ဈေးကွက်သစ်များဖွင့် စီးပွားရေးမြှင့်တင်

၂၂ မတ်

မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် မျှတပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ဖန်တီးနိုင်ရေးအတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်။ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာ၌ ကုမ္ပဏီများဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် ပြဋ္ဌာန်းခြင်း၊ ဥပဒေနှင့် စည်းမျဉ်းမူဘောင်များ ခေတ်မီလာအောင် ဖန်တီးခြင်း၊ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့ စေရန်မြှင့်တင်ခြင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ချက်များ အားလုံးကို အထောက်အကူ ပြုနိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စွမ်းဆောင်ရည်ကို ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ အပြောင်းအလဲများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ယင်းပြုပြင်ပြောင်းလဲမှုများတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စွမ်းဆောင်ရည် ပိုမိုအားကောင်းလာအောင် ဆောင်ရွက်ရေး ကို မကြာသေးမီက ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ခဲ့ပြီး ယခုတစ်ဖန် ချင်းပြည်နယ်တွင် ဆောင်ရွက်ပြန်သည်။ ချင်းပြည်နယ် သည် မြန်မာနိုင်ငံအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု၌ အားနည်းသောဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသတွင် စီးပွားရေးကဏ္ဍ မြင့်မားတိုးတက်လာအောင် ဖော်ဆောင်နိုင်သည်မှာ ထူးခြားချက်ပင်ဖြစ်သည်။

မကြာသေးမီရက်ပိုင်းက ကျင်းပခဲ့သည့် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဒေသထွက်ကုန်ပြပွဲသည် ချင်းပြည်နယ်အတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ရည်ရွယ်ကျင်းပခဲ့ရာ ရလဒ်အနေဖြင့် ပြည်နယ်အတွင်း အမေရိကန်ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းလေးခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ချင်းပြည်နယ်သည် ပုံမှန်အားဖြင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်း နည်းပါးသောဒေသဟု ထင်မြင်နိုင်စရာရှိသော်လည်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်း၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း၊ ရေအားလျှပ်စစ်နှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း၊ အခြေခံ ရိုးရာလုပ်ငန်းများမှတစ်ဆင့် ကြီးမားသည့်စီမံကိန်းလုပ်ငန်းများအထိ ရင်းနှီးမြှုပ်နှံနိုင်သည့် အခွင့်အလမ်းများ ရှိနေပေသည်။ အထူးသဖြင့် ချင်းပြည်နယ်၏ ပထဝီအနေ အထားအရ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာ ကောင်းများရှိနေသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားတွင် မဟာဗျူဟာအရ အရေးပါသော ဈေးကွက်နေရာတစ်ခု ဖြစ်နေသည်။ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ ထိုင်းနိုင်ငံတို့အား ကုန်သွယ်ကူးသန်း ဖြတ်သန်းနိုင်သည့် လမ်းဆုံနေရာတွင် တည်ရှိနေသည်။ စီးပွားရေးအရ၊ လူဦးရေအရ အင်အားကြီးမားသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံကြီး နှစ်နိုင်ငံအကြားတွင်ရှိသည်။ လက်ရှိတွင် အရှေ့ဘက် စီးပွားရေးဈေးကွက်၌ အဓိကကူးသန်း ဆောင်ရွက်နေသည်မှာ တရုတ်နိုင်ငံဖြစ်သည်။

အနောက်ဘက် စီးပွားရေးတံခါးဖွင့်လှစ်နိုင်ရေး၌ အိန္ဒိယနိုင်ငံသည်အဓိကကျပြီး ချင်းပြည်နယ်သည် အရေးပါသည့် တံခါးပေါက်တစ်ခု ဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများနှင့်အတူ တရုတ်နှင့် အိန္ဒိယနိုင်ငံမှ လူဦးရေ ၃ ဒသမ ၅ ဘီလီယံကျော်ရှိသော စားသုံးသူဈေးကွက်ကြီးကို ကိုယ်စားပြုရာတွင် မြန်မာနိုင်ငံသည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။ အရှေ့ဘက်နှင့် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုကဏ္ဍမှာ အရှိန်အဟုန်ရနေပြီး အနောက်ဘက်ဈေးကွက်ကို တိုးချဲ့ ဖွင့်လှစ်နိုင်ရေးအတွက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို အားကိုးအားထားပြုရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာ့ဈေးကွက်၏ ဆက်စပ်မှုသည် အနာဂတ်ကာလတွင်ထူးခြားထင်ရှားသည့် ဈေးကွက် သစ်များဖြင့် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လာနိုင်သည်ဖြစ်၍ အနောက်ဘက်ဈေးကွက်ကို ဖွင့်လှစ် ပေးမည့်ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် စီးပွားရေးကဏ္ဍသစ် တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။     ။