ကော့ကရိတ်မြို့တွင် မြို့နယ်လုံးကျွတ် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ကော့ကရိတ် ၂ စက်တင်ဘာ

 

မြို့နယ်လုံးကျွတ် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းရှိ ဒေါနခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးဘီစံသိန်းမြင့်၊ ခရိုင်နှင့်မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ အဖွဲ့အစည်းအသီးသီးမှ ဖိတ်ကြားထားသူများ၊ ပွဲတော်ကျင်းပရေး ကော်မတီဝင်များ၊ ကရင်တိုင်းရင်းသား/သူများ စုစုပေါင်း(၆၀၀)ဦးခန့် တက်ရောက်ခဲ့သည်။

 

အခမ်းအနားကို ကရင်မင်္ဂလာသီချင်းဖြင့် ဖွင့်လှစ်၍ တက်ရောက်လာသူများက ကရင်အမျိုးသားအလံတော်ကို အလေးပြုကြပြီး သပဘာပတိ ဦးစောရွှေကြည်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ချည်ဖြူဖွဲ့မင်္ဂလာ ဖြစ်ပေါ်လာပုံအကြောင်းကို နော်ဖူးအဲဒိုမှ ပိုးကရင်ဘာသာဖြင့်လည်းကောင်း၊ နော်ဖော့ဝါမှ စကောကရင်ဘာသာဖြင့်လည်းကောင်း၊  နော်သဇင်ဖူးမှ မြန်မာဘာသာဖြင့်လည်းကောင်း အသီးသီးရှင်းလင်းပြောကြားကြသည်။    

 

 

ထို့နောက် သမိန်ဒွတ်ကျောင်းဆရာတော် ဥူးနန္ဒောဘာသမှ ဩဝါဒမြွက်ကြား၍ ဦးဘီစံသိန်းမြင့်မှ အမှာစကားပြောကြားကာ ကရင်တိုင်းရင်းသား/သူလေးများမှ ရိုးရာအကဖြင့် ဖြေဖျော်ကြသည်။ ထို့နောက် ချည်ဖြူဖွဲ့ပေးမည့် အဘိုးအဖွားများမှ လိပ်ပြာခေါ်ယူပြီး တက်ရောက်လာသူများမှ တစ်ဦးနှင့်တစ်ဦး ချည်ဖြူဖွဲ့များချည်ကာ တက်ရောက်လာကြသူများကို ကရင်ရိုးရာဒုံးအကဖြင့် ဖျော်ဖြေသည်။ ဆက်လက်ပြီး တာဝန်ရှိသူများက ဆုများချီမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို စည်းလုံးခြင်း ကရင်သီချင်းဖြင့် သီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)