ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာလမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေးညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်  ၁၀  ဇွန် 

 

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကျောင်းအခြေပြု စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်(မူကြမ်း) အတည်ပြုနိုင်ရေး ညှိနှိုင်းအစည်းအဝေးအကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပသည်။         


        

၉္ကနတ

 


အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး   ဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေးပညာဆိုင်ရာ(TVET)ပညာရေးကို ပထမတန်းစား ပညာ ရေးဖြစ် အောင်ကြိုးစားဆောင်ရွက်နေပါကြောင်း၊ နည်းပညာနှင့်သက်မွေးပညာဆိုင်ရာ (TVET) ကဏ္ဍ များကို အရှိန်အဟုန်မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိသလို အရည်အသွေးမြင့်မားရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ သက်မွေးပညာကျောင်း(၆)ကျောင်းအပါအဝင် အစိုးရနည်းပညာကောလိပ်၊ သိပ္ပံနှင့်ကျောင်းပေါင်း(၆၆)ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်ထားရှိပြီး ဆရာဆရာမဦးရေ (၃၃၃၁) ဦးရှိနေပြီဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ (၅)နှစ်တာ ကာလအတွင်း ဥရောပသမဂ္ဂ(EU)၏ထောက်ပံ့မှုဖြင့် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အညွှန်းကိန်း(၁၀)ခုအနက် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ပြုပြင်ပြောင်းလဲမှုအညွှန်းကိန်း(၄)ခုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ အညွှန်းကိန်း(၄)ခုအနက် သက်ဆိုင်ရာကျောင်းများတွင် ဖွင့်လှစ်ဆောင်ရွက်သွားမည့် ကျောင်းအခြေပြုစွမ်း ဆောင်ရည်မြှင့်တင်မှု ဗဟိုဌာနများ အောင်မြင်စွာဖွင့်လှစ်နိုင်ရေး တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံ၏ MSME လုပ်ငန်းများနှင့် ပြည်တွင်းပြည်ပစက်မှုလက်မှုလုပ်ငန်းများတွင် လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်သူများကို မွေးထုတ်ပေးနိုင်ရေး၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံနှင့်ပြင်ပအဖွဲ့အစည်းများပူးပေါင်း၍ အလုပ်အကိုင်များရရှိအောင် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ ကျွမ်းကျင်မှုဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် သင်ရိုးညွှန်းတမ်းများ ပြုပြင်ပြောင်းလဲနိုင်ရေးနှင့် နှစ်အလိုက်လိုအပ်သည့်ဘဏ္ဍာ ငွေလျာထားမှုများ အားစနစ်တကျတင်ပြ၍ ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ကျွမ်းကျင်မှုအခြေပြု ကာလတိုသင် တန်းများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၊ နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့ အစည်းများနှင့်အတူပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း လုပ်ထုံးလုပ်နည်းများနှင့် အညီစနစ်တကျဖြစ်စေရေး အလေးထားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။


    
ထို့နောက်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပကြသည်။ အစည်းအဝေးအား ဇွန် ၁၁ ရက်အထိ နှစ်ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


    
ထိုမှတစ်ဆင့်  ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေပြည်တော်၊ ရုံးအမှတ်(၅၂)ရှိ မြန်မာနိ်ုင်ငံစာစစ်ဦးစီးဌာနသို့ရောက်ရှိပြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း ထုတ်ပေးနေမှုများကို သွားရောက်လှည့်လည်ကြည့်ရှု၍ ဝန်ထမ်းများနှင့် အမှတ်စာရင်း ထုတ်ယူသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။ 

 

၉ငျန

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်းများကို ဇွန်(၁၀)ရက်မှစတင်ကာ နေပြည်တော်ရှိ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနတွင်လည်းကောင်း၊ ရန်ကုန်မြို့အမှတ်(၁၂)ရပ်ကွက်၊ လှိုင်မြို့နယ် အခြေခံပညာကျောင်းသုံး စာအုပ်သိုလှောင်ရုံဝင်းအတွင်းရှိ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့တွင်လည်း ကောင်း တစ်ပြိုင်နက်တည်း စတင်ထုတ်ဝေပေးလျက်ရှိသည်။ 

 

တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းထုတ်ယူရာတွင် အဆင်ပြေလွယ်ကူချောမွေ့စေရေးအတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အမှတ်စာရင်းထုတ်ပေးရေး mobile အဖွဲ့များသည် မန္တလေးမြို့ အထက(၁၄)၊ ရမည်းသင်းမြို့ အထက(၁)၊ တောင်ငူမြို့ အထက(၁)၊ ပဲခူးမြို့ အထက(၁)၊ သာယာဝတီမြို့ အထက(၁)၊ ပုသိမ်မြို့ အထက(၁)၊ ဟင်္သတမြို့ အထက(၁) ကျောင်းများတွင် တစ်ပြိုင်နက်တည်း ထုတ်ဝေပေးလျက်ရှိပြီး ထိုမှတဆင့် ပြည်နယ်နှင့်တိုင်းများသို့ ဆက်လက် ထွက်ခွာ၍ အမှတ်စာရင်းများကို တစ်စောင်လျင်(၄၀ဝ)ကျပ်နှုန်းဖြင့် ထုတ်ဝေပေးသွားမည်ဖြစ် ကြောင်းသိရသည်။

 

သတင်းစဉ်