ကျွဲနွားများ တရားဝင်တင်ပို့ရောင်းချခွင့်ရရှိစေရန် တရုတ်၊ မြန်မာ နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေကြပြီ

၉ ဇူလိုင်


မြန်မာနိုင်ငံ၏ ကျွဲနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် နိုင်ငံအတွင်းရှိ စီးပွားဖြစ် မွေးမြူရေး ခြံများနှင့် တစ်ပိုင်တစ်နိုင် မွေးမြူထားသော ကျွဲနွားရှင်များအား ပြည်တွင်းစားသုံးမှုကို မထိခိုက်စေဘဲ တင်ပို့ခွင့်ပြုမည့် မူဝါဒ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြီး ပြည်ပသို့ တရားဝင်တင်ပို့ရောင်းချခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလမှစ၍ စမ်းသပ်ကာလ တစ်နှစ်သတ်မှတ်ကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် ၍ ခွင့်ပြုပေးနေကြောင်း သိရသည်။


ထိုသို့ တင်ပို့ရောင်းချခွင့်ပြုရာတွင် ကျွဲနွားအရင်းအမြစ်များ မပျောက်ပျက်စေရန် ထိန်းသိမ်းခြင်းနှင့် တိုးပွားလာစေရန်အတွက် အသက်ငါးနှစ်အထက် သင်းကွပ်ထားသည့် ကျွဲနွားများကိုသာ ကုမ္ပဏီများအနေဖြင့် တစ်ကြိမ်ရောင်းချခွင့်ကို အကောင် ၁၀ဝ သတ်မှတ်ခွင့်ပြုပေးခြင်းဖြစ်ပြီး အဆိုပါ တင်ပို့ ရောင်းချရန်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် ယာယီစုဆောင်းရ မှတ်ပုံတင်လျှောက်ထားခြင်း၊ တိရစ္ဆာန် ကျန်းမာကြောင်း ထောက်ခံချက် လက်မှတ်ရယူရန်နှင့် ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံချက်များ ရယူရန် မူဝါဒသတ်မှတ် ချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။


ကျွဲနွားများ တင်ပို့ရောင်းချမှုနှင့် ပတ်သက်၍ အသေးစိတ် လုပ်ဆောင်ရသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိနိုင်ရန် မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာမောင်မောင်နှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။


မေး ။ ။ တရုတ်နိုင်ငံကို ကျွဲ၊ နွားတွေ တင်ပို့ရောင်းချခွင့်ရရှိနိုင်ဖို့ ကုမ္ပဏီတွေအနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို သိချင်ပါတယ်ခင်ဗျာ။


ဖြေ ။ ။ တရုတ်နိုင်ငံကို ကျွဲနွားတွေ တင်ပို့ရောင်းချနိုင်ဖို့အတွက် ကုမ္ပဏီတွေက ပထမဦးဆုံး ကျွဲနွားတွေကို ယာယီစုဆောင်းထားရှိဖို့အတွက် မိမိစုဆောင်းလိုတဲ့မြို့နယ်မှာ ခွင့်ပြုချက်ရယူဖို့လိုအပ်ပါတယ်။ ကျွဲနွား အကောင် ၁၀ဝ စုဆောင်းဖို့ မြေအကျယ်အဝန်းက တစ်ဧက ရှိရမယ်၊ အစာရေစာ ပြည့်စုံရမယ်၊ အဆောက်အဦ ရှိရမယ်။ စုဆောင်းမယ့် မြေနေရာကလည်း လယ်ယာဥပဒေနဲ့ ညီညွတ်တယ်ဆိုရင် ယာယီ စုဆောင်းရ မှတ်ပုံတင်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒါပြီးရင် ဒီကျွဲနွားတွေမှာ ရောဂါလေးမျိုးဖြစ်တဲ့ ခွာနာလျှာနာရောဂါ၊ ထောင့်သန်းရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါနဲ့ လည်ချောင်း ကွဲရောဂါ ကာကွယ်ဆေးများထိုးပေးပြီး ကျန်းမာသော ကျွဲနွားများဖြစ်ကြောင်း ထောက်ခံချက် ထုတ်ပေးပါတယ်။ ဒီထောက်ခံချက်တွေရမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တင်ပို့ရောင်းချခွင့်ပြုတာဖြစ်ပါတယ်။ ဒီသတ်မှတ် ချက်တွေက ၂၀၁၇ ခုနှစ် စမ်းသပ်ကာလမှာ တင်ပို့ခွင့်ပြုတဲ့ မူဝါဒတွေဖြစ်ပါတယ်။ ဒီလိုမူဝါဒတွေနဲ့ တင်ပို့ခွင့်ပြုတာက ကျွန်တော်တို့နိုင်ငံတစ်ဖက်တည်းကပဲ တရားဝင်ခွင့်ပြုတဲ့သဘော ဖြစ်ပြီး တရုတ်နိုင်ငံဘက်ကတော့ တရားဝင်ဝယ်ယူခြင်း မဟုတ်ပါဘူး။


မေး ။ ။ လက်ရှိအခြေအနေမှာ တင်ပို့ခွင့်အတွက် ဘယ်လို မူဝါဒ သတ်မှတ်ချက်တွေ ပြောင်းလဲထုတ်ပြန်ထားပါသလဲ။


ဖြေ ။ ။ အရင် စမ်းသပ်ကာလမှာတော့ ကျွဲနွားတွေကို ဝယ်စုပြီး တင်ပို့ရောင်းချခွင့်ပြုခဲ့ပေမယ့် အခုပြောင်းလဲ သတ်မှတ်ထားတဲ့ မူဝါဒမှာ ကျွဲနွားတွေကို ကိုယ်တိုင်မွေးရမယ်၊ မွေးဖက်ပေးစနစ် စီမံချက်တွေ တင်ပြပြီး စုဆောင်းခွင့်ကို လျှောက်ထားရပါမယ်။ လောလောဆယ်မှာတော့ တစ်ကြိမ် တင်ပို့ရောင်းချခွင့်ပြုမယ့် အကောင်အရေအတွက်ကို သတ်မှတ်ထားခြင်းမရှိသေးပါဘူး။ ပြောင်းလဲထုတ်ပြန်ထားတဲ့ မူဝါဒ ညွှန်ကြားချက်တွေကိုလည်း သက်ဆိုင်ရာကုမ္ပဏီတွေကို အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ ဒီလို သတ်မှတ်ချက်တွေ ပြောင်းလဲထုတ်ပြန်ရတာကလည်း စမ်းသပ်ကာလအတွင်းမှာ အခက်အခဲတွေ ၊ ဈေးနှိမ်တာတွေ ဖြစ်ပေါ်နေတဲ့အတွက် စမ်းသပ်ကာလတစ်နှစ်ပြည့်ပြီးနောက်မှာ တရုတ်နိုင်ငံရဲ့ လိုလားချက်အတိုင်း ပြည့်မီပြီး တရားဝင်တင်ပို့ ရောင်းချနိုင်ဖို့အတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်။ ကျွန်တော်တို့ဘက်ကလည်း သူတို့လိုလားတဲ့ ကျန်းမာရေးကောင်းမွန်တဲ့ ကျွဲနွားတွေ တင်ပို့ရောင်းချနိုင်ဖို့အတွက် လိုအပ်မယ့် အစီအစဉ်တွေကို ချမှတ်တဲ့အနေနဲ့ အခုလို မူဝါဒတွေ ပြောင်းလဲဆောင်ရွက်ထားတဲ့အပြင် ကွတ်ခိုင်မြို့နယ်မှာလည်း တိရစ္ဆာန်စောင့်ကြည့်စစ်ဆေးရေးစင်တာ (Animal Quarantine Station) ကို ၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်မှာ ဖွင့်လှစ်ပြီး ဇွန် ၁ ရက်မှာစပြီး ရောင်းချမယ့် ကျွဲနွားတွေရဲ့ ကျန်းမာရေးကို ထပ်မံစစ်ဆေးမှုတွေကို ပြုလုပ်နေပါပြီ။


မေး ။ ။ လက်ရှိအခြေအနေအရ မန္တလေးတိုင်းဒေသကြီးမှာ တရုတ်နိုင်ငံကို ကျွဲနွားတင်ပို့နေတဲ့ ကုမ္ပဏီ အရေအတွက်နဲ့ ခွင့်ပြုချက်ဖြင့် တင်ပို့ရောင်းချခဲ့တဲ့ ကျွဲနွားကောင်ရေ စာရင်းအခြေအနေရယ်၊ ပြောင်းလဲထုတ်ပြန်လိုက်တဲ့ တင်ပို့ခွင့် ဆိုင်ရာ မူဝါဒနဲ့အညီ လာရောက်လျှောက်ထားမှုအခြေအနေကို လည်း သိပါရစေ။


ဖြေ ။ ။ ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာ ကျွဲနွား တင်ပို့တဲ့ ကုမ္ပဏီပေါင်း ၁၀ဝ ကျော်ရှိပါတယ်။ လက်ရှိ ခွင့်ပြုချက်နဲ့ တင်ပို့ရောင်းချပြီးတဲ့ ကျွဲနွားကောင်ရေစာရင်းကတော့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်အထိ ကောင်ရေ ၄၁၆၀ဝ ကို တင်ပို့ရောင်းချခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။ အခုပြောင်းလဲထုတ်ပြန်ထားတဲ့ မူဝါဒနဲ့အညီ တင်ပို့ရောင်းချခွင့် လာရောက်လျှောက်ထားကြတဲ့ ကုမ္ပဏီတွေ စာရင်းက ယနေ့အထိ လုံးဝမရှိသေးပါဘူး။ ယခု တင်ပို့နေကြတဲ့ ကျွဲနွားတွေကလည်း ကျွန်တော်တို့ တိုင်းဒေသကြီးအနေနဲ့ မရှိပေမယ့် အချို့တိုင်းဒေသကြီးတွေမှာ အရင်မူဝါဒအဟောင်းနဲ့ ခွင့်ပြုချက်ရရှိပြီး စုဆောင်းထားကြတဲ့ လက်ကျန်ကျွဲနွားတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုကျွဲနွားတွေကို ပြည်ပကို တင်ပို့ရောင်းချ တဲ့အခါမှာလည်း ပြည်တွင်းမှာ လက်ရှိအကောင်ရေစာရင်းနဲ့ စားသုံးမှု ဖူလုံပြီးမှသာ တင်ပို့ရောင်းချခွင့်ပြုမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဌာနအနေနဲ့ မ္တလေးတိုင်းဒေသကြီးအတွင်းက ကျွဲနွားကောင်ရေစာရင်းတွေနဲ့ စားသုံးမှုအခြေအနေကို သိရှိ စေဖို့ စစ်တမ်းတွေ ကောက်ယူနေပါတယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ကောက်ယူထားတဲ့ စစ်တမ်းတွေအရ ကျွန်တော်တို့ တိုင်းဒေသကြီးအတွင်းမှာ ကျွဲနွားအကောင်ရေ ၁၄ သိန်းကျော် ရှိပါတယ်။ လက်ရှိအခြေအနေမှာလည်း တရားဝင်တင်ပို့ရောင်းချနိုင်အောင် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေး မှုတွေ အကြိမ်ကြိမ် သွားရောက်လုပ်ဆောင်ခဲ့တဲ့နေရာမှာ တစ်ဖက်က လိုလားချက်တော်တော်များများကို သဘောတူညီ မှုတွေ ရရှိထားပြီဖြစ်တဲ့အတွက် မကြာခင်မှာ နှစ်နိုင်ငံ သဘောတူစာချုပ် MoU လက်မှတ်ရေးထိုးနိုင်တော့မှာ ဖြစ်ပါတယ်။


မင်းထက်အောင်(မန်းကိုယ်ပွား)