ကြားဖြတ်ရွေးကောက်ပွဲအတွက် ခရိုင်အလိုက် ကွင်းဆင်းကြီးကြပ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များအား တာဝန်များ ခွဲဝေချထား

မန္တလေး  ၂၉  အောက်တိုဘာ 

 

လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လွတ်လပ်၍ တရားမျှတမှုရှိသော ရွေးကောက်ပွဲဖြစ်စေရန်နှင့် နိုင်ငံရေးပါတီများအား ကြီးကြပ်ရာတွင် ဥပဒေနှင့်အညီဖြစ်စေရေးအတွက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များအား ခရိုင်အလိုက်ကွင်းဆင်းကြီးကြပ်ရန် အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှိန်ဝင်းက အသေးစိတ်ရှင်းလင်း ပြောကြားကာ တာဝန်ခွဲဝေချထားပေးခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန် လိုအပ်သည့် လုပ်ငန်းအစီအစဉ်များအားလုံးကို အပြည့်အစုံ ပြင်ဆင်ထားရှိပြီးဖြစ်သည့်အပြင် ယခုရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ပြည်သူများ လွယ်ကူမြန်ဆန်စွာမဲပေးနိုင်ရန် မဲရုံအသီးသီးတွင် မဲစာရင်းများကို ထပ်မံကြေညာပေးထားမည်ဖြစ်သည်။

 

''ဒီအစည်းအဝေးမှာ ခရိုင်အဆင့် ကြီးကြပ်ရမယ့် ကော်မရှင် အဖွဲ့ဝင်တွေက နိုဝင်ဘာ ၁ ရက်နေ့မှာ မဲရုံသုံးပစ္စည်းတွေ မဲရုံအသီးသီးမှာ အပြည့်အစုံ ရှိ၊ မရှိ ကြိုတင် ကွင်းဆင်းကြည့်ရှုပြီး မဲပေးတဲ့နေ့မှာလည်း မဲဆန္ဒရှင်ပြည်သူတွေ အေးအေးချမ်းချမ်း မဲပေးနိုင်အောင် သက်ဆိုင်ရာ ကော်မရှင်ခွဲအဆင့်အဆင့်နဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ကြီးကြပ်ဆောင်ရွက်သွားရမယ့်အပြင် မဲရုံအလိုက် ပြီးစီးတဲ့ ပုံစံ (၁၉)လို့ခေါ်တဲ့ မဲပေးသူ စာရင်းတွေ ပြုစုပြီးတဲ့အထိ ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ မဲပေးသူတစ်ဦးဟာ မိမိအမည်ပါတဲ့ အမှတ်စဉ်ကိုသိရင် မဲပေးတဲ့နေရာမှာ ပိုပြီးအဆင်ပြေလွယ်ကူစေတဲ့အတွက် မဲပေးတဲ့နေ့ကျရင် မဲရုံတွေရဲ့ရှေ့မှာ မဲစာရင်းတွေကို ထပ်မံကြေညာပေးထားမှာပါ။ ကျွန်တော်တို့ကတော့ ချမှတ်ထားတဲ့ ဆောင်ပုဒ်အတိုင်းပဲ မဲပေးသူပြည်သူ အသီးသီးဟာ လွတ်လွတ်လပ်လပ်နဲ့ မျှမျှတတ မဲပေးနိုင်ဖို့အတွက် ဆောင်ရွက်ထားပါတယ်'' ဟု ၎င်းက ပြောကြားသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ မဲပေးရွေးချယ်ကြမည့် မဲဆန္ဒရှင်စာရင်းမှာ သုံးသိန်းတစ်သောင်းကျော်ရှိပြီး မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း လေးဦးအတွက် မဲရုံ ၂၆၈ ရုံ၊ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်နယ်မြေတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦးအတွက် မဲရုံ ၄၅ ရုံနှင့် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ငါးဦးအတွက် မဲရုံ ၃၆၄ ရုံတို့ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

 

အေပီကေ(မန်းကိုယ်ပွား)