ကြားဖြတ်ရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲလက်မှတ်များ လက်ခံလျက်ရှိ

မြင်းခြံ ၃၁ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် နိုဝင်ဘာ ၃ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁ နေရာနှင့် ရှမ်းတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ် ၁ နေရာကို ရွေးချယ်ပေးမည်ဖြစ်ရာ ကြိုတင်ဆန္ဒမဲ လက်မှတ်များကို စတင်လက်ခံလျက်ရှိကြောင်း သိရှိရသည်။ 

 

ကြိုတင်ဆန္ဒမဲလက်မှတ်များကို အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်၍ လက်ခံလျက်ရှိရာ ကြိုတင်ဆန္ဒမဲ လက်မှတ်များနှင့် ပတ်သက်သည့် အချက်များကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဒေါ်ခင်မာသန်းမှ ကြိုတင်ဆန္ဒမဲလက်မှတ်များကို အပိုင်း (၂)ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အပိုင်း(၁) တွင် အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာ ၂ ရက်နေ့အထိ တာဝန်နှင့် ထွက်ခွာရမည့် ပြည်ထောင်စုနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းတာဝန်များဖြင့် သွားလာရမည့်သူများကို ကြိုတင်ဆန္ဒမဲများ ပေးရမှာဖြစ်ကြောင်း၊ အပိုင်း (၂)တွင် နိုင်ဝင်ဘာလ ၁ ရက်မှ ၂ ရက်နေ့ ရွေးကောက်ပွဲ ကာလ မဖြစ်မနေ တာဝန်ဖြင့် ခရီးသွားရမည့်သူများ၊ မသန်စွမ်းသူများ၊ အချုပ်ကျနေသူများက ကြိုတင်ဆန္ဒမဲ ပေးရမည်ဖြစ်ကြောင်း၊ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပုံစံ (၁၅)ဖြင့် တောင်းခံထားသော၊ ၁-၃ ဖြင့် ပြည်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်မဲ ၆ ဦးရှိပြီး၊ ၅ ဦးမှာ ကြိုတင်မဲပေး၍ ၁ ဦး မပေးကြောင်း၊ ၁-၁ ဖြင့် မဲဆန္ဒနယ် ပြင်ပရောက်(ပြည်တွင်း) တွင် ၅ ဦးရှိပြီး သင်တန်းသား ၁ ဦး၊ အချုပ်ကျ ၃ ဦး ကြိုတင်မဲပေး၍ ၁ ဦးမှာ ထောင်ကျသွားသဖြင့် မပေးရတော့ကြောင်း၊ ၁-၂ ဖြင့် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများ ၂၄၆ ဦးလည်း ကြိုတင်ဆန္ဒမဲများ ပေးကြကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ 

 

မြင်းခြံမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ရပ်ကွက်ပေါင်း ၂၀၊ ကျေးရွာအုပ်စုပေါင်း ၈၅ အုပ်စု၊ ကျေးရွာပေါင်း ၁၈၅ ရွာတွင် မဲဆန္ဒ ပေးပိုင်ခွင့်ရှိသူပေါင်း ၂၂၁၈၆၅ ဦးရှိကာ မဲရုံပေါင်း ၂၆၈  ရုံတွင် ဆန္ဒမဲများ ပေးသွားကြမည်ဖြစ်သည်။ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်နေရာအတွက် ပါတီ ၄ ခုမှ ဝင်ရောက် အရွေးချယ်ခံသွားမည်ဖြစ်ပြီး  ရှမ်းတိုင်းရင်းသား လူမျိုးကိုယ်စားလှယ် တစ်နေရာအတွက် ပါတီ ၅ ခုမှ ဝင်ရောက် အရွေးချယ်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ဦးဇော်မင်းနိုင်(မြင်းခြံ)