ချောင်းရေမလျှံ ရေမကြီး ရေစီးရေလာကောင်းပြီး မြေကြီးက ရွှေသီးပြီ

သိန်းဇော် (ရွှေလီဦး)

ဧရာဝတီတိုင်းဒေသကြီးသည် မြစ်ချောင်းအင်းအိုင်ပေါများသော တိုင်း‌ဒေသကြီးဖြစ်သည်။ ရှေးနှစ်ပေါင်းများစွာကပင် ဒီရေ၊ ဒီမြေကို အမှီပြု၍ စပါး၊ ပဲ၊ ပြောင်း၊ ဆေးရွက်ကြီး၊ ငရုတ်၊ ဘူး၊ သခွား စသည့် သီးနှံမျိုးစုံကို စိုက်ပျိုးလာကြသည်။ ဒီချောင်း ဒီရေတွင် လှေငယ်များ စုန်ဆန်ကူးလူးသွားလာခဲ့ကြသည်။ ကုန်သွယ်ခဲ့ကြသည်။ ထို့ကြောင့် ဒေသနေပြည်သူတို့၏ သာသနာရေး၊ ဘာသာရေးမှအစပြုကာ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့အတွက် ဒီမြစ်၊ ဒီချောင်း၊ ဒီရေတို့မှာ အသက်သွေးကြောပင်။
သို့သော် နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ အကြောင်းအမျိုးမျိုးတို့ကြောင့် မြစ်ချောင်းကြီးများမှလွဲ၍ မြစ်အဖျား၊ ချောင်းအဖျားတို့မှာ ကောလာခဲ့သည်။ အချို့ချောင်းများ၊ ရိုးများမှာ ရွှံ့နွံ၊ သဲနုန်းတို့ ပြည့်လာသည်။ ချောင်းတချို့မြေပြင်ကြီး ပမာဖြစ်သွားသည်။ ပျောက်သွားသည်။ ယခင်က လှေသမ္ဗန်တို့ သွားလာခဲ့သည်မှာ ယခုပြောလျှင် ယုံနိုင်စရာမရှိတော့။ ဒေသနေပြည်သူတစ်ဦးဖြစ်သော ရှေ့မီနောက်မီ အဘိုးတစ်ဦးထံမှ ရေကြည်ချောင်း၏ သမိုင်းကြောင်းကို တစေ့တစောင်း သိခွင့်ရခဲ့၏။ တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည့် ဒေသနေပြည်သူများ၏ စကားသံများမှာလည်း အားရ ကြည်နူးဖွယ်ရာပင်။

ရေကြည်မြို့ ဗထူးရပ်ကွက်နေ အသက် ၉၃ နှစ်အရွယ် ကျောင်းဆရာကြီး အငြိမ်းစား ဦးအေးဟန်က ရေကြည်ချောင်းကြီး၏ ယခင်အခြေအနေနှင့် ပတ်သက်၍ “ဟိုအရင် နှစ်ပေါင်းများစွာက တို့ရေကြည်ချောင်းကြီးဟာ ရေကြည်၊ ဇရပ်လှ၊ ငါးသိုင်းချောင်းကထွက်တဲ့ ဆန်စပါး၊ ခြံထွက်သီးနှံတွေ၊ ငှက်ပျောတွေကို သယ်ယူပို့ဆောင်ရာမှာ အသုံးဝင်တဲ့ အဓိကလမ်းကြီးပေါ့။ ဒီကနေ့ ကျုံပျော် ဒါးကမြစ်ကနေ မြစ်ဝကျွန်းပေါ်တစ်ခုလုံးကနေ၊ နိုင်ငံအနှံ့သွားလာနိုင်သလို ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ငဝန်တာတမံကြီးကို လယ်ယာစိုက်ပျိုးရေးအတွက် လယ်ယာမြေတွေ ရေမနစ်ဖို့ ရေကာတာကြီး ဖို့လိုက်တာနဲ့ တဖြည်းဖြည်းနဲ့ ရေကြည်မြစ်ကျိုး ချောင်းကြီးနဲ့အတူ ချောင်းလက်တက်တွေဖြစ်တဲ့ ကြို့ကုန်းချောင်း၊ ကြံလဟာချောင်း၊ ကလိပတ်ချောင်း၊ လှေဆွဲရိုးချောင်းတွေဟာ နုန်းတွေကျ၊ အတားအဆီး အပိတ်အဆို့တွေဖြစ်ပြီး မြေသားတွေ တက်လာတာပေါ့။ ရေကြည်ချောင်းကြီးမှာ လှေသမ္ဗန်တွေ သွားလာနိုင်ဖို့ နေနေသာသာ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကူးနိုင်တဲ့အထိ နွံတွေတက်လာတော့ နွေအခါရေတက်ရေကျဟာ ဆင်ကူးတံတားလောက်ပဲရှိတော့တယ်” ဟု ပြောပြသည်။ 

ထို့အတူ တိုးတက်လာသည့် ယခုလက်ရှိအခြေအနေများကိုလည်း ဒေသခံတောင်သူလယ်သမားများထံမှ ကြားသိခဲ့ရသည်။
ပန်းတောကြို့ကုန်းရွာမှ လယ်သမားကြီး ဦးသန်းလွင်က “ရေကြည်မြစ်ကျိုးချောင်းကြီးနဲ့ ချောင်းလက်တက်တွေဖြစ်တဲ့ ကြံလဟာချောင်း၊ ကြို့ကုန်းချောင်း၊ လှေဆွဲရိုးချောင်း၊ ကလိပတ်ချောင်းတွေကို နိုင်ငံတော်က တူးဖော်ပေးခဲ့တဲ့အတွက် လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀ လောက်က ရေစီးရေလာမျိုး ပြန်ရပါပြီ။ ဒါကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနဲ့ တိုင်းတာဝန်ရှိသူများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရေကြည်မြို့နယ်မှာ ၂၀၂၂ -၂၀၂၃ အတွင်း လယ်ယာစိုက်ပျိုးရေးနဲ့ သက်ဆိုင်တဲ့ ချောင်းကော၊ မြောင်းကောကြီး‌ ခြောက်မြောင်း တူးဖော်ပေးထားတယ်လို့လည်း သိရပါတယ်။ အခုဆိုရင် ကျွန်တော့်လယ်ဟာ ပန်းတောကြို့ကုန်းချောင်းဘေးမှာ ရှိနေတာမို့ ယခင်က စပါးပြီး ပဲ၊ ပဲပြီးရင် ရေမရှိတော့လို့ လယ်မြေကို ဒီအတိုင်းထားခဲ့ရတယ်။ အခုလာမယ့်နှစ်ဆို သက်ရင်စပါးထပ်စိုက်ပြီး သုံးသီး အမှန်တကယ်စိုက်နိုင်တော့မှာ အသေအချာဖြစ်သွားပြီ။ နောက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလည်း ထောက်ပံ့ရရှိခဲ့တယ်။ နောက်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်း ၁၀၀ ကျော်မယ့် မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးပြီး နည်းစနစ်တွေ ပညာပေးတယ်။ နောက်သမဝါယမဦးစီးဌာနက သွင်းအားစုတွေ စီစဉ်ပေးတယ်။ ဒါကြောင့် ကျွန်တော်တို့လို လယ်သမားတွေအနေနဲ့ သားရွှေအိုးထမ်းလာတာ မြင်ရကိန်းဖြစ်ပြီပေါ့ဗျာ။ တစ်နည်းပြောရရင် မြေကြီးက ရွှေသီးပြီး အလှူအတန်းတွေလည်း လှူကြ၊ တန်းကြနဲ့ မိသားစုစီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အထွေထွေတိုးတက်လာမှာ သေချာပြီ” ဟု ပြောသည်။
 
ရေကြည်မြို့နယ်တွင် ယခင်ကာလက ရေစီးရေလာကောင်းပြီး စိုက်ပျိုးရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးအတွက် အလွန်အသုံးဝင်ခဲ့သော ချောင်းကြီး၊ မြောင်းကြီးများမှာ အကြောင်းအမျိုးမျိုးကြောင့် ချောင်းကော မြောင်းကောများဖြစ်ကာ မိုးများလျှင် ရေထွက်ပေါက်ကျဉ်း၍ ရေကြီးရေလျှံခြင်း၊ စပါးစိုက်ခင်းများ အကြိမ်ကြိမ်ပျက်စီးခြင်းများ ကြုံရသဖြင့် လယ်သမားများအနေဖြင့် အိုးလုပ်ဖုတ်ကွဲ အဖြစ်မျိုးကြုံခဲ့ရသည်မှာ အကြိမ်ကြိမ်ပင်။ 

ထို့အတူ ရေကြည်မြစ်ကျိုးချောင်းကြီး တစ်လျှောက် ချောင်းဘေးဝဲယာတွင် ပြောင်း၊ ဘူး၊ သခွား၊ ငရုတ်၊ ပဲတောင့်ရှည်၊ ဂေါ်ဖီ၊ ခရမ်းသီး၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီခင်းများနှင့် မေမြို့ပန်း၊ သစ္စာပန်း၊ ဒေါနပန်းစသည့် စိုက်ခင်းပန်းခင်းများ ပျောက်ကွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ယခုနှစ် ကာလတွင် ချောင်းကော၊ မြောင်းကောများ ပြန်လည်တူးဖော်ပေးခဲ့ပြီး ရေကြည်ချောင်းကြီးနှင့် ချောင်းလက်တက်များ ကမ်းနားတစ်လျှောက်တွင် ခြံစိုက်ခင်း၊ ပန်းခင်းများစိုက်ပျိုးကြရန် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ စေတနာလမ်းညွှန်ချက်ဖြင့် ဝေဝေဆာဆာဖြစ်နေခဲ့ပြီ။ 

မျက်တိုအုပ်စု မဲဇလီကုန်းရွာမှ တောင်သူလယ်သမား ကိုစိုးမင်းစိုးကလည်း “ကျွန်တော်တို့မြို့နယ်မှာ နိုင်ငံတော်က ဒီရေကြည်ချောင်းကြီးနဲ့ ချောင်းလက်တက်တွေကို တူးဖော်ပြီး တောင်သူလယ်သမားတွေဘဝနဲ့ ဒေသနေပြည်သူတွေဘဝကို မြှင့်တင်ပေးတဲ့အပြင် ရေကြည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ကြီးကြပ်မှု၊ တာဝန်ယူတဲ့ ကုမ္ပဏီများရဲ့ တာဝန် ကျေမှုကြောင့် ကျွန်တော့်လုပ်ခင်းဖြစ်တဲ့ ကြို့ကုန်း၊ ကြံလဟာချောင်းဖျားအထိ ရေတက်ရေကျရှိလာပါပြီ။ ဒါကြောင့် လာမယ့်နှစ်မှာ စပါး၊ ပဲတီစိမ်း၊ မတ်ပဲနဲ့ နေကြာကို ရေသွင်းစနစ်နဲ့ စိုက်ပျိုးနိုင်ပါပြီ။ နောက်ပြီး ဒီလိုတူးဖော်ထားတဲ့ မြောင်းဘေးက တာပေါင်ကြီးကို ကုန်ထုတ်လမ်းအဖြစ် အဆင့်မြှင့်လိုက်ရင်တော့ ကျွန်တော်တို့ တစ်နယ်လုံး ချောင်းရေမလျှံ ရေမကြီးရေစီးရေလာကောင်းပြီး မြေကြီးက ရွှေသီးပြီပေါ့” ဟု အားပါးတရပြောသည်။

နိုင်ငံတော်၏စေတနာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးဆောင်ရွက် မှု၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်များ၏ အကောင်အထည်ဖော်မှု၊ ကျုံပျော် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရေကြည်မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့တို့၏ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးမှုများကြောင့် ရေကြည်မြို့နယ်ရှိ ရေကြည်ချောင်းကြီးနှင့် လက်တက်ချောင်းများကို မှီခိုနေထိုင်စားသောက် စိုက်ပျိုးလုပ်ကိုင်ကြသော မိသားစုများ၏ ဘဝများသည် အမှန်တကယ်ပင် မြေကြီးက ရွှေသီးပေတော့မည်။ ထို့အတူ တိုင်းနှင့် ပြည်နယ်အနှံ့မှ ချောင်းကော၊ မြောင်းကောများကို နိုင်ငံတော်က လိုအပ်သလို တူးဖော်ပေးနေခြင်းကို ဖြင့် မြင်တွေ့ကြားသိရသော သတင်းများကြောင့် အများနှင့်ထပ်တူခံစားရင်း ဝမ်းသာပီတိဖြစ်ရပါတော့သည်။ ။