ခေတ်မီနည်းပညာရပ်များ အသုံးပြု၍ ပြည်သူကို အကူအညီပေးလျက်ရှိသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

ဗိုလ်ရွှေ(နတ်မောက်)

 

ယနေ့ခေတ်ကမ္ဘာကြီးသည် လူသားတို့၏ သဘာဝ သယံဇာတ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ စက်မှုလက်မှု လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုတို့ကြောင့် ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လုပ်မှုပမာဏ တိုးတက်များပြား လာရာမှ ပင်လယ်၊ သမုဒ္ဒရာများ၏ အပူချိန်များ မြင့်မား ပူနွေးလာသည်။ ယင်းတို့၏ အကျိုးဆက်ကြောင့် Global Climate Change ဟုခေါ်သော ကမ္ဘာ့ရာသီဥတု ပြောင်းလဲ မှုဖြစ်စဉ်များ ဖြစ်ပွားလာခဲ့သည်။ သို့အတွက်ကြောင့် ကမ္ဘာ့နေရာအသီးသီးတွင် ကြီးမားသော သဘာဝ ဘေးအန္တရာယ်ဆိုးကြီးများ ဖြစ်ပွားပေါ်ပေါက်လာခဲ့ရပါ သည်။


 

အဆိုပါ ဘေးအန္တရာယ် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်နှင့် လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်နိုင်ရန် ICT နည်းပညာ အခြေခံ Application များ Software များ၊ အာရုံခံကိရိယာများ၊ ခြေရာခံပစ္စည်း များ တီထွင်ဖန်တီးလာခဲ့ကြပါသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရင်ဆိုင်ကြုံတွေ့လာ ရမည့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ စောင့်ကြည့်လေ့လာမှုများနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြပါသည်။

ကြိုတင်သတိထား၍ ပြင်ဆင်

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် (Global Climate Change) အရ ဖြစ်ပေါ်လာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ရနိုင် သည့် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ဆုံး စာရင်းဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ရပ်တည်လျက် ရှိပါသည်။ ထိုကဲ့သို့သော အခြေအနေတွင် သဘာဝဘေး အန္တရာယ်ဆိုသည်မှာ ကြိုတင်ကာကွယ်တာဆီးနိုင်သော အရာ မဟုတ်ပါ။ ကြိုတင်သတိထား၍ ပြင်ဆင်ဆောင်ရွက် ထားမှသာ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာသည့် အခါ ထိခိုက်ဆုံးရှုံးမှု လျော့ပါးသက်သာနိုင်မည် ဖြစ်ပါ သည်။


 

ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအနေဖြင့် ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ် ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူအင်အား၊ အထောက်အကူပစ္စည်း အင်အားနှင့် နည်းပညာတို့ကို အချိုးညီညီ၊ ဟန်ချက်ညှိ ဆောင်ရွက် မှသာ ကြုံတွေ့လာမည့် ဘေးအန္တရာယ်များကို ထိရောက် လျင်မြန်စွာ ရင်ဆိုင်ကျော်လွှားနိုင်မည်ဖြစ်ပါသည်။


 

သတင်းအချက်အလက်များ မျှဝေ


 

မီးသတ်ဦးစီးဌာနသည် ယခင်ကာလကပင် တပ်ဖွဲ့ ဝင်များအား မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ တရုတ်၊ ဂျပန်၊ အိန္ဒိယကဲ့သို့သော ပြည်ပနိုင်ငံများသို့ နှစ်စဉ်သင်တန်း သားများ စေလွှတ်တက်ရောက်စေခဲ့သလို အလုပ်ရုံ ဆွေးနွေးပွဲများ၊ ပြည်တွင်းသင်တန်းများကိုပါ တက်ရောက် စေခဲ့သည့် အကျိုးကျေးဇူးများကြောင့် သတင်းအချက် အလက် နည်းပညာကဏ္ဍမှာ မရှိမဖြစ် အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်ကို သိရှိနားလည်ခဲ့ကြပါသည်။ သို့ဖြစ်၍ နိုင်ငံတော်၏ e-government လုပ်ငန်းစဉ်များ တွင် အဆင်ပြေလွယ်ကူစွာ ပါဝင်ဆောင်ရွက်နိုင်ရေး အတွက် မီးသတ်ဦးစီးဌာန၏ Website ဖြစ်သော www.fsd.gov.mm ကို ၂၀၀၅ ခုနှစ်ကပင် လွှင့်တင်ဆောင်ရွက် ခဲ့သော်လည်း သတင်းများအား အမြဲတင်ပြနိုင်သော Website တစ်ခုအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ မီးသတ်ဦးစီးဌာနမှ အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် သတင်းအချက်အလက် နည်းပညာတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လာခဲ့ရာ ၂၀၁၂ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှစတင်၍ www.fsd.gov.mm Website အား အချက်အလက် ပြည့်စုံသော Website တစ်ခုအဖြစ် လွှင့်တင်နိုင်ခဲ့ပါသည်။ ထိုမှတစ်ဆင့် ယနေ့ ခေတ် မြန်မာနိုင်ငံတွင် လူသုံးအများဆုံး Social Media တစ်ခုဖြစ်သည့် Facebook တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ Myanmar Fire Services Department အမည်ဖြင့် Page တစ်ခု ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီး သတင်းများ Update တင်ပြနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ပါသည်။ Facebook ဟုခေါ်သော လူမှု ကွန်ရက်စာမျက်နှာမှာ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံ၌ စတင်မိတ်ဆက် အသုံးပြုခဲ့သည့် လူမှု ကွန်ရက် စာမျက်နှာတစ်ခုဖြစ်ပြီး တည်တောင်ခဲ့သူမှာ အမေရိကန်နိုင်ငံ မင်ဆာချူးဆက် ပြည်နယ်ရှိ ကိန်းဘရစ်ချ် တက္ကသိုလ်ကျောင်းသား မာ့ခ်ဇူကာဘတ်က စတင် တည်ထောင်ခဲ့ရာမှ ၎င်း page ၏ အကူအညီဖြင့် ဝေးကွာနေ သူ မိသားစုများအချင်းချင်း လက်ဆုံစကားပြောနိုင်ရန်၊ တစ်ဦးနှင့်တစ်ဦး သတင်းအချက်အလက်များ မျှဝေရန်နှင့် အဆက်အသွယ် ပြတ်တောက်နေသူများ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ရှာဖွေတွေ့ရှိနိုင်ရန် ရည်ရွယ်၍ ယနေ့ ခေတ်ကာလတွင် Facebook စာမျက်နှာသည် သတင်း အချက်အလက်ဖြန့်ဝေရန်နှင့် အသိပညာပေးရန် အကောင်း ဆုံးသော သတင်း Madia Page အဖြစ် ရပ်တည်လျက်ရှိပါ သည်။

 

5419
 

Entertainment media ဖြစ်သော Youtube channel တွင် အသိပညာပေးဇာတ်လမ်းတိုများ၊ မီးသတ် တပ်ဖွဲ့လုပ်ငန်းများအား အများပြည်သူကြားတွင် ဖျော်ဖြေ ရေးကဏ္ဍတစ်ခုအဖြစ် ဖန်တီးပေးထားပါသည်။ ထို့အပြင် ပြည်သူလူထုအတွင်း နေ့စဉ်ကြုံတွေ့နေရသော သဘာဝ ဘေး၊ လူကြောင့်ဖြစ်သော ဒုက္ခဘေးအပေါင်းကို အချိန်တို အတွင်း အကူအညီတောင်းခံနိုင်ရန် 191 Report And Dispact Order app တစ်ခုကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ မှစတင်၍ ချိတ်ဆက်ထုတ်လွှင့်ပေးခဲ့ပါသည်။ 191 Report appကို Android ဖုန်းများသာမက iPhone များပါ အသုံးပြုနိုင်အောင်ဆောင်ရွက်ထားပါသည်။ Google play store နှင့် Apple Store တို့မှ အခမဲ့ Downdload ရယူနိုင်ပါသည်။ အဆိုပါ App ကိုနှစ်နှစ်ခန့် အပင်ပန်းခံ အချိန်ယူရေးဆွဲခဲ့ရပါ သည်။


 

191 Report မိမိဖုန်းတွင် ရှိနေပါက Space တစ်နေရာ ရှုပ်နေမည်လား၊ ဘယ်လိုအကျိုးကျေးဇူးများ ရမည်ဆိုသည်ကို ရှင်းလင်းလွယ်ကူ နားလည်သဘောပေါက် စေရန် ရှင်းပြလိုပါသည်။


 

191 Report မိမိဖုန်းတွင် ရယူထားခြင်းအားဖြင့် မိမိ ကိုယ်တိုင် (သို့မဟုတ်) မိမိပတ်ဝန်းကျင်တွင် ဖြစ်ပွားလျက် ရှိသော မတော်တဆမှုများ၊ မီးလောင်မှု၊ ပျားတူအုံဖွဲ့မှု၊ ရေနစ်၊ မြွေဝင်၊ အိမ်မွေးတိရစ္ဆာန်ဒုက္ခကြုံတွေ့ရခြင်းစသော ဘေးဒုက္ခအပေါင်းကို ဖုန်းကင်မရာ ခလုတ်တစ်ချက်နှိပ်ပြီး ဖုန်းစခရင်မှာပေါ်လာမည့် မြားလေးကို တစ်ချက်ထိရုံနှင့် အချိန်တိုအတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ လာမည်ဖြစ်ပါသည်။


 

တွေ့မြင်ဖတ်ရှုကြရမည်


 

အချိန်တိုအတွင်း ဘယ်လိုရောက်လာမလဲဟု မေးမြန်း စရာများ ရှိလာနိုင်ပါသည်။ လူကြီးမင်းတို့၏ တယ်လီဖုန်း ကနေ ပေးပို့လိုက်တဲ့ဓာတ်ပုံဟာ အင်တာနက် လိုင်းကောင်း လျှင် ၁၀ စက္ကန့်အတွင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ Command Center ကို ရောက်ရှိသွားမည်ဖြစ်ပါသည်။ သတင်းရရှိသည်နှင့် ပေးပို့သူထံအမှန်ဟုတ်၊ မဟုတ် အတည်ပြုချက်ယူပြီး ခရီးအကွာအဝေးပေါ်မူတည်ကာ မီးငြှိမ်းသတ်ရေးနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိ လာမည်ဖြစ်ပါသည်။ 191 Report ကနေ အကူအညီ တောင်းခံခြင်းတစ်ခုတည်းသာ မဟုတ်ဘဲ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ ဆောင်ရွက်မှုများ၊ မြန်မာပြည်အနှံ့အပြား နေ့စဉ်ဖြစ်ပွားနေသည့် သတင်းများ၊ မိုးလေဝသ သတိပေး ချက်များကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်သတင်းများအတိုင်း တွေ့မြင်ဖတ်ရှုကြရမည် ဖြစ်ပါသည်။


 

191 Report ကို အသုံးပြုနိုင်ရန်အတွက် Play store (သို့မဟုတ်) Apple store များမှ Download ရယူပြီး မိမိ ဖုန်းမှာ Install လုပ်ပါ၊ ဖုန်းထဲမှာ ရောက်ရှိပြီဆိုလျှင် အင်တာနက် ဖွင့်ပါ၊ တည်နေရာပြ GPS ကို ဖွင့်ပါ၊ အသုံးပြု နိုင်ရန် မှတ်ပုံတင်ပါ၊ အတည်ပြုချက် Code နံပါတ်ဖြည့်ပြီး လျှင် စတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။


 

သတိပြုရန်အနေဖြင့် အကူအညီတောင်းခံရန် ဓာတ်ပုံရိုက်ကူးသည့်အခါ အခင်းဖြစ်ပွားသည့် တည်နေရာ မှ ၁၅ မီတာ (သို့မဟုတ်) ပေ ၅၀ အကွာအဝေးမှ ရိုက်ကူး ပေးပို့ရမည်ဖြစ်ပါသည်။ ပေ ၅၀ အကွာအဝေးမှ ရိုက်ကူး ပေးပို့ရခြင်းမှာ ဖြစ်စဉ်တည်နေရာမှန်ကန်စေရန်အတွက် ဖြစ်ပါသည်။ အဝေးမှရိုက်ကူးပေးပို့ပါက ဖြစ်စဉ် တည်နေရာနှင့် ရိုက်ကူးပေးပို့သူ၏ တည်နေရာ လွဲမှား သွားမည် ဖြစ်ပါ သည်။

မိမိတို့ဖုန်းတွင် မဖြစ်မနေထည့်သွင်း

သို့ဖြစ်ပါ၍ 191 Report App မိမိတို့ဖုန်းတွင် မဖြစ်မနေထည့်သွင်းထားခြင်းအားဖြင့် မိမိအတွက်၊ မိမိ ပတ်ဝန်းကျင်အတွက် အကူအညီပေးနိုင်မည် ဖြစ်ပါသည်။


 

မီးသတ်ဦးစီးဌာနသည် ပြည်သူလူထုအတွက် မီးဘေး၊ ရေဘေး၊ လေဘေး၊ လူကြောင့်ဖြစ်သော ဘေး ဒုက္ခများအား ကူညီဆောင်ရွက်ပေးသကဲ့သို့ ကြိုတင် ကာကွယ်ရေးကိစ္စရပ်များကိုလည်း ခေတ်စနစ်နှင့် လျော်ညီစွာ မီးဘေးကြိုတင်ကာကွယ်ရေးစနစ်များ ဖြစ်သည့် မီးလှန့်အချက်ပေးစနစ်များ၊ မီးခိုးထောက်လှမ်း ရေးစနစ်များ၊ အပူထောက်လှမ်းရေးစနစ်များ၊ မီးတောက် ထောက်လှမ်းရေးစနစ်များ၊ ရေရရှိရေးစနစ်များ၊ အလို အလျောက် ရေဖျန်းစနစ်များ၊ အလိုအလျောက် မီးငြှိမ်း သတ်ရေး ဓာတ်ငွေ့စနစ်များကို ဟိုတယ်၊ မိုတယ်များ၊ စက်ရုံ၊ အလုပ်ရုံများ၊ အထပ်မြင့်အဆောက်အဦများ၊ အဆင့်မြင့် ဈေးကြီးများ၊ ဘဏ်များ၊ စာသင်ကျောင်းများ တွင် အဆောက်အဦ အမျိုးအစားပေါ်မူတည်၍ မည်ကဲ့သို့ တပ်ဆင်ဆောင်ရွက်ရမည်ကို ဌာနတွင်းရှိ အင်ဂျင်နီယာ များဖြင့် နိုင်ငံတကာအဆင့်မီ စစ်ဆေးအကြံပြုပေးလျက် ရှိပါသည်။ မီးငြှိမ်းသတ်ရေးစနစ်များတပ်ဆင်ရန် အကြံပြု ညွှန်ကြားချက်များ ထုတ်ပေးရသလို အဆောက်အဦ အတွင်း နေထိုင်လျက်ရှိသောပြည်သူများ ဘေးအန္တရာယ် ဖြစ်ပွားလာပါက ဘေးကင်းလုံခြုံစွာ အဆောက်အဦ အတွင်းမှ ထွက်ခွာနိုင်ရန် လွတ်မြောက်ရာလမ်းကြောင်း များ၊ မီးခိုးတားစနစ်များ၊ ဓာတ်ငွေ့ထောက်လှမ်းရေး စနစ်များ၊ လေဝင်လေထွက်စနစ်၊ ဓာတ်လှေကားများတွင် ပိတ်မိမနေစေရန် မီးပျက်သွားသည့်အခါ အလိုအလျောက် နီးစပ်ရာအထပ်ကို ရောက်ရှိစေမည့်စနစ်၊ မီးဘေး အန္တရာယ်ကြုံတွေ့လာပါက ဓာတ်လှေကားမြေညီထပ်သို့ ရောက်ရှိစေမည့် စနစ်များ ပါ၊ မပါဆိုသည်ကို ဗိသုကာပညာရပ်များ၊ မြို့ပြ အင်ဂျင်နီယာပညာရပ်များ၊ အရေးပေါ် လွတ်မြောက်မှု ဆိုင်ရာ အင်ဂျင်နီယာပညာရပ်များအပြင်၊ လျှစ်စစ်မီး ကြိုးသွယ်တန်းမှု၊ အရေးပေါ် အရန်လျှပ်စစ်ဓာတ်အား ရရှိရေးစနစ်များကိုပါ တင်ပြလာသည့် ဒီဇိုင်းရေးဆွဲမှု အပေါ် လိုအပ်သလို ပြင်ဆင်ဖြည့်စွက် အကြံပြုခြင်းများ ဆောင်ရွက်ပေးလျက် ရှိပါသည်။


 

အကြံပြုချက်များ ထုတ်ပေးပြီးသော အဆောက်အဦ များ တည်ဆောက်ပြီးစီးပါက မြေပြင်ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ရပါသည်။ မြေပြင်ကွင်းဆင်း သည့်အခါ အဆောက်အဦတွင် တပ်ဆင်ထားသည့် မီးဘေးကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ရေးစနစ်များ အရေးပေါ် ဖြစ်ပွားလာပါက စနစ်များ လုပ်ဆောင်နိုင်မှုရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပြီးပါက မီးဘေးလုံခြုံရေးဆိုင်ရာ ထောက်ခံချက် (Fire Safety Certificate)ကို သက်ဆိုင်ရာ အဆောက်အဦသို့ ပြန်လည်ထုတ်ပေးပါသည်။


 

လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည်


 

အဆိုပါလုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် Myanmar Fire Service Department Online System ကို ပြင်ဆင်ရေးဆွဲလျက်ရှိပါသည်။ ၎င်း App ရေးဆွဲပြီးစီး ပါက app.fsd.gov.mm တွင် အလွယ်တကူမှတ်ပုံတင် ဝင်ရောက်၍ အဆောက်အဦမီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်ရယူခြင်းနှင့် မီးဘေးလုံခြုံရေးဆိုင်ရာ ထောက်ခံချက်ရယူခြင်းလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ App ရေးဆွဲပြီးစီးပါက တရားဝင်ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ပါသည်။


 

နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့သည် ပြည်သူကိုအကူအညီပေးရန် မိမိတို့တွင် အမြဲတာဝန်ရှိသည်ဟူသော ခံယူချက်ကောင်းကို ကိုင်စွဲ လျက် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး စသည်တို့အပြင် လူမှုပတ်ဝန်းကျင်တွင် ဖြစ်ပွားလျက်ရှိသော ဘေးဒုက္ခ အစုံစုံတို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ မည်သည့်အန္တရာယ် ဖြစ်ပွားသည်ဖြစ်စေ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သည် ခေတ်မီသတင်းအချက်အလက် နည်းပညာများကို အကျိုးရှိစွာအသုံးချ၍ ပြည်သူ လူထုကို နေ့စဉ်၊ လစဉ် ကူညီပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ Facebook Account ဖြစ်သော Myanmar Fire Services Departmentမှာ ပြည်သူလူထုအတွက် အချိန်နှင့်တစ်ပြေးညီ သတင်း များအား Live ထုတ်လွှင့်ခြင်း၊ ကြေညာချက်ထုတ်ပြန် ခြင်း၊ သတိပေးနှိုးဆော်ချက်များ ထုတ်ပြန်ခြင်း၊ ပညာပေးဇာတ်လမ်းများ တင်ဆက်ပြသခြင်းများ ပြုလုပ်ပေးလျက်ရှိသည့်အပြင် Twitter နှင့် YouTube တို့တွင် လည်း Account များပြုလုပ်၍ ပြည်သူလူထုများ ထံသို့ သတင်းအချက်အလက်နှင့် အသိပညာများ ပေးပို့လျက် ရှိပါသည်။ ထို့ပြင် မီးသတ်ဦးစီးဌာနသည် မီးဘေးလုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း များတွင် ခေတ်မီ သတင်းအချက်အလက် နည်းပညာ များ အသုံးပြု၍ ထိရောက်လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် နိုင်ရန်နှင့် မီးသတ်တပ်ဖွဲ့အား နိုင်ငံတကာနည်းတူ ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်အတွက် ခေတ်မီ သတင်းအချက်အလက် နည်းပညာနှင့် ကွန်ပျူတာ စနစ်များ ပါဝင်သည့် Command And Control Center တစ်ခုကို မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားရှိပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူ့အကျိုးကိုရည်မှန်းကာ တိုးတက်ပြောင်းလဲနေသော နည်းပညာရပ်များအား မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာ၍ ခေတ်စနစ်နှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။ ။

 

ကြေးမုံ