ကျေးဇူးကြီးလှသော ဆရာ့စကား

ရေနံ့သာမောင်ကျော်ညွန့်

ကျွန်တော်ငယ်စဉ် လေးတန်းကျောင်းသားဘဝတွင် ကျွန်တော်တို့၏ ငယ်ဆရာကြီးဦးသာအေး က လေးတန်းမြန်မာဖတ်စာထဲမှာပါသည့် “စာတို ငညို” ပြဇာတ်ကို သင်ပေးသည်။ ကျွန်တော်တို့ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်စေပြီး ဇာတ်ဟန် ခင်းကျင်းနည်း သင်ကြားမှုပုံစံဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။ကျွန်တော်တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ကြရသဖြင့် ပျော်ရွှင်နေကြသည်။

“စာတိုငညို” ပြဇာတ်သည် လယ်သမားဘဝမှ မင်းတိုင်ပင် ပညာရှိအမတ်ကြီးဖြစ်သွားသော ဝန်ဇင်းဘိုးရာဇာအကြောင်းကို ရေးဖွဲ့ထားသည့် ပြဇာတ်ဖြစ်သည်။ “စာတိုငညို” ပြဇာတ်နှင့်ဆက်စပ်ပြီး “စာမတတ်တဲ့သူက ထိုင်နေတဲ့သူနဲ့ တူတယ်။ စာတတ်တဲ့သူက မတ်တတ်ရပ်နေတဲ့သူနဲ့ တူတယ်။ စာလည်းတတ်၊ စာလည်းဖတ်တဲ့သူကတော့ ခရီးသွားနေတဲ့သူနဲ့ တူတယ်။” ဟု ဆရာကြီး ဦးသာအေးက ပြောပြသည်။

ကြီးပွားတိုးတက်ချင်ရင် အလုပ်လုပ်

ဆရာကြီးဦးသာအေးက “ငုတ်တုတ်ထိုင်နေတဲ့ သူက ဘေးပတ်လည်မှာရှိနေတဲ့ ပတ်ဝန်းကျင်ကို မြင်လည်းမမြင်ဘူး၊ သိလည်းမသိဘူး အမြင်ကျဉ်းတာပေါ့။ စာမတတ်တဲ့သူကလည်း ငုတ်တုတ်ထိုင် နေတဲ့သူလိုပဲ။ ဘေးပတ်လည်မှာရှိနေတဲ့ ပတ်ဝန်းကျင်ကို မမြင်ဘူး၊ မသိဘူး။ ဒီတော့ အမြင်မကျယ်ဘူး။ အမြင်ကျဉ်းတယ်။ အမြော်အမြင်မရှိဘူး။ အမြော်အမြင်မရှိတဲ့သူက မကြီးပွားဘူး။ မတိုးတက်ဘူး။ ဆင်းရဲတွင်း နစ်နေမှာပဲ။ ထိုင်ရာမထ ငုတ်တုတ်ထိုင်နေတဲ့သူက အလုပ်လုပ်ရမှာ ပျင်းလို့ ထိုင်နေတာပဲ။ စာမတတ်တဲ့သူကလည်း စာသင်ရမှာပျင်းပြီး စာမသင်လို့စာမတတ်တာပဲ။ ထိုင်ရာမထငုတ်တုတ်ထိုင်နေတဲ့သူနဲ့ စာမတတ်တဲ့သူ ကတော့ မကြီးပွားမတိုးတက်နိုင်ပါဘူး။ ဒါကြောင့် စာမတတ်တဲ့သူက ထိုင်နေတဲ့သူနဲ့ တူတယ်လို့ ပြောပြတာ။ ကြီးပွားတိုးတက်ချင်ရင် အလုပ်လုပ်ရမှာ။ ပျင်းပြီးထိုင်မနေနဲ့။ စာသင်ရမှာပျင်းပြီး စာမသင်ဘဲမနေနဲ့။ စာတတ်အောင်သင်ကြရမယ်။”ဟု ပြောပြသည်။

တစ်ဆက်တည်း ဆရာကြီးဦးသာအေးက “မင်းတို့အားလုံး ခုဘယ်မှာ ထိုင်နေတာလဲ” ဟု ကျွန်တော်တို့ကိုမေးပါသည်။ “အခန်းထဲမှာ ထိုင်နေတာပါခင်ဗျာ။” ဟု ကျွန်တော်တို့က ဖြေလိုက်သည်။ “ဟုတ်ပြီ။ ခုချက်ချင်း ထိုင်ရာကနေ မတ်တတ်ရပ်လိုက်ကြစမ်းပါ” ဟု ပြောပြန်သည်။ ကျွန်တော်တို့အားလုံး မတ်တတ်ရပ်လိုက်ကြရသည်။ “ဟုတ်ပြီ။ မင်းတို့အားလုံး မတ်တတ်ရပ် နေရာကနေ ဘေးပတ်လည်ကို မင်းတို့မျက်စိနဲ့မြင်ရ တဲ့နေရာအထိ ကြည့်လိုက်ကြစမ်းပါဦး။”ဟု ဆရာကြီးက ပြောပြန်သည်။ ကျွန်တော်တို့အားလုံးကလည်း လေးဘက်လေးတန်လှည့်ပြီး ကြည့်လိုက်ကြသည်။ ခဏလောက်ကြာတော့ ဆရာကြီးက “ကဲ၊ ကဲကဲ အားလုံးထိုင်ကြပါ”ဟု ပြောလိုက်သည်။ ကျွန်တော်တို့အားလုံးထိုင်ကြရသည်။

“ခုနက မင်းတို့ မတ်တတ်ရပ်ကြည့်လိုက်တော့ ဘာတွေမြင်ကြရလဲ။ မင်းတို့မြင်ရတာတွေ ပြောပြကြကွာ”ဟု မေးသည်။ ကျွန်တော်တို့ အများကြီး မြင်လိုက်ရသည်။ ယာခင်းထဲတွင် ပေါင်းနုတ်နေကြသူများ၊ ယာထွန်နေကြသူများ၊ ယာခင်းထဲက သီးနှံပင်များ၊ သစ်ပင်ကြီးများ၊ ထန်းပင်ကြီးများ၊ တောင်တန်းများ၊ ပျံသန်းနေသည့် ကျေးငှက်များ၊ နွား၊ ဆိတ်၊ ဝက် တိရစ္ဆာန်များ၊ မှိုင်းပျပျတောင်တန်း များစသည်ဖြင့် အမျိုးမျိုးအဖုံဖုံ မြင်ကြရသည်။ အပြာရောင်ကောင်းကင်ကြီးကို မြင်လိုက်ရသလို ဟိုးဝေးဝေးက မိုးကုပ်စက်ဝန်းကိုပင် ခပ်ရေးရေး မြင်လိုက်ရသည်။ ကျွန်တော်တို့ မျက်စိထဲမြင်ရသည်များကို တစ်ယောက်တစ်မျိုးနှင့် အမျိုးမျိုးပြောပြ လိုက်ကြသည်။ ကျွန်တော်တို့ ပြောပြနေသည်များကို ဆရာကြီးက ပြုံးပြုံးကြီးနားထောင်နေပါသည်။

“ခုန မင်းတို့မြင်လိုက်ရတာတွေက အများကြီးပဲနော်။ အဲဒါတွေကို မြင်ရတာက ထိုင်ပြီး ကြည့်ရင်း မြင်ရတာလား။ မတ်တတ်ရပ်ပြီးကြည့်တော့မှ မြင်ရတာလား။”

“မတ်တတ်ရပ်ပြီးကြည့်တော့မှမြင်ရတာပါ”

“ဟုတ်တာပေါ့။ အခန်းထဲမှာပဲ ထိုင်ပြီးကြည့်ရင်တော့ အခန်းထဲမှာရှိတဲ့ မြင်နေကျမြင်နေရတာတွေကိုပဲ မြင်ရမယ်။ မတ်တတ်ရပ်ကြည့်လိုက်တော့ မင်းတို့ရဲ့ပတ်ဝန်းကျင်မှာ ရှိနေတာတွေကို မြင်လိုက်ရတာအများကြီးပဲ။ ဒီတော့ထိုင်ပြီး ကြည့်တာနဲ့ မတ်တတ်ရပ်ပြီးကြည့်တာမှာ ဘယ်ဟာက ပိုပြီးအများကြီးမြင်ရမလဲ။”

“မတ်တတ်ရပ်ပြီးကြည့်တာက အများကြီး မြင်ရပါတယ်။”

“ဟုတ်ပါတယ်။ ထိုင်ပြီးကြည့်တာက နေရာကျဉ်းကျဉ်းလေးပဲမြင်ရတယ်။ မြင်ရတဲ့အမြင်က ကျဉ်းနေတယ်။ ဒီတော့အမြင်ကျဉ်းမြောင်းတာပေါ့။ မတ်တတ်ရပ်ပြီးကြည့်လိုက်တော့ ဘေးပတ်ဝန်းကျင်မှာ ရှိနေတာတွေကို အများကြီးမြင်ရတယ်။ မြင်ရတဲ့မြင်ကွင်းကလည်းအကျယ်ကြီးပဲ။ မြင်ရတာ ကျယ်တယ်။ ဒီတော့အမြင်ကျယ်ပြန့်တာပေါ့။ ကျဉ်းကျဉ်းလေးမြင်ရတော့ ကျဉ်းကျဉ်းလေးပဲ သိတယ်။ အများကြီးမြင်ရတော့ အများကြီးသိတယ်။ ထိုင်ရင်းကြည့်တဲ့သူက အမြင်ကျဉ်းတယ်။ အမြင်ကျဉ်းတော့ အသိနည်းတယ်။ မတ်တတ်ရပ်ပြီး ကြည့်တဲ့သူက အမြင်ကျယ်တယ်။ အမြင်ကျယ်တော့ အသိကြွယ်တယ်။ ထိုင်နေတဲ့သူထက် မတ်တတ်ရပ်တဲ့သူက အမြင်ပိုတယ်၊ အသိပိုတယ် ဆိုတာကို မင်းတို့လက်တွေ့မျက်မြင်ပဲ။”

ထိုင်နေခြင်းထက် မတ်တတ်ရပ်နေခြင်းက ပိုပြီးအမြင်ကျယ် အသိပိုကြောင်းကို လက်တွေ့ ပြလိုက်ခြင်းဖြစ်သည်။

ရှေ့ကိုတိုးပြီးသွားနေလေလေ အများကြီးမြင်ရလေလေပါပဲ

“မတ်တတ်ရပ်ပြီးမြင်ရတာထက် ရှေ့ကိုခြေတစ်လှမ်းတိုးပြီးသွားရင် တစ်လှမ်းစာပိုပြီး မြင်ရတယ်။ ခြေလှမ်းတွေအများကြီး တိုးပြီး၊ တိုးပြီးသွားရင်အများကြီး တိုးပြီး၊ တိုးပြီး မြင်ရတာပေါ့။ ရပ်နေရာကနေ ရှေ့ကိုတိုးပြီးသွားနေလေလေ အများကြီးမြင်ရလေလေပါပဲ။ အများကြီးမြင်ရတော့ အများကြီးသိလာတာပေါ့ကွာ။ မတ်တတ်ရပ်ကြည့်နေလို့ကတော့ မြင်ရုံပဲမြင်နေရမယ်။ လက်ဆုပ် လက်ကိုင်မတွေ့ရဘူး။ မြင်တဲ့နေရာကို ရောက်အောင်သွားမှ လက်ဆုပ်လက်ကိုင်တွေ့ရမှာပဲ။ မြင်တဲ့နေရာကို ရောက်အောင်သွားလိုက်တော့ အမြင်ပိုလာတယ်၊ အသိပိုလာတယ်၊ ခရီးလည်း ရောက်တယ်ဆိုတာကို မှတ်ထားကြရမယ်။”

ဆရာကြီးဦးသာအေး ပြောပြနေသည်များကို ကျွန်တော်တို့ ငြိမ်ငြိမ်သက်သက် နားထောင်နေ ကြပါသည်။

“စာတတ်ပြီဆိုတဲ့သူက မတ်တတ်ရပ်လိုက်တာနဲ့ တူတာပေါ့။ ထိုင်ရာကနေ မတ်တတ်ရပ်လိုက်တော့ ပတ်ဝန်းကျင်ကို ကျယ်ကျယ်ပြန့်ပြန့် မြင်လာသလို စာတတ်တဲ့သူကလည်း စာထဲမှာရှိနေတာတွေကို မြင်လာတယ်။ စာထဲမှာကအသိပညာ တွေ၊ အတတ်ပညာတွေရှိတယ်။ စာထဲမှာရှိနေတဲ့ အသိပညာတွေ၊ အတတ်ပညာတွေကို စာတတ်တဲ့သူကပဲ မြင်နိုင်ပါတယ်။ စာမတတ်တဲ့သူက မမြင်နိုင်ပါဘူး။ မြင်နေရတဲ့စာထဲက အသိပညာတွေ၊ အတတ်ပညာတွေကို ရအောင်ယူကြရမယ်။ ရအောင်ယူဖို့ကတော့ စာဖတ်ရမှာပဲ။ စာဖတ်ရုံနဲ့လည်း မပြီးသေးဘူး။ ဖတ်ထားတာတွေကို မှတ်သားထားရမယ်။ ဖတ်ပြီးမှတ်သားထားမှလည်း စာထဲမှာရှိနေတဲ့ အသိပညာတွေနဲ့ အတတ်ပညာတွေကို ရရှိလာမှာပဲ။”

ကျွန်တော်တို့အားလုံးသည် ဆရာကြီးဆက်ပြောမည့်စကားများကိုသာ စိတ်ဝင်စားနေကြသည်။

စာဖတ်လို့ရလာတဲ့ အကျိုးကျေးဇူးတွေ

“စာဖတ်ပြီး မှတ်သားထားတာတွေက ဘဝတစ်လျှောက်လုံးအတွက် အကျိုးရှိပါတယ်။ ပျောက်ပျက်တိမ်ကောမသွားပါဘူး။ ဖတ်ပြီး မှတ်ထားတာတွေက အမြဲတမ်းအလင်းရောင်တွေ ဖြာထွက်နေတယ်။ အဲဒီအလင်းရောင်တွေက မှေးမှေးမှိန်မှိန်မဟုတ်ဘူး။ ထိန်ထိန်လင်းနေတယ်။ လျှောက်နေရတဲ့ ဘဝလမ်းတစ်လျှောက်မှာ ရှေ့ကနေ လမ်းပြပေးနေတယ်။ ဘဝရှေ့ဆောင်အလင်း ရောင်တွေပါပဲ။ စာထဲကရလာတဲ့ အလင်းရောင်တွေက မီးမောင်းထိုးပြနေတော့ အမှောင်ထဲမှာ မမြင်မကန်းနဲ့ စမ်းတဝါးဝါး လျှောက်နေရတာမဟုတ်ဘူး။ လင်းလင်းကျင်းကျင်း အလင်းရောင်အောက်မှာ လျှောက်နေရတာပါ။ ဒီတော့လမ်းမမှားဘူး၊ လမ်းစမပျောက်ဘူး။ အနှောင့်အယှက်ပေးမယ့် ဘေးရန် အန္တရာယ်ကိုလည်း မြင်နေရတယ်။ ဒီတော့အနှောင့် အယှက်ပေးမယ့် ဘေးရန်အန္တရာယ်တွေကို ရှောင်ကွင်းနိုင်တာပေါ့။ ခလုတ်မထိ ဆူးမငြိဘဲ ခရီး လျှောက်လိုက်တော့ ခရီးပေါက်၊ ခရီးရောက်တယ်။ ခရီးပေါက်သလောက်၊ ရောက်သလောက်လည်း အရာထင်ပါတယ်။ ကောင်းကျိုးချမ်းသာတွေကို ရရှိခံစားကြရပါတယ်။ အဲဒါတွေကတော့ စာဖတ်လို့ရလာတဲ့ အကျိုးကျေးဇူးတွေပါပဲ။” ဟု စာဖတ်ပြီး မှတ်သားရာကနေရလာသည့် အကျိုးကျေးဇူးများကို ဆရာကြီးဦးသာအေးက တသီတတန်းကြီး ပြောပြနေခြင်းဖြစ်ပါသည်။

“ဘယ်သူမဆိုကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် တည်ဆောက်ကြရတဲ့သူတွေချည်းပါ။ ဆရာ့ တပည့်တွေလည်း တပည့်တို့ဘဝကို တပည့်တို့ကိုယ်တိုင် တည်ဆောက်ကြရမှာပဲ။ ဘဝတစ်ခု တည်ဆောက်တဲ့အခါမှာ ထိုင်နေတဲ့သူက မတ်တတ်ရပ်နေတဲ့သူထက် နိမ့်ကျမယ်။ မတ်တတ်ရပ် လိုက်တဲ့သူက ထိုင်နေတဲ့သူထက် မြင့်မယ်။ ဒါကြောင့် ထိုင်ပြီးအချိန်မဖြုန်းပါနဲ့။ ထိုင်နေတာ ကြာလေလေ နိမ့်ကျလေလေပါပဲ။ မတ်တတ် ရပ်နေတဲ့သူကလည်း သွားနေတဲ့သူထက် နောက်ကျနေဦးမှာပဲ။ သွားနေတဲ့သူကတော့ မတ်တတ်ရပ်နေတဲ့သူထက် အရင်ရောက်မှာပေါ့။ တချို့ကမတ်တတ်ရပ်ပြီး ဆက်လျှောက်ရကောင်း နိုးနိုး၊ ဆက်မလျှောက်ဘဲနေရရင် ကောင်းနိုးနိုးနဲ့ တွေဝေပြီးနေတတ်တယ်။ တွေဝေနေလို့ကတော့ ခရီးမရောက်တော့ဘူး။ တွေဝေမနေဘဲ လျှောက်နေမှ ခရီးပေါက်လို့ ခရီးရောက်မှာပါ။ မလျှောက်ဘဲ၊ မသွားဘဲနဲ့တော့ ခရီးမရောက် ခရီးမပေါက်ပါဘူးကွာ” ဟု ဆရာကြီးက ပြောပြပါသည်။ နား ထောင်ရသည်မှာ အရသာရှိလှသည်။ ဆရာကြီးက ကျွန်တော်တို့အားလုံးကို စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပေးနေခြင်းဖြစ်သည်။

ဘဝတည်ဆောက်တဲ့နေရာမှာ အသုံးချ

“အဲဒီလိုပါပဲ။ စာမတတ်တဲ့သူက စာတတ်တဲ့ သူရဲ့ရှေ့မှာ မရှိဘူး။ စာမတတ်တဲ့သူက စာတတ်တဲ့ သူရဲ့နောက်မှာပဲရှိနေမယ်။ စာတတ်တယ်ဆိုတဲ့သူကလည်း စာဖတ်ရဦးမယ်။ စာမဖတ်ရင်တော့ စာဖတ်တဲ့သူရဲ့နောက်မှာပဲ ရှိနေမယ်။ စာဖတ်ရင်လည်းဖတ်တဲ့စာကို မှတ်သားဖို့လိုတယ်။ ဖတ်ပြီး မမှတ်ဘူးဆိုရင်တော့ ဖတ်ပြီးမှတ်တဲ့သူရဲ့နောက်မှာရှိနေမှာပဲ။ ဖတ်ပြီးမှတ်သားထားတာတွေကိုလည်း ဘဝအတွက် အသုံးချရမယ်။ ဒါမှအကျိုးရှိမယ်။ တချို့က ဖတ်ပြီးမှတ်ထားတာတွေကို အသုံး ချရကောင်းမှန်းမသိဘူး။ ဒီတော့ ဖတ်ပြီးမှတ်ထားတာတွေက အလကားဖြစ်ကုန်တာပေါ့။ ဖတ်ပြီးမှတ်ထားတာတွေကို အသုံးချရကောင်းမှန်းသိနေတဲ့သူက အသုံးချရကောင်းမှန်းမသိတဲ့သူထက် သာလွန် နေမှာပဲ။ သူတကာထက် သာလွန်မြင့်မားတဲ့ဘဝကို ရပိုင်ဖို့ကတော့ စာများများဖတ်ပြီး များများ မှတ်သားနေကြရမယ်။ မှတ်သားထားတာတွေကို ဘဝတည်ဆောက်တဲ့နေရာမှာ အသုံးချရမယ်။ များများဖတ် များများမှတ်ပြီး မှတ်သားထားတာတွေကို လိုအပ်တဲ့နေရာမှာ လိုအပ်သလို အသုံးချတဲ့ သူကတော့ ပြဇာတ်ထဲက စာတိုငညိုလို သူကောင်း ပြုခံရမှာပါပဲ”ဟု ဆရာကြီးက ပြောပြသည်။

ကျွန်တော်တို့ ငယ်ဆရာကြီး ဦးသာအေးက ကျွန်တော်တို့ကို စာတွေအများကြီးတတ်မြောက်အောင် သင်ယူကြစေချင်သည်။ စာအများကြီး တတ်မြောက်သည်နှင့်အမျှ အများကြီး စာဖတ်ပြီး အများကြီးမှတ်သားစေချင်သည်။ စာဖတ်ပြီး ရလာသည့် အသိပညာ၊ အတတ်ပညာများကို လက်တွေ့ဘဝတွင် အသုံးချစေချင်သည်။ ထိုသို့သောစေတနာ များထားကာ “စာတိုငညို” ပြဇာတ်နှင့်ဆက်စပ်ပြီး အဆုံးအမစကားကို ပြောပြခဲ့ခြင်းဖြစ်သည်။

၁၉၆၇-၁၉၆၈ ခုနှစ်ခန့်တွင် ကျွန်တော်တို့ ဆရာကြီးဦးသာအေး ပြောပြခဲ့သောစကားက ကျွန်တော်တို့ တည်ဆောက်ကြရမည့်ဘဝကို ခိုင်မာအောင် ကျွန်တော်တို့ လျှောက်လှမ်းရမည့်ဘဝ လမ်းကြောင်းကို မတိမ်းစောင်းအောင် အမြဲတစေ ထိန်းကျောင်းပေးလျက်ရှိသည်။ ဆရာကြီး ဦးသာအေး၏ ကျေးဇူးကား ထုတ်ဖော်၍မကုန်နိုင်အောင် များပြားကြီးမားလွန်းလှပါသတည်း။ ။