ကောင်းကင်ထက်က မေမေ

ခင်မောင်ရွှေ(ရွှေလှံ)

 

( ၁ )

အဖေရှိစဉ်ကတည်းက အဖေ့လုပ်အား လေးနဲ့ အမေနဲ့အတူ သားအမိနှစ်ယောက် အိမ်ဆိုင်ကလေးဖွင့်လို့ ဈေးအတူရောင်းခဲ့ တယ်။

အဖေ ဆုံးပါးပြီးနောက်ပိုင်းမှာလည်း ဒီဈေးဆိုင်လေးကို အမှီပြုရင်း သားအမိ နှစ်ယောက်ရဲ့ ဝမ်းရေးကို ရုန်းကန်ခဲ့ရတာပေါ့။ သိတယ်မဟုတ်လား။ တောမကျ၊ မြို့မကျ ကျွန်တော်တို့ရွာလေးက ဈေးကတော့ အနည်းနဲ့ အများ ရောင်းရတယ်။ ဒါပေမယ့် အကြွေးကျ တာများတယ်။ ရပ်ဆွေရပ်မျိုးတွေဖြစ်ပြန်တော့ အကြွေး မပေးလည်း မရဘူး။ ပေးနေရတာပဲ။

 

"အမေရယ်၊ ရွာထဲ ဒီလောက် အကြွေးကျ နေတာ၊ ဈေးဆိုင်လေး ဖြုတ်လိုက်ပါအမေရယ်"

 

အမေက ဈေးဆိုင်လေး ဖြုတ်လိုက်ဆို တော့ မျက်နှာငယ်သွားတယ်။

"သားရယ် မင်းအဖေလက်ငုတ်လေး၊ မင်းအဖေရှိကတည်းက ဖွင့်လာတဲ့ဆိုင်လေးကို အမေမပိတ်ချင်ဘူးသား၊ ဆိုင်မရှိတော့ အမေ တို့ ဘာနဲ့လုပ်စားမှာလဲ သား "

 

အမေ့ကိုကြည့်ပြီး ကျွန်တော် အတော် လေး တွေဝေသွားတယ်။ အဲဒီနောက် ကျွန်တော့်အတွေးထဲ အကြံတစ်ခု တိုးဝင် လာတယ်။

"အမေ... သား မလေးရှားကို အလုပ်သွား လုပ်မယ်လေ"

 

"ဘယ်ကငွေနဲ့ သွားမှာလဲ သားရယ်၊ အမေနဲ့သား နှစ်ယောက်တည်းရှိတာ၊ အမေသားကို ခွဲမနေနိုင်ပါဘူး သားရယ် …"

 

အမေ့မျက်ဝန်းအစုံက မျက်ရည်ဥလေး တွေကတွဲခိုလို့ အမေ့ပါးထက် စီးကျလာ တယ်။ အမေ့မျက်နှာကို ကြည့်ရင်း ကျွန်တော့်ရင်ထဲ လှိုက်ခနဲ မောသွားမိတယ်။ ကျွန်တော့်မျက်ဝန်းမှာလည်း မျက်ရည်ကြည် တွေ တိုးဝေ့လာပါရော။

 

"အမေရယ် ဒီအတိုင်းနေလို့ကတော့ သားတို့ဘဝလေးက ဒီအတိုင်း မိုးမလုံ လေမလုံနဲ့ နေသွားရမှာပေါ့ အမေ၊ နိုင်ငံခြား သွားလုပ်မှ သားတို့ဘဝလေး ပြောင်းသွားမှာ အမေ"

အမေက ကျွန်တော့်ကို ငေးကြည့်နေပြီး ခွဲခွာလို့ နှစ်ရှည်လများ နေရမယ့်ရက်တွေကို လက်ချိုးရေကာ ငေးမောလို့ ကြည့်နေ

တယ်။

 

ဒါနဲ့ပဲ အမေ့ကို မရရအောင်တိုင်ပင်ပြီး အမေ့ခြံလေးကို ပေါင်နှံကာ ပွဲစားအချို့နဲ့ ဆက်သွယ်ပြီး မလေးရှားကိုသွားဖို့ ပြင်လိုက် တော့တယ်။

ဟိုရောက်လို့ အလုပ်ရတဲ့အခါ အမေ့ဆီ တစ်လတစ်ခါငွေပို့ပြီး ခြံကိုလည်း ပြန်ရွေးပေး ပါ့မယ်လို့ ကတိပေးခဲ့တယ်။

 

( ၂ )

မလေးရှားသွားမယ့်နေ့က အမေ့ကို ကန်တော့ရင်း မျက်ရည်ကျမိတယ်။ အမေ ကတော့ မခွဲချင်မခွာချင်နဲ့ ကျွန်တော်သွားတော့ မယ်ဆိုတော့ အိမ်ပေါက်ဝအထိ လိုက်ပို့ရှာ တယ်။ အမေ့ပါးပေါ်က ကျလာတဲ့ မျက်ရည်စက်လေးတွေက အဓိပ္ပာယ်နက်ရှိုင်း စွာ စီးဆင်းနေတယ်။ ကျွန်တော် အမေ့ကို ဝမ်းရေးကြောင့် ခွဲရပေမယ့် အမေ့ကို တင့်တောင်း တင့်တယ်ထားချင်မိတဲ့ဆန္ဒတွေက အပြည့်အဝ ရှိလို့နေတယ်။

ကျွန်တော်တို့ မလေးရှားကိုသွားတော့ ထိုင်းကနေတစ်ဆင့်ကူး၊ ကားတစ်တန် လှေတစ်တန်နဲ့ သွားရတယ်။ ပွဲစားတွေရဲ့ လှည့်စားချက်နဲ့ ကုန်းလမ်းကနေ ခိုးဝင်ရတယ်။ အဲဒီနောက် ထိုင်းအကျဉ်း ထောင်မှာ တစ်ညအဖမ်းခံပြီး မနက်လင်းမှ ကားတစ်စီးနဲ့ ကျွန်တော်တို့အဖွဲ့ကို လာခေါ်ကြ တယ်။ ကားကြီးက ကွန်တိန်နာကားကြီး။ ကျွန်တော်အပါအဝင် တခြားဘဝတူတွေလည်း ကားကြီးပေါ် စုပြုံတက်ပြီး မွန်းကျပ်စွာ နေခဲ့ရတယ်။ လေဝင်ပေါက်နည်းနည်းသာ ရှိတဲ့ ကားကြီးနဲ့အတူ လိုက်ပါရင်း ဘယ် နေရာ၊ ဘယ်ဒေသ ရောက်မှန်းမသိရပေ။

 

နိုင်ငံခြားကိုထွက်လာတဲ့လူတွေ အားလုံး နဲ့အတူ ကျွန်တော်တို့ တောထဲမှာ အစာ ရေစာငတ် နေခဲ့ရတယ်။ ကျွန်တော် တွေးမိ လိုက်တယ်။ အမေ့စကားနားမထောင်လို့ အခုလို အဖြစ်ဆိုးနဲ့ ကြုံနေရပြီဆိုတာကို တစ်ချက်တော့တွေးမိလိုက်ပါတယ်။

 

အဲဒီလိုအချိန်မှာ အမေ့ကို လွမ်းရင်း တစ်ချက်တစ်ချက် ရှိုက်ကာငင်ကာ ငိုနေမိတာ လူမသိသူမသိပါပဲ။

 

မလေးရှားနယ်စပ် ရောက်တော့ နောက်ထပ်ကားတစ်စီး ပြောင်းစီးရပြန်တယ်။ တဖြည်းဖြည်းနဲ့ ခရီးကနက်လာတော့ ကျွန်တော်တို့ကွန်တိန်နာကားကြီးဟာ စက်ရုံ တစ်ခုအတွင်းမှာ ထိုးဆိုက်သွားတယ်။ အဲဒီ အခါ အောက်ဆီဂျင်အားနည်းသူတွေ၊ အမော ဖောက်သူတွေ ရှိလာကြတယ်။ ကျွန်တော် ကတော့ ကိုယ့်စိတ်ကိုအားတင်းပြီး ဘဝကို ကြံ့ကြံ့ခံလို့ အလုပ်ကိုကြိုးစားလုပ်မယ်ဆိုတဲ့ သတ္တိကို ထပ်မွေးပါတယ်။

 

တစ်ပတ်လောက်နားပြီးတော့ သူတို့ စကားလည်း ကိုယ်နားမလည်၊ ကိုယ့်စကား လည်း သူတို့နားမလည်ဆိုတော့ အလုပ်ကို ကြိုးစားလုပ်ကိုင်ပေမယ့် လုပ်ခလစာကိုတော့ အပြည့်အဝမရ။ ဒီလို ဒုက္ခ၊ သုက္ခ စားဝတ် နေရေးကအစ အဆင်မပြေမှုတွေနဲ့တွေ့တိုင်း အမေ့ကိုသတိရလို့ ညတိုင်းလိုလို တမ်းတမိ တယ်။ အမေ့ကို သုံးလပြည့်လို့မှ ငွေကို ပုံမှန် မပေးနိုင်တဲ့ ဘဝလေးကို တစ်ခါတလေ စိတ်နာလာမိတယ်။ အခုလောက်ဆို အမေ တစ်ယောက်လည်း ဘယ်လိုရုန်းကန်နေရှာ မလဲလို့တွေးရင်း အိမ်ပြန်ချင်စိတ်တွေက တဖွားဖွားဖြစ်လာတယ်။ ဒါပေမယ့် အခုလက်ရှိ ဘဝက လှောင်အိမ်ထဲ ပိတ်မိနေတဲ့ ငှက်တစ်ကောင်လို ဘဝပါပဲ။

( ၃ )

အလုပ်ကို ပင်ပန်းစွာနဲ့လုပ်ရပေမယ့် မသမာသူတွေရဲ့ ခေါင်းပုံဖြတ်မှုအောက်မှာ ကိုယ့်ဘဝကိုယ် အမြဲတမ်းနာကျင်နေမိတယ်။ အခုဆို အမေဘယ်လိုနေလဲဆိုတဲ့ သတင်း စကားလေးတောင် မသိရ။ ကိုယ့်ရွာမှာ ငတ်ငတ်ပြတ်ပြတ်နဲ့ အမေနဲ့အတူနေရတာမှ အိမ်ခေါင်မိုးမလုံပေမယ့် ဒီနေရာမလုံရင် တခြားနေရာလေး ပြောင်းနေလို့ ရသေး တယ်။ အလုပ်ကို မလုပ်ချင်ရင် အမေ သားခဏနားဦးမယ်လို့ ပြောရင်ရသေးတယ်။ အခုတော့ အထင်ကြီးမိတဲ့ နိုင်ငံခြားမှာ သွားချင်တိုင်းမသွားရ၊ စားချင်တိုင်း မစားရ၊ နေချင်သလိုမနေရတဲ့လောကမှာ အမှားကြီး မှားခဲ့ပြီလို့ တွေးတွေးပြီး အမေ့ကိုသာ သတိရ နေမိတယ်။ အလုပ်ကို ခိုင်းတော့ မနက် ရှစ်နာရီကနေ ညရှစ်နာရီအထိ။ အချိန်ပိုလေး လုပ်ပေးရလို့ ငွေကလေး ပိုမျှော်မိပါရဲ့။ ဒါပေမယ့် အလုပ်သမားခေါင်းရဲ့ ခေါင်းပုံဖြတ်မှုကို မတရားခံနေရတော့တာ။ နိုင်ငံခြားဆိုတာ ရရစားစား၊ ဝါးဝါးမျိုမျိုပါပဲ။ အခုတော့ နိုင်ငံခြားဆိုတာကို အထင်ကြီးမိတာ မှားလေးစွလို့ ညတိုင်းတွေးမိတယ်။

 

ရက်၊ လတွေ အလီလီပြောင်းပေမယ့် ပြန်ဖို့ ငါးနှစ်ဆိုတဲ့ စာချုပ်ပြည့်တဲ့အခါ အောက်လမ်းကဝင်လာတဲ့ ကျွန်တော်တို့အဖွဲ့ တွေ ပြန်ရတော့မယ်။ ပြန်လာပေမယ့် အပြန် ခရီးကတော့ ဘယ်လိုမှ မလှပခဲ့။ လာတုန်းက အတိုင်းပဲ။ ထိုင်းဘက်ကူး၊ ထိုင်းမှာ တစ်ရက် အချုပ်ခန်းမှာနေပြီး ကိုယ်သွားလိုတဲ့နေရာကို ပြန်လာရတော့တယ်။

 

( ၄ )

အမိမြေကိုရောက်တော့ ဘာမှမပါပေမယ့် အမေ့ကိုတွေ့ရတော့မယ်ဆိုတဲ့ အတွေးစလေး တွေနဲ့အတူ အပျော်ကြီးပျော်ခဲ့မိတယ်။ အိမ်ခြံ မြေနေရာလေး မရွေးနိုင်တာကို တွေးပြီး စိတ်မကောင်းမိပေမယ့် ကိုယ့်ပြည်ကိုယ့်မြေကို ပြန်ရောက်လာတာမို့ နွေးထွေးသလို ခံစားရ တယ်။ ကျွန်တော် ရွာကိုစဝင်တော့ ရွာကလူ တွေက သူစိမ်းဆန်ဆန် အကြည့်တွေနဲ့အတူ ကျွန်တော့်ကို ကြည့်နေကြတယ်။ အိမ်ခြံရှေ့ ပြန်ရောက်တော့ အမေ့အိမ်လေးက ကြိုမယ့်သူ မရှိ။ အိမ်ကလေးဟာ ယိုင်နဲ့နေပြီး ခြောက်သွေ့ နေတယ်။ သိမ်ငယ်စိတ်တွေနဲ့အတူ အိမ်အတွင်းကို ခြေလှမ်းတွေ အမြန်လှမ်းလာ ခဲ့တယ်။ အိမ်တံခါးကလည်း ပိတ်ထားလေရဲ့။

 

ဒီအချိန်မှာ ကျွန်တော် ပထမဆုံး မြင်တွေ့ ချင်ခဲ့သူဟာ အမေပါ။ ဒါပေမယ့် အရင်ဆုံး တွေ့ရတာက အိမ်ဘေးနားက ဒေါ်ဘုမနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ စာရွက်ဖိုင်ကလေး ကိုင်လို့ ကျွန်တော်ရှိရာ အမေ့အိမ်ကလေးဆီကို ဝင်လာတာ အရင်မြင်လိုက်ရတယ်။

 

"ရော့ ငါ့တူ၊ ဒါ မင်းအမေ ပေးခိုင်းထားခဲ့ တာ၊ စာချုပ်စာတမ်းတွေ"

"အမေ … အမေ ဘယ်သွားလို့လဲ ဒေါ်ဘုမ"

ဒေါ်ဘုမ မျက်နှာမှာ မျက်ရည်တွေ အဝိုင်းသားနဲ့။ ရပ်ကွက်လူကြီးကလည်း မျက်နှာမကောင်းပေ။ ကျွန်တော့်ကို ပြောဖို့ သူတို့ အားယူနေပုံရတယ်။

 

"ငါ့တူရယ် ခဏနားလိုက်ပါဦး၊ ရော့ ရေလေးသောက်လိုက်"

ကျွန်တော်လည်း ဒေါ်ဘုမဆီက စကားကို အလွန်ကြားချင်နေတယ်။ ထစ်အနေတဲ့ ဒေါ်ဘုမအသံတွေက ကျွန်တော့်အတွက် မယုံနိုင်လောက်အောင်ကို ထူးခြားနေတယ်။ ဒေါ်ဘုမ ခပ်လာတဲ့ ရေကို မော့သောက်လိုက်ပြီး

" ဒေါ်ဘုမ အမေဘယ်သွားလဲ ပြောပါဗျာ"

" စိတ်တော့ ခိုင်ခိုင်ထား ငါ့တူရယ်၊ မင်းအမေက မင်းမရှိတော့ မင်းပေါင်သွားတဲ့ ခြံဝင်းလေးကို ပြန်ရွေးနိုင်ဖို့ နေ့မအား၊ ညမနား ရွာတကာလှည့်ပြီး ဈေးရောင်းတယ်။ မင်းအဖေလက်ထက်ကတည်းက ဒီအမွေ လေးကိုလည်း မင်းကို သူဘာမှမပေးနိုင်လို့ သူပေးခဲ့ချင်တယ်။ အဲဒီလို ကြိုးစားလုပ်ပြီး ဒီအိမ်လေးကို မင်းအတွက် သူ့လုပ်အားခလေး စုပြီး ရွေးပေးခဲ့တယ်။ အခုတော့ မင်းအမေ လူ့လောကကြီးထဲက အပြီးပိုင် ထွက်သွားပြီ ငါ့တူရယ်"

ကျွန်တော့်ရင်ထဲနင့်နေအောင် ခံစား လိုက်ရတယ်။ အမေမရှိတဲ့ ကျွန်တော့်ဘဝဟာ ဘာမှ အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရတယ်။ အမေ့အတွက် ဝယ်လာတဲ့ အစားသောက်တွေ ကလည်း ဘာအရသာမှ မရှိတော့ပေ။

 

အမေ … အမေ။ သားအတွက်ဆို ဘယ်လောက် ကြမ်းတမ်းနေပါစေ။ အမေ့ဘဝ ကို ဘယ်လိုဖြစ်နေပါစေ။ ပြန်လာရင် ငါ့သားလေး နေစရာမရှိရင် မျက်နှာငယ်ရမှာ ကိုတွေးပြီး သားအတွက် အရာရာကို ပေးဆပ် သွားပြီပေါ့။ အခုတော့ အမေဟာ ပြာလဲ့လဲ့ ကောင်းကင်ကြီးရဲ့အထက်ကနေ သားကို လွမ်းနေမလား။ သားလည်း အမေ့ကိုတော့ နေ့စဉ်နဲ့အမျှ လွမ်းနေပါတယ် အမေရယ်။

 

အမေ့အပေါ် တာဝန်မကျေခဲ့တဲ့ ကျွန်တော့်အပြစ်တွေအတွက် အမေ့အတွက် ကုသိုလ်တွေ လုပ်ပေးရင်း "အမေ ကောင်းရာ သုဂတိလားပါစေ"လို့ ဆုတောင်းနေမိတော့ တယ်။

ကြေးမုံ (မျိုးဆက်သစ်ရင်ပြင်)