ခရီးသည်များ လိုက်ပါသွားမည့် ပထမဆုံး အာကာသခရီးစဉ်

၁၃ ဇူလိုင်

ဗြိတိန် သန်းကြွယ်သူဌေး ရစ်ချက် ဘရန်ဆန် တည်ထောင်ထားတဲ့ Virgin Galactic ကုမ္ပဏီနဲ့ အမေဇုန်တည်ထောင်ခဲ့သူ ဂျက်ဖ်ဘီဇိုစ်၏ Blue Origin ကုမ္ပဏီနှစ်ခုဟာ အာကာသအတွင်းကို လူလိုက်ပါတဲ့ ခရီးစဉ်ပျံသန်းနိုင်ရေး အပြိုင်အဆိုင် ကြိုးစားနေကြရာ မကြာတော့တဲ့ လပိုင်းမှာ စတင်နိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုလိုက်ကြပါတယ်။

ရက်အတိအကျကို ထုတ်ဖော် အတည်ပြုခြင်းမရှိသေးဘဲ ကုမ္ပဏီနှစ်ခုဟာ မတူညီတဲ့ ကိုယ်ပိုင် နည်းပညာ အသီးသီးဖြင့် ကြိုစားအကောင်အထည်ဖော်နေခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀ဝဝ ခုနှစ်က နိုင်ငံတကာ အာကာသ အခြေစိုက်စခန်း ISS ကို ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံပြီး သွားရောက်ခဲ့တဲ့ အာကာသ ခရီးစဉ်နောက်ပိုင်း အခုလို အာကာသ ခရီးစဉ် ဝန်ဆောင်မှု ပေးဖို့ ကြိုးစားလာကြတာ ဖြစ်ပါတယ်။

Virgin Galactic

Virgin Galactic ကုမ္ပဏီဟာ အာကာသ ခရီးစဉ်အတွက် VSS Unity အမည်ရှိ ပုဂ္ဂလိက ဂျက်လေယာဉ်ပုံစံ အာကာသယာဉ်ဖြင့် ပျံသန်းဖို့ စီစဉ်ထားပြီး ခရီးစဉ်အတွင်း ခရီးသည် ခြောက်ဦးနဲ့ ပိုင်းလော့နှစ်ဦး လိုက်ပါသွားမှာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ ၂၅၀ဝဝဝ သာ ကုန်ကျမည့် Virgin Galactic ကုမ္ပဏီရဲ့ အာကာသခရီးစဉ်မှာ ခရီးသည်များအနေနဲ့ ကမ္ဘာမြေကနေ မိုင်ပေါင်း ၂၅၀ အကွာအဝေးက နိုင်ငံတကာ အာကာသ အခြေစိုက်စခန်းထိ သွားရောက်လည်ပတ်နိုင်မှာ ဖြစ်သလို ကမ္ဘာမြေကို ပြန်မလာခင် မြေဆွဲအားမဲ့နေတဲ့ အခြေအနေမှာ လိုက်ပါစီးမျောရင်း အတွေ့အကြုံအသစ်တွေ ခံစားနိုင်မှာပါ။

 

 

Virgin Galactic ကုမ္ပဏီအနေနဲ့ အာကာသခရီးစဉ် ဖြစ်မြောက်အောင်မြင်ရေးအတွက် မေလ ၂၉ ရက်နေ့က ကယ်လီဖိုးနီးယား ပြည်နယ် Mojave သဲကန္တာရအတွင်းမှာ စမ်းသပ်ခဲ့ရာ အာကာသအတွင်းပိုင်းထိ ဦးတည်နိုင်တဲ့ အမြင့် ၂၁ မိုင်ထိ ရောက်ရှိခဲ့ပါတယ်။  ၂၀၁၄ ခုနှစ် အောက်တိုဘာလက စမ်းသပ်စဉ်မှာ ပိုင်းလော့၏ မှားယွင်းမှုကြောင့် အာကာသယာဉ်ဟာ ပျက်ဆီးသွားပြီး တစ်ဦး သေဆုံးခဲ့ရပါတယ်။ အဲဒိနောက်ပိုင်းမှာ အာကာသယာဉ်အသစ်နဲ့ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

 

 

မေလအတွင်းက ရစ်ချက် ဘရန်ဆန်ရဲ့ အေအက်ဖ်ပီကို ပြောကြားချက်အရ သူဟာ နောက် ၁၂ လအတွင်း အာကာသအတွင်းကို လိုက်ပါမယ့် ခရီးသည်များအနက် တစ်ယောက်အပါအဝင် ဖြစ်နိုင်ဖို့ မျှော်လင့်ကြောင်းနဲ့ အခြားခရီးသည် ၆၅၀ ဟာလည်း ခရီးစဉ်မှာ လိုက်ပါနိုင်ဖို့ စာရင်းပေးထားပြီး စောင့်ဆိုင်းလျက်ရှိတယ်လို့ သိရပါတယ်။

Blue Origin

Blue Origin ကုမ္ပဏီကဝန်ဆောင်မှုပေးမဲ့ ခရီးစဉ်မှာလည်း အာကာသယာဉ်အခန်းအတွင်း ခရီးသည်  ခြောက်ဦးသယ်ဆောင်သွားနိုင်မှာဖြစ်ပြီး ပေ ၆၀ ရှိတဲ့ ဒုံးပျံနဲ့ ပစ်လွှတ်သွားမှာ ဖြစ်ပါတယ်။ အေပြီလ ၂၉ ရက်နေ့က စမ်းသပ်မှုမှာတော့ Blue Origin ရဲ့ အာကာသယာဉ်ဟာ ၆၆ မိုင်အမြင့်ထိ ပျံတက်နိုင်ခဲ့ပါတယ်။

 

 

ခရီးစဉ်အတွင်း ကမ္ဘာမြေ ဆွဲအားမဲ့နေချိန်မှာ အာကာသယာဉ်အခန်း ပြတင်းပေါက်ကနေ အာကာသမြင်ကွင်းများကို ကြည့်ရှုခံစားနိုင်မှာပါ။ ကမ္ဘာမြေကို ပြန်ဆင်းလာချိန်မှာလည်း အရှိန်နှေးသွားစေဖို့ ဒုံးပျံများအကူအညီနဲ့ ဆင်းလာမှာဖြစ်သလို ကြီးမားတဲ့ လေထီးသုံးခုကို အသုံးပြုပြီး မြေပြင်ကို ဖြေးညှင်းစွာ ဆင်းသက်နိုင်မှာ ဖြစ်ပါတယ်။ မြေပြင်ကို ပြန်လည်ဆင်းသက်မှုကို နောက်ဆုံး စမ်းသပ်ခဲ့ရာမှာတော့ ၁၀ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ယခုချိန်ထိတော့ စမ်းသပ်မှုတွေမှာ လူလိုက်ပါခြင်း မရှိသေးဘဲ တက္ကဆက်ပြည်နယ် အနောက်ပိုင်းမှာ စမ်းသပ်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ ဒါရိုက်တာ ရော့ဘ်မေရာဆန်ရဲ့ ပြောကြားချက်အရတော့ လူလိုက်ပါတဲ့စမ်းသပ်မှုတစ်ခုကို ဇွန်လအတွင်းက ပထမဆုံး အကြိမ်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

 

အခြား ကုမ္ပဏီများ

SpaceX  နဲ့ Boeing ကုမ္ပဏီတွေကတော့ နာဆာ အာကာသယာဉ်မှူးတွေကို ပို့ဆောင်နိုင်ဖို့ ကိုယ်ပိုင် အာကာသ လွန်းပျံယာဉ်တွေ တည်ဆောက်နေကြပြီး လုံလောက်တဲ့ လေ့လာဆန်းစစ်မှုတွေ ပြုလုပ်ပြီးရင်တော့ ၂၀၂၀ နောက်ပိုင်းမှာ ခရီးသည် လိုက်ပါနိုင်တဲ့ အာကာသခရီးစဉ် ပျံသန်းမှု လုပ်နိုင်လိမ့်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် ဇိုယုစ် ဒုံးပျံကို တီထွင်ခဲ့တဲ့ ရုရှား အာကာသ ကုမ္ပဏီတစ်ခုကလည်း နိုင်ငံတကာ အာကာသ အခြေစိုက်စခန်း ISS ကို ခရီးသည်များ ခေါ်ဆောင်သွားနိုင်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို လေ့လာလျက်ရှိနေပါတယ်။ နောက်ထပ် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Orion Span  ဟာလည်း မကြာတော့တဲ့နှစ်အတွင်းမှာ အာကာသပတ်လမ်းအတွင်း အပန်းဖြေ ဟော်တယ်တစ်ခု တည်ဆောက်နိုင်ဖို့ မျှော်လင့်ထားကြောင်း ယခုနှစ်အတွင်းမှာပဲ ကြေညာသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒိ စီမံချက်ကတော့ အစောပိုင်း ကြေညာချက်အဆင့်မှာပဲ ရှိပါသေးတယ်။

 

SMZaw ( MDN)
ကိုးကား  - AFP