ခြင်ကိုစားတဲ့ ဒေါင်းငါး

mdn

သတင်းဆောင်းပါး - စံလွင်(ငါးဦးစီး)

 

သွေးလွန်တုပ်ကွေး၊ ငှက်ဖျားနှင့် ဆင်ခြေထောက်ရောဂါများသည် ခြင်ကြောင့်ဖြစ်ပွားသော ကြောက်မက်ဖွယ်ရာရောဂါများ ဖြစ်ပါ၏။ ကမ္ဘာပေါ်၌ ခြင်မျိုးစိတ်ပေါင်း ၃၅၀၀ ခန့်ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံရှိ ခြင်အမျိုးအစားများ၌ ခြင်ပုန်း၊ ခြင်ကျားနှင့် ငှက်ဖျားခြင်ဟူ၍ အရပ်အခေါ်အဝေါ်အားဖြင့် ရှိကြသည့်အနက် သွေးလွန်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုးများကို သယ်ဆောင်သော ခြင်အမျိုးအစားမှာ ခြင်ကျားဖြစ်သည်။ ထို့နည်းတူ ငှက်ဖျားရောဂါကို ဖြစ်ပွားစေသောခြင်မှာ Anopheles ခြင်မျိုးစိတ်ဖြစ်ကြောင်း မိမိတို့ အထက်တန်း ကျောင်းသားဘဝက ဇီ၀ဗေဒဘာသာရပ်၌ သင်ကြားခဲ့ဖူးသည်။

 

ဆိုးရွားသည့် သွေးလွန်တုပ်ကွေးရောဂါ

 

သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၁၅ နှစ်အောက် ကလေးများတွင် ဖြစ်ပွားလေ့ရှိပြီး မြန်မာ နိုင်ငံ၌ အသက် ငါး နှစ်မှ ကိုးနှစ်အရွယ် ကလေးများတွင် အဖြစ်များသည်ဟု ဆိုပါသည်။ ထို့အပြင် ကလေးငယ်များတွင်သာမက လူကြီးများကျပ်၌လည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။ သွေးလွန် တုပ်ကွေး ရောဂါသည် တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီ၌ အများဆုံး ဖြစ်ပွားသည်။ ဆိုးရွား သည့်အချက်မှာ သွေးလွန်တုပ် ကွေးရောဂါသည် ကုသပျောက်ကင်းနိုင်သည့် ဆေးဝါးမရှိ သေးဘဲ ကာကွယ်ဆေးမှာလည်း သုတေသနပြုလုပ်ဆဲ အဆင့်၌သာ ရှိနေသေးကြောင်း သိရှိရခြင်းပင်။

 

သွေးလွန်တုပ်ကွေးကာကွယ်ရေး

 

အဆိုပါ ဆိုးရွားလှသည့် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်နှိမ်နင်းရန်အတွက် ပြည်သူလူထု အပိုင်းက ပါဝင် ဆောင်ရွက်ကြရမည့် လုပ်ငန်း (၄)ရပ်ကို ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန် အသိပေးထားပါသည်။ ယင်းတို့မှာ-

 

(၁)မိမိတို့အိမ်တွင်း အိမ်ပြင်ရှိ ရေထည့်ထားသည့် အရာ မှန်သမျှကို ဖုံး၊ သွန်၊ လဲ၊ စစ်ဆိုသော ပညာပေး ဆောင်ပုဒ်အတိုင်း အဖုံး ဖုံးထားခြင်း၊ ရေသွန်၊ ရေလဲ၊ ရေစစ်ခြင်းတို့ ဆောင်ရွက်ခြင်း၊


(၂)ခြင်များခိုအောင်းနေနိုင်သည့် မိမိနေအိမ်ပြင်ပရှိ စွန့်ပစ်ပစ္စည်းများကို ရှင်းလင်းခြင်း၊


(၃)အိပ်စက်ချိန်တွင် ခြင်ထောင်ဖြင့် အိပ်စက်ခြင်း၊ ခြင် ကိုက်ခြင်းမှကာကွယ်ရန် အင်္ကျီလက်ရှည်၊ ဘောင်းဘီ ရှည်များ ဝတ်ဆင်ခြင်း၊ 


(၄)ရေလှယ်ရန်ခက်ခဲသည့် အုတ်ကန်၊ ရေစည်၊ ရေကန် များ၌ ခြင်လောက်လမ်းသတ်ဆေးခတ်ခြင်း၊ ခြင် လောက်လမ်းများကိုစားသုံးသည့် ငါးမျိုးများ ထည့်သွင်း မွေးမြူခြင်းတို့ ဖြစ်သည်။

 

ခင်အမျိုးအစား မျိုးစုံတို့သည် ရေရှိသောနေရာများ၌ ဥချ ပေါက်ဖွားတတ်ကြရာ ရေမြောင်း၊ ရေကန် စသည့် ရေထုထည်များ၌ ပေါက်ဖွားသည့် ခြင်သားလောင်း(ပိုးလောက်လမ်း)များကို အစာသဖွယ် မက်မက်မောမော စားတတ်သည့် အလှမွေး ဒေါင်းငါးလေးများကို ရေကန်များအတွင်း ထည့်သွင်းပေး ခြင်းဖြင့် ခြင်အန္တရာယ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ကာကွယ်ရာရောက်ပါသည်။

 

ဒေါင်းငါး ဆိုသည်မှာ

 

မြန်မာအခေါ် ဒေါင်းငါး၊ အင်္ဂလိပ်ဘာသာဖြင့် သိပ္ပံ အမည်မှာ Poecila reticulate ဖြစ်ပြီး မူရင်း ဒေသမှာ ဘရာဇီး၊ ဗင်နီဇွဲလား၊ နယ်သာလန်နှင့် ဂျမေကာတို့ ဖြစ်သည်။ ခြင်သားလောင်း (ပိုးလောက် လမ်း)များကို စားသုံးသည့် အလေ့အထကြောင့် ခြင်နှိမ်နင်းရန်နှင့် ငှက်ဖျားရောဂါကိုကာကွယ်ရန် အတွက် အရပ်ရပ်သို့ သယ်ယူကြရာမှ ကမ္ဘာအနှံ့အပြားသို့ ဒေါင်းငါးများ ရောက်ရှိပျံ့နှံ့ သွားခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံသို့လည်း ကိုလိုနီခေတ်အတွင်းကပင် ငှက်ဖျား ရောဂါကာကွယ်ရေးအတွက် အင်္ဂလိပ်တို့က သယ်ဆောင်လာ ရာမှတစ်ဆင့် ဒေါင်းငါးများ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရ၏။ ယင်းငါးမျိုးစိတ် တွင် ငါးအထီး၏ အမြီးသည် ဒေါင်းမြီးသဖွယ် အရောင်စုံ၍ လှပသည့်အတွက် ဒေါင်းငါးဟူ၍ မြန်မာ အမည်ပေးလိုက်ခြင်း ဖြစ်ဟန်တူသည်။

 

ထိုအလှမွေးဒေါင်းငါးလေးများသည် ရေချိုငါးမျိုးစိတ်ဖြစ် သော်လည်း ဆားငန်နှုန်းကို အတော်အတန် ခံနိုင်ရည်ရှိ၍ ရေငန် အတက်အကျရှိသော မြစ်ဝကျွန်းပေါ်ဒေသတို့၌လည်း ရှင်သန်နိုင်သည်။

 

ဒေါင်းငါးလေးများတွင် အထီးသည် တစ်လခွဲ (ခြောက်ပတ်)သား၌ အရွယ်ရောက်ပြီး အမသည် သုံးလ (၁၂ ပတ်)သား၌ အရွယ်ရောက်ကာ သားပေါက်နိုင်သည်။ ဒေါင်းငါးလေးများ သည် ဥဥလေ့မရှိဘဲ အကောင်လိုက်မွေးသောငါးမျိုး ဖြစ်သည်။ ဒေါင်းငါးအမသည် သန္ဓေဆောင်ကာလ ၂၂ ရက်မှ ၂၆ ရက်ရှိပြီး တစ်ကြိမ်လျှင် ပျမ်းမျှ အကောင်ရေ ၃၀ မှ ၆၀ အထိ မွေးလေ့ ရှိကာ အများဆုံး ကောင်ရေ ၁၀၀ အထိ သားပေါက်နိုင်သည်။ ငါးအမသည် သားပေါက်ပြီး တစ်လခန့်ကြာလျှင် နောက် တစ်ကြိမ် ထပ်မံ၍ သားပေါက်နိုင်သည်။ ဒေါင်းငါးလေးများ၏ သက်တမ်းမှာ နှစ်နှစ်ခန့်ရှိသည်။

 

ယင်းဒေါင်းငါးကလေးများ၏ အစာစားသည့် အလေ့အထ သည် အစုံစားငါးမျိုးဖြစ်ရာ သဘာဝတွင် ရေပိုးမွှားများ၊ ရေပေါက်ပင်လေးများကို စားသည်။ အထူးသဖြင့် ခြင်သားလောင်း ပိုးလောက် လမ်းများကို အဓိကထား စားကြသောကြောင့် ခြင်နှိမ်နင်း ရေးငါးမျိုးအဖြစ် ကျော်ကြားသည်။ ခြင်များ ဥချသော ခြင်ဥများမှတစ်ဆင့် ပိုးလောက်လမ်းများဖြစ်နေသော ရေပြင်ထဲသို့ ဒေါင်းငါးမျိုးများကို တစ်ကြိမ် ထည့်ပေးထားရုံဖြင့် ယင်းငါးကလေးများက ခြင်နှိမ်နင်းရေးကို သားစဉ်မြေးဆက်အလိုက် စဉ်ဆက်မပြတ် ပြုလုပ်ပေးသွား ကြမည်ဖြစ်သည်။ ဤနည်းလမ်းသည် သက်ရှိကို သက်ရှိဖြင့် ပြန်လည်ထိန်းချုပ်သည့် ဇီဝနည်း (Biological Control) ဖြစ်ပါသည်။

 

စမ်းသပ်ချက်များအရ တစ်လက်မခွဲအရွယ် ဒေါင်းငါး အထီးတစ်ကောင်သည် တစ်ရက်လျှင် ခြင်လောက်လမ်း ကောင်ရေ ၃၀ ခန့်ကို စားနိုင်ပြီး နှစ်လက်မခွဲအရွယ် ဒေါင်းငါး အမ တစ်ကောင်လျှင် ခြင်လောက်လမ်းကောင်ရေ ၆၀ ခန့်ကို စားသည်ဟု ဆိုပါသည်။ သို့ဖြစ်ရာ မိမိတို့ရပ်ရွာရှိ နေအိမ် များနှင့် စာသင်ခန်း၊ စာသင်ကျောင်းများ အနီးတစ်ဝိုက်ရှိ သောက်သုံးရေကန်များ၊ ရေနုတ်မြောင်းများ၊ ရေသိုလှောင်ရာ တိုင်ကီ၊ အိုးခွက်များ၊ အုတ်ကန်ကြီးများအတွင်း ဒေါင်းငါးလေးများကို ထည့်သွင်း ပေးထားသင့်ပါသည်။

 

ချိုသာသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်

 

ဒေါင်းငါးလေးများကို နီးစပ်ရာ အလှမွေးငါးအရောင်းဆိုင်များ၊ အလှမွေးငါး သားဖောက်ရောင်းချ သူများ၊ မြန်မာနိုင်ငံ အလှမွေးငါးမွေးမြူသူများအသင်းနှင့် အလှမွေးငါးများ လက်ကားရောင်းချသည့် သောကြာနေ့ ဈေးပတ်များတွင် အမျိုး အစားအလိုက် တစ်ကောင်လျှင် ကျပ်ငါးဆယ်၊ တစ်ရာ၊ နှစ်ရာ မျှ ချိုသာသည့်ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ကြောင်းနှင့် ရေကန်များအတွင်း ဒေါင်းငါးမျိုးထည့်သွင်း မွေးမြူခြင်းဖြင့် ခြင်အန္တရာယ်ကာကွယ်သည့် လုပ်ငန်းစဉ်တွင် Mosquito Control အနေဖြင့် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။