ဇန်နဝါရီ ၁၁ ရက်တွင် ရုံတင်ပြသမည့် ဟောက်စား ရုပ်ရှင်ဇာတ်ကားအထူးပွဲပြသ

ရန်ကုန် ၈ ဇန်နဝါရီ 

 

ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားသည့် ဟောက်စားရုပ်ရှင်ဇာတ်ကား အထူးပွဲကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ရှိ သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံ၌ ပြသခဲ့သည်။

 

ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူကိုဘိုဆန်း (Bo Bo ရုပ်ရှင်ထုတ်လုပ်ရေး)က “ဒီဟောက်စား ဇာတ်ကားကို ဇာတ်လမ်းရေးဆရာ ကိုနတ်စောင်းက လာပြတယ်။ ဇာတ်ညွှန်းကို သက်ဦးမောင်က ဇာတ်ညွှန်းတွဲပြီး ကျွန်တော်ရယ်၊ ကိုမြင့်မြတ်ရယ်၊ ကိုကျော်ကျော်ဗိုလ်တို့ပေါင်းပြီး ဟာသဇာတ်ကားလေး ရိုက်ဖြစ်ကြတယ်။ ဒီနှစ်ထဲမှာ ကျွန်တော့်ရဲ့ ပထမဆုံးဇာတ်ကားပါ။ ဒါရိုက်တာ ပြည့်ဟိန်းသီဟကလည်း အကောင်းဆုံး ရိုက်ထားပြီး ဟာသသရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ၂၀၁၉ ခုနှစ်အတွက် ဟာသဇာတ်ကားပါ။ နှစ်သစ်မှာ ပရိသတ်ပျော်ရွှင် စေမယ့်ဇာတ်ကားပါ။ ပညာပေးလည်းပါတယ်။ အဓိကကတော့ ဟာသပိုင်းပါ၊ ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင် ကိုမြင့်မြတ်၊ အိချောပို၊ ကျော်ကျော်ဗိုလ်နဲ့ သရုပ်ဆောင်ပေါင်းများစွာက အကောင်းဆုံးသရုပ်ဆောင် ထားပါတယ်။ 

 

ပရိသတ်တွေ နှစ်သစ်မှာလာရောက် ကြည့်ရှုအားပေးကြပါ”ဟု ပြောသည်။

 

သရုပ်ဆောင် ကျော်ကျော်ဗိုလ်က “ဒီဇာတ်ကားကို ရိုက်ကူးနေကျ နေရာမဟုတ်တဲ့ ကရင်ပြည်နယ် ဘားအံဘက်မှာ ပျော်ပျော်ပါးပါး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးပါ။ ပရိသတ်တွေအတွက် ပျော်ရွှင်မှုသက်သက် ဖန်တီးထားတဲ့ ဟာသဇာတ်ကားပါ။ ဟာသဇာတ်ပို့ ဇာတ်ရံများစွာ သရုပ်ဆောင်ထားပြီး ပရိတ်သတ်တွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်”ဟု ပြောသည်။

 

သရုပ်ဆောင် အိချောပိုက အဆိုပါဇာတ်ကားတွင် သိုင်းဆရာကြီး ဦးခင်လှိုင်၏  ညီမအနေဖြင့် သရုပ်ဆောင်ထားကြောင်း၊  ပရိသတ်များ ရီရမည့်ဇာတ်ကားဖြစ်၍ အားပေးကြည့်ရှုကြရန် ဖိတ်ခေါ်ကြောင်း ပြောသည်။  

 

သရုပ်ဆောင် အကယ်ဒမီဝါဝါအောင်က “ဒီဇာတ်ကားမှာ ဂျိုကာရဲ့ အမေအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဂျိုကာကဆိုးလွန်းလို့ ထောင်ကပြန်လွတ်လာမယ့်နေ့မှာ ပြန်မလွတ်အောင် ယတြာချေထားပါတယ်။ ဟာသဇာတ်ကားပေမယ့် ပုံစံကတစ်မျိုးလေးပါ။   ပရိသတ်လက်ခံမယ့် တမူထူးခြားတဲ့ ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ လာရောက်ကြည့်ရှု အားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟုပြောသည်။

 

တက္ကသိုလ်ဂွမ်းပုံက “ဒီဇာတ်ကားမှာ အိချောပိုရဲ့ အဒေါ်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ကိုခင်လှိုင်က ရွာမှာ သိုင်းတော်တဲ့သူအဖြစ် သရုပ်ဆောင်ထားတယ်။ ဘားအံဘက်မှာ ရိုက်ထားတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကားမှာ မဂွမ်းတို့အနုပညာရှင်တွေ အားလုံးစုစုစည်းစည်းနဲ့ ကြိုးစားထားပါတယ်။ ပရိသတ်တွေကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ချင်ပါတယ်”ဟု ပြောသည်။

 

သရုပ်ဆောင် စိန်သီးက အဆိုပါဇာတ်ကားတွင် မိမိနှင့် ကိုအုန်းသီး ပူးတွဲ သရုပ်ဆောင်ထားကြောင်း၊ ပျော်စရာဇာတ်ကားလေးဖြစ်၍  ပရိသတ်များ ဤဇာတ်ကား လေးကြည့်ပြီး အမောအပန်းဖြေပါဟု ဆိုသည်။  

 

ဟောက်စားရုပ်ရှင်ဇာတ်ကားတွင် အကယ်ဒမီ မြင့်မြတ်၊ ကျော်ကျော်ဗိုလ်၊ အိချောပို၊ ခင်လှိုင်၊ ဂျိုကာ၊ တက္ကသိုလ်ဂွမ်းပုံတို့နှင့် အနုပညာရှင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားပြီး ဇန်နဝါရီ ၁၁ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသွားမည် ဖြစ်သည်။

 

သတင်း- ဥမ္မာသန့်၊ မီမီဖြိုး
ဓာတ်ပုံ- ပန်းသစ္စာ