ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် ဟားခါးမြို့တွင်ကျင်းပသည့် တိုင်းရင်းစာပေသင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

ဟားခါး ၂၆ သြဂုတ်

 

ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သော တိုင်းရင်းစာပေသင်ကြားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက် နံနက် ၉ နာရီက ဟားခါးမြို့ ပြည်နယ်ပညာရေးမှူးရုံး၊ တောင်ဇလပ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ World  Bank, Covenant Consult ကိုယ်စားလှယ် Dv. Ashley South နှင့် အဖွဲ့ဝင်များ၊ UN, INGO နှင့် NGO မှ ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ချင်းပြည်နယ်သည် မျိုးနွယ်စုပေါင်းများစွာဖြင့် ဖွဲ့စည်းထားပြီး မျိုးနွယ်စုများ၏ ဘာသာစကား၊ ဓလေ့ထုံးတမ်း အစဉ်အလာများလည်း ကွဲပြားသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ချင်းပြည်နယ်အစိုးရအနေဖြင့် တိုင်းရင်းစာပေ သင်ကြားခြင်းနှင့်ပတ်သက်၍ နိုင်ငံတကာစံနှုန်းများနှင့် ဒေသတွင်းအခြေအနေကို လွှမ်းခြုံနိုင်မည့် တိကျသေချာသော “မူဘောင်” သတ်မှတ်ချက်များကို ချမှတ်အကောင်အထည်ဖော်နိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ ချင်းတိုင်းရင်းသားမျိုးနွယ်စုများ အနေဖြင့် မိမိမျိုးနွယ်စု၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အစဉ်အလာများကို မှန်ကန်မွန်မြတ်ပြီး အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ဂုဏ်ယူဖွယ် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

 

ဆက်လက်၍ ချင်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွဲနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်တို့က တိုင်းရင်းစာပေသင်ကြားရေးဆိုင်ရာ လမ်းညွှန်အမှာစကားပြောကြားကြပြီး World  Bank, Covenant  Consult ကိုယ်စားလှယ် Dv. Ashley South က တိုင်းရင်းစာပေသင်ကြားရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့်ပတ်သက်၍  ရှင်းလင်းတင်ပြကြကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ထို့နောက် World  Bank, Covenant  Consult ကိုယ်စားလှယ် Dv.Ashley South နှင့် Ms.Nicola Edwards တို့က ဦးဆောင်၍ တက်ရောက်လာသူများက တိုင်းရင်းစာပေသင်ကြားနေမှု အခြေအနေ၊ အခက်အခဲ၊ တိုးတက်လာမှု၊ စိန်ခေါ်မှုနှင့် အခွင့်အလမ်းဆိုင်ရာများ၊ တိုင်းရင်းစာပေသင်ကြားခြင်း၏  အကျိုးကျေးဇူးများနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာများကို အုပ်စုလိုက်ဆွေးနွေးကြပြီး တိုင်းရင်းစာပေသင်ကြားရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)