်လုပ်နိုင်မှု အခွင့် အလမ်းများကို အမိအရဆုပ်ကိုင် ကြိုးပမ်းကြရန် တိုက်တွန်းပါကြောင်း ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ MICT Park, အဆောင်(၁၂) ၌ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောကြားခဲ့သည်။

 

တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမြဟန် က ဈေးကွက်စီးပွားရေး စနစ်နှင့်အညီ မွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အသားထုတ်လုပ်မှု ကဏ္ဍ တိုးတက်ရေးအတွက်  သက်ဆိုင်သူများ အားလုံးပူးပေါင်းဆောင်ရွက်မည့် အစီအမံများကို လည်းကောင်း၊   မြန်မာနိုင်ငံ ကြက် ဘဲ မွေးမြူ ထုတ်လုပ်ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေး အစာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း၊ မြန်မာနိုင်ငံနို့လုပ်ငန်းအသင်း၊ မြန်မာနိုင်ငံ ဝက်မွေးမြူသူ များအသင်း၊ မြန်မာနိုင်ငံပျားလုပ်ငန်းအသင်း၊ တိရစ္ဆာန်ဆေးဝါး၊ လုပ်ငန်းသုံး ပစ္စည်းကိရိယာ ထုတ်လုပ်သူများ အသင်း နှင့် မြန်မာနိုင်ငံ ကျွဲ၊ နွား၊ သိုး၊ ဆိတ်မွေးမြူသူများသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။

 

တင်ပြချက်များကို ဒုတိယဝန်ကြီးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ ဒေသဝမ်းစာ ဖူလုံရေး၊ စီးပွားဖြစ် မွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရန်လိုအပ်နေမှု၊ မွေးမြူရေးကို အခြေခံသည့် ခေတ်မီ ကုန်ချော ထုတ်လုပ်မှု အားကောင်းလာစေရန် လုပ်ငန်းစဉ် ကွင်းဆက်တစ်လျှောက်တွင် ပါဝင်သူများ အားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တိရစ္ဆာန်အစာ စိုက်ပျိုး ကျွေးမွေးသည့် မွေးမြူရေးစနစ် ထွန်းကား လာစေရေးအတွက် အသေးစား မွေးမြူရေးလုပ်ကိုင်သူများနှင့် မွေးမြူရေးခြံ တည်ထောင် ဆောင်ရွက် လုပ်ကိုင် လိုသူများအား လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များ၊ မွေးမြူရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင် ယူနစ်အလိုက် မွေးမြူရေးဆောင်ရွက်ခြင်း စီမံချက်များ အကောင် အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ချက်များ၊ အစားအစာဘေးကင်းလုံခြုံရေး ၊ တိရစ္ဆာန်ကူးစက် ရောဂါများ ကို စဉ်ဆက်မပြတ် စောင့်ကြည့် ကြိုတင်ကာကွယ်ရေး လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် သာကေတမြို့ Grand Wynn Manufacturing ကုမ္ပဏီလီမိတက်၏ ရေထွက်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ကုန်ချောထုတ်လုပ်မှု အခြေအနေနှင့်  မိကျောင်းမွေးမြူရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး အားပေးကြသည်။     

                                                                                             

ထို့နောက် ဒုတိယဝန်ကြီးသည် သာကေတမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ပဋိဇီဝ ပိုးသတ်ဆေး ဓာတ်ကြွင်း နှင့် ဗိုင်းရပ်စ်ပိုးစစ်ဆေးရေး ဓာတ်ခွဲခန်း၏ ဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများ၊ အဏုစိပ်သရုပ်ခွဲခြင်းဆိုင်ရာ ဓာတ်ခွဲခန်းများ၊ နိုင်ငံတကာ တရားဝင် အသိအမှတ်ပြု ဓာတ်ခွဲခန်း ထောက်ခံချက် (ISO/IEC 17025;2017) Accreditation Comm ittee အား Testing Parameter (၁၆)မျိုးဖြင့် ဧပြီ ၂၁ ရက်မှ ၂၀၂၇ ခုနှစ် ဧပြီ ၂၀ ရက်အထိ လေးနှစ်ကြာ သက်တမ်းတိုးရရှိပြီးမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ဓာတ်ခွဲခန်း အဆင့် မြှင့်တင်ရေးဆိုင်ရာ အစီအမံများကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)