ကီမို(ခေါ်) ကီမာ(ခေါ်) ကျောက်ပန်းတောင်နှင့် ခူမီး(ချင်း)လူမျိုးတို့၏ဒေသ

မင်းလပြည့်(ဟားခါး)

 

ကမ္ဘာပေါ်တွင် သမုဒ္ဒရာ၊ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်၊ ရေပြင်များ ပေါများစွာ တည်ရှိသကဲ့သို့ တောင်ကုန်းတောင်တန်းများ၊ မြေပြန့်လွင်ပြင်များလည်း ဖွဲ့စည်းတည်ရှိပါသည်။ ကမ္ဘာမြေကြီးပေါ်ရှိ တောင်တန်းများကား ဖြစ်ပေါ်လာပုံမှာ အကြောင်းသုံးရပ်ရှိပါသည်။ ပထမ အကြောင်းအရာမှာ ကမ္ဘာမြေကြီးသည် လွန်ခဲ့သည့် နှစ်ပေါင်းကုဋေကုဋာ အလွန်ရှေး ကျသောအခါက အလွန်ပူရာမှ တဖြည်းဖြည်း အေးလာသောအခါ၌ မြေကြီး၏ အပေါ်ယံအလွှာသည် ဖိနှိပ်အားကြောင့် တွန့်နှံ့သွားသဖြင့် မြေမျက်နှာပြင်တွင် ပေါင်းကူးကုန်းကြီးများသဏ္ဌာန် ပေါ်ပေါက်လာသည်။ အေးလာသောအခါတွင်ကား ယင်းကုန်းကြီးများမှာ မာကျစ်လာခြင်းကြောင့် တောင်များဖြစ်လာသည်။ ဥရောပတိုက်ရှိ အဲ့လပ်တောင်တန်းများဖြစ်သည်။ ဒုတိယအကြောင်းအရာမှာ ကမ္ဘာမြေကြီး၏ အပေါ်ယံအလွှာသည် ကျောက်သားပကတိဖြစ်နေသဖြင့် ကွဲပြတ်၍ သွားတတ်သည်။ သို့ဖြစ်သောကြောင့် မတ်စောက်သော တောင်ကြီးများ ဖြစ်ပေါ်လာပြန်သည်။ တစ်ခါ တစ်ရံလည်း လွန်စွာရေစီးသန်လှသော မြစ်များသည် ကုန်းပြင်မြင့်ကို တိုက်စားသွားရာတွင် ကျောက်မာများသည် ထီးတည်းကျန်ကာ မြင့်မားသော တောင်များအဖြစ် တည်ရှိခဲ့ကြသည်။ မိဇူးရီပြည်နယ်ရှိ ဇိုဇတ်တောင်တန်း များမှာယင်းကဲ့သို့ ဖြစ်ပေါ်သော တောင်များဖြစ်သည်။ တတိယအကြောင်းအရာမှာ အချို့သောတောင်များမှာကား အောက်ခံမြေအတွင်းမှ ထွက်လာသော ချော်ပူတို့ မာသွားရာမှဖြစ်ပေါ်လာသည့် တောင်ပူစာများဖြစ်ကြသည်။ တောင်အမေရိကတိုက်ရှိ အန်းဒီးတောင်တန်းများမှာ ထိုကဲ့သို့ပင် ဖြစ်ပေါ်လာခဲ့သည်။

 

အံ့ဩဖွယ်ကောင်းသော တောင်တန်းများသည် ကမ္ဘာကြီး၏ သဘာဝအလှအပများ ဖြစ်ပါသည်။ ဧဝရက်တောင်သည် ကမ္ဘာ့အမြင့်ဆုံးတောင် ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအနောက် မြောက်ဘက်ရှိ ချင်းတောင်တန်းများသည်လည်း သဘာဝ၏ အလှအပတစ်ခု ဖြစ်ပါသည်။

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ထင်ရှားသော တောင်များများစွာရှိသည့်အနက် ကီမိုတောင်သည် ဒေသအတွင်း ရေပန်းအစားဆုံး တောင်တစ်တောင်ဖြစ်သည်။ ၎င်းနောက်တွင်ကား တန်လန်းတောင် (Tang Lang Mawi) သည် ဒုတိယရေပန်းအစားဆုံး တောင်ဖြစ်ပြီး ကယာတောင် (Kaya Mawi) မှာ တတိယရေပန်း အစားဆုံးတောင်ဖြစ်ကာ လုံစောင်တောင်မှာ စတုတ္ထရေပန်းစားသည့်တောင် ဖြစ်ပါသည်။

 

အဝေးကကြည့်လိုက်လျှင် ပန်းပွင့်တစ်ပွင့် သဏ္ဌာန်ဖြစ်နေခြင်းကြောင့် ဗမာလိုကျောက်ပန်း တောင်ဟု ခေါ်ကြသည်။ ကီမိုတောင်ပေါ်တွင် ရှေးယခင် ခူမီး (ချင်း) မင်းများဖြစ်ကြသော ဘဟေတောင်မင်း၊ လိုက်မာမ်း ညီနောင်တို့မင်းပြု စိုးစံခဲ့သည်ဟု သမိုင်းရာဇဝင်များအရ သိရှိရသည်။ ကျယ်ပြန့်လှသော ကျောက်တောင်ကြီး ဖြစ်ပြီး အဖိုတောင် ၃၉၁၅ ပေ၊ အမတောင် ၄၂၉၆ ပေ ဟူ၍ ခွဲခြားခေါ်ဝေါ်လေ့ရှိသည်။ အဖို (အထီး) တောင်ဘက်သို့ ခရီးသွားများ ပိုမို လာရောက်ကြသည်ကို တွေ့ရသည်။ ။

 

ကီမိုတောင်မှာ လူသူအရောက်အပေါက်နည်းပါးသည်။ လူတို့၏ ပြုပြင်ခြင်းမခံရဘဲ သဘာဝအတိုင်း ရှိနေသေးသည့် နေရာတစ်ခုဖြစ်ပြီး တောရိုင်းတိရစ္ဆာန်များဖြစ်သည့် ဆင်၊ ကျား၊ စိုင်၊ ဆတ်၊ ချေ၊ ဝက်ဝံ၊ တောင်ဆိတ်၊ တောဝက်၊ မျောက်မျိုးစုံ၊ အောက်ချင်းငှက်၊ ဒေါင်း၊ တောကြက်၊ ငှက်မျိုးစုံနှင့် ပျားမျိုးစုံ ကျက်စားသောနေရာလည်း ဖြစ်ပါသည်။ တောင်ပေါ်မှကြည့်လျှင် ခပ်ရေးရေးမြင်ရသော ရွာလေးများ၊ တောင်ယာများကြောင့်လည်း မြင်ကွင်းမှာ ပိုပြီး သာယာလှပနေပါသည်။ ထူးဆန်းသော ပန်းများ၊ အပင်များ၊ သဘာဝကျောက်ဆောင်ကြားမှ ရေအိုင်များပေါများခြင်းကြောင့် ရောက်ဖူးသူတိုင်း နောက်တစ်ကြိမ် မလာရောက်ဘဲ မနေနိုင်ပေ။

 

ကီမိုတောင်သို့ ခြေကျင်ဖြင့် တက်ရခြင်းကြောင့် ကျန်းမာရေးကောင်းသူများသာ ကီမိုတောင်ထိပ်သို့ အရောက် လှမ်းနိုင်ကြပါသည်။ ထူးခြားချက်မှာ အသက်ရှည်ဆေး၊ အသက်ကယ်ဆေးများ တွေ့ရှိပြီး ဒေသအခေါ် (မီးဟိန်ဆီး) အသက်ရှင်ဆေးဟု ရှားပါးစွာ တွေ့ရှိခြင်းဖြစ်ပါသည်။ ကီမို (ခေါ်) ကျောက်ပန်းတောင် ထိပ်သို့ ပလက်ဝမြို့မှ ဆမီးမြို့သို့ ကားလမ်းဖြင့် တစ်နာရီခန့်သွားရပြီး ဆမီးမြို့မှအထက် ဘားဝရွာသို့ စက်လှေဖြင့် တစ်နာရီစီးရကာ ခြေကျင် သုံးနာရီခန့် တောင်တက်ခရီးသွားရပါသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက လိပ်မျိုးစိပ် ရှာဖွေထိန်းသိမ်းရေးအဖွဲ့ နိုင်ငံခြားသားများနှင့် မြန်မာအဖွဲ့သည် ကီမိုတောင်တက်ရာမှ သဘာဝရှုခင်းများ ကြည့်ရှုလေ့လာမှုပြုခဲ့ပြီး ကီမိုတောင်၏ သဘာဝတည်ရှိမှုနှင့် ရှုခင်းများကို အလွန်ပင်သဘောကျခဲ့ကြောင်း သိရသည်။ အမြင့် ၄၂၆၉ ပေမြင့်သော ကီမိုတောင်သည် တစ်နေ့တစ်ချိန်တွင် ခရီးသွားများ စိတ်ဝင်စားနိုင်သော နေရာဖြစ်နိုင်ကြောင်းနှင့် မပြင်မဆင်သော လက်ရှိသဘာဝ အနေအထားတွင်ပင် အလွန်လှပသော ရှုခင်းနှင့် ကျောက်တောင်ကြီးဖြစ်နေသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း ဒေသခံများက ပြောသည်။

 

သဘာဝဘေးမဲ့တောအဖြစ် လျာထားသော ဧရိယာအကျယ်အဝန်းမှာ ၃၂၇၆၈ ဧကရှိသည်ဟု သိရပြီး ချင်းပြည်နယ်၏ မြို့နယ်များအတွင်း ချိတ်ဆက်ဆက်သွယ်မည့် အရေးပါသော ကားလမ်းများအနက် တစ်ခုဖြစ်သည့် မတူပီ-ဆမီးမှ သွားလာနိုင်ပြီး ကန်ပက်လက် ဆမီး-ပလက်ဝကားလမ်း ဖောက်လုပ်ပြီးပါက ချင်းပြည်နယ်အတွင်းရှိ အထင်ကရ လေ့လာစရာကောင်းသော နေရာများထဲတွင် နတ်မတောင်၊ ရိဒ်ရေကန်နှင့် အတူ ကီမိုတောင်လည်း တစ်ခုအပါအဝင်ဖြစ်လာလိမ့်မည်ဟု ဒေသခံများက မျှော်လင့်နေကြသည်။ ကီမိုတောင်တွင် ရှားပါးတိရစ္ဆာန်များ၊ ကျေးငှက် သာရကာများ၊ ထူးခြားသော အပင်များ၊ ပန်းများ၊ ကျောက်ဆောင်များ၊ ဂူများနှင့် ရေတံခွန်များရှိခြင်း၊ ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်နှင့် ဂျပန်များ စစ်အခြေချစခန်း ဒေသအခေါ် ဂါရာပြင်၊ လေယာဉ်ပျက်နှင့် အစိတ်အပိုင်းများ၊ သမိုင်းဆိုင်ရာ အမှတ်အသားများ ရှိခဲ့ခြင်းကြောင့် လေ့လာစရာကောင်းသောနေရာဒေသတစ်ခုဖြစ်သည်။

 

ကီမိုတောင်သည် ပလက်ဝမြို့နယ်၏ အထင်ရှားဆုံးတောင် သဘာဝအားဖြင့် အလွန်လှပသာယာပြီး လူတိုင်းရောက်ချင်၊ တက်ချင်၊ သွားချင်သော ထူးခြားသောတောင်ဖြစ်သည်။ ခူမီး(ချင်း)လူမျိုးနွယ်စု (သို့) ပလက်ဝမြို့နယ်ကို ကိုယ်စားပြုသော တောင်ဖြစ်သည်။ ခူမီး(ချင်း) မျိုးနွယ်စုနှင့် ကီမို (ကီးမား) တောင်သည် ငွေဒင်္ဂါးပြား တစ်ပြားပေါ်မှ ခေါင်းနှင့် ပန်း သဖွယ်ဖြစ်သည်။ “ကီမို” ဟူသည်မှာ ချိုပါသောတောင်(သို့) အစွန်းထွက်သော ကျောက်စွယ် ၁၂ ခု ဝန်းရံသော တောင်ဟု အဓိပ္ပာယ်ရသည်။ ပါးစပ်ပုံပြင်အရ ကုလားတန်မြစ်ဘက်မှ ကျောက်များဖြင့် ကီမိုတောင်ကို ပေါင်းစပ် ဖန်ဆင်းထားသည်ဟု ဆိုသည်။ ကီမိုတောင်သည် ကုလားတန်မြစ်မှ ကျောက်များ၊ ဆမီးချောင်းမှ ကျောက်များဖြင့် ပေါင်းစပ်ဖွဲ့စည်းကာ ချိုပါသော တောင်ဖြစ်အောင် ဖန်ဆင်းခဲ့ပြီး ကျောက်သည် နဂိုမူလ သဘာဝအားဖြင့် မာကျောမှုရှိသည်။ အလေးချိန်ရှိသည်။ ဆိုလိုသည်မှာ မာကျောမှုသည် ထိရုံလေးဖြင့် မကွဲနိုင်၊ မပျက်စီးနိုင်၊ မပျောက်ကွယ်နိုင်၊ အရည်မပျော်နိုင်သော မူလအရည်အသွေးရှိသည်။ ထိုမာကျောမှုသည် ဘယ်လိုမျိုးသော ဖျက်ဆီးမှုကိုမဆို အန်တုနိုင်၊ ခံနိုင်သော အရည်အချင်း ဖြစ်သည်။ မာကျောမှုပြည့်ဝသော ကျောက်မျိုးဖြင့် ပေါင်းစပ်ခြင်းဖြစ်သော ကီမို (ကီးမား) တောင်သည် စည်းလုံးခြင်းတောင်ဖြစ်သည်။ ပေါင်းစည်းခြင်း၊ စည်းလုံးခြင်း သက်သေထူ ထားသောတောင်ဖြစ်သည်။ စည်းလုံးမှု ပိုမို အားကောင်းလာအောင် ပေါင်းစည်းရန်သာဖြစ်သည်။ ပလက်ဝဒေသ၊ ဆမီးဒေသရှိခူမီး (ချင်း) မျိုးနွယ်စုများ ပေါင်းစည်းမှုကို ကီမိုတောင်က သက်သေထူနေသည်။ ပလက်ဝမြို့နယ်သည်လည်း ခူမီး(ချင်း) မျိုးနွယ်စု၊ ဆမီးဒေသသည် လည်း ခူမီး(ချင်း)မျိုးနွယ်စု စုပေါင်းနေထိုင်ရာ ဒေသသာလျှင် မဟုတ်လော။

 

ယနေ့ကီမိုတောင်သည် အဖိုတောင်၊ အမတောင် ပေါင်းစပ်စည်းလုံးခြင်း အမှတ်လက္ခဏာ ဖြစ်သည်။ ဦးချိုသည် အဓိပ္ပာယ် နှစ်မျိုးရသည်။ တစ်ခုမှာ အန္တရာယ်ကိုကာကွယ် ရန်ဖြစ်သည်။ ကိုယ့်နယ်မြေဒေသကို ကာကွယ် ဖို့ဖြစ်သည်။ ဝိုင်းပြီးစည်းလုံးမှုအားဖြင့် ကာကွယ်ရန်ဖြစ်သည်။ ခူမီးစကားအရ ရန်ကို စည်းလုံးမှုဖြင့်ကာကွယ်ရန် ဟူ၍ ဖြစ်သည်။ ကျန်တစ်ခုမှာ “Pride” မာန်မာန၊ ဂုဏ်ပကာ သနဖြစ်သည်။ တင့်တယ်ဝင့်ကြွားမှု ဖြစ်သည်။ ဆိုလိုသည်မှာ ပေါင်းစပ်စည်းလုံးမှုနှင့် ဦးချိုပါ သောတောင် (အစွန်းထွက်သောတောင်) နှစ်ခု၏ ပေါင်းစပ်အဓိပ္ပာယ်သည် “ပေါင်းစပ် စည်းလုံးမှု”ဟု အဓိပ္ပာယ်ရှိပြီး ကီမိုစိတ်ဓာတ် (Kimo Spirit) သည် ပေါင်းစည်း၊ စည်းလုံးမှုအတွက် မာနရှိစွာ ဂုဏ်ယူဝင့်ကြွားခြင်းဖြစ်သည်။ ခူမီး(ချင်း)တို့၏ သဘာဝပင်ကို စိတ်ဓာတ်၊ ပင်ကိုအရည်အသွေး ဖြစ်သည်။

 

ကီမို၏အဓိပ္ပာယ်သည် ပေါင်းစပ်စည်းလုံးခြင်း၊ မာန်မာနရှိစွာ ဂုဏ်ယူဝင့်ကြွားခြင်းဖြစ်သည်။ သဘာဝ တိရစ္ဆာန်မျိုးစုံရှိပြီး သဘာဝ အလျောက် ပေါက်သော မြေပေါက်ပန်းမျိုးစုံ ရှိသကဲ့သို့ သစ်ကပ်ပင်ပန်းမျိုးစုံရှိသည်။ တောင်ပေါ်ရှိ သတ္တဝါများအတွက် အေးမြသော စမ်းချောင်းရေလည်း ရှိသည်။ တောင်တစ်တောင်၌ ရှိသင့်ရှိထိုက်သော အရည်အချင်း ပြည့်စုံသကဲ့သို့ မှီခိုသော သတ္တဝါများ အသက်ရှင်ရေးအတွက် လိုအပ်သော အင်္ဂါရပ်များ၊ အရည်အချင်းများဖြင့် ပြီးပြည့်စုံသော တောင်ဖြစ်သည်။ တောင်ပေါ်ရှိ ပန်းများသည်လည်း သတ္တဝါများအား အဆင့်အတန်း၊ အရောင်အဆင်း၊ ကျား/မ အဆင့်အတန်း ခွဲခြားမှုမရှိဘဲ ညီတူညီမျှ အနှံ့ဖြန့်ဝေသကဲ့သို့ တောင်ပေါ်ရှိ အေးမြသော ရေသည်လည်း ခရီးသွားများ၏ ရင်ကိုအေးမြစေကာ ရေငတ်ပြေစေသည်မှာလည်း ကီမိုတောင်၏ သဘာဝအရည်အချင်း၊ အရည်အသွေးဟု ဆိုနိုင်ပါသည်။ သစ်ခွပန်း မျိုးစုံသည့်အနက် Tlangchy Pau သည် ပိုနာမည်ကြီးပြီး ပိုတန်ဖိုးထားကြသည်။ ကီမိုတောင်သည် မြင့်မြတ်သည်။ “ကီမို” ဟု ပြောလိုက်သည်နှင့် ခူမီး(ချင်း)တိုင်း၏ စိတ်ထဲအလို အလို လေးစားချစ်ခင် မြတ်နိုးကြသည်။ ။

           

ကီမိုစိတ်ဓာတ်များ ခူမီး(ချင်း)တိုင်းရင်း သားတိုင်း၌ ရှိပါသည်။ ကီမိုစိတ်ဓာတ်သည် ပေါင်းစည်း၊ စည်းလုံးမှုအတွက် မာန်မာနရှိစွာ ဂုဏ်ယူဝင့်ကြွားခြင်းဖြစ်သည်။ ချစ်ဖွယ်ကောင်းသော၊ ရိုးသားသော၊ စည်းလုံးသော ခူမီး(ချင်း)တိုင်းရင်းသားတို့၏ သဘာဝပင်ကို အလှများ၊ ရိုးရာဝတ်စုံများ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများ၊ ဒေသအစားအစာများကို ထူးခြားစွာ တွေ့ရှိရမည့်ဒေသလည်း ဖြစ်ပါသည်။ ။

 

ခူမီး(ချင်း) တိုင်းရင်းသားများ နေထိုင်သော ပလက်ဝမြို့နယ်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ဆက် စပ်လျက်ရှိခြင်း၊ ပလက်ဝရေနက်ဆိပ်ကိမ်းမှ အိန္ဒိယနိုင်ငံ ဇိုရမ်ပူလမ်းဖောက်လုပ်ပြီး နောက်တွင် မြိတ်ဝ (နယ်စပ်ကုန်သွယ်ရေးစခန်း) မှတစ်ဆင့် အိန္ဒိယမှ ရင်းနှီးမြှုပ်နှံခြင်းနှင့်အတူ စီးပွားရေး ကောင်းလာမည့်ဒေသ ဖြစ်ပါသည်။ ပလက်ဝ၊ ကျောက်တော်၊ စစ်တွေ ရေကြောင်း လမ်းခရီးရှိခြင်း၊ ပလက်ဝ၊ ကျောက်တော်၊ စစ်တွေ၊ ရန်ကုန်၊ မန္တလေး ကားလမ်းရှိခြင်း၊ ပလက်ဝ လေယာဉ်ကွင်းဟောင်း (၁၉၇၈-၈၃) ရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်လာမည့်ဒေသ ဖြစ်လာမည်မှာ ဧကန်မလွဲပေ။ နိုင်ငံရေး ခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်များလည်း ပလက်ဝ-ဆမီးဒေသမှ များစွာပေါ်ထွက်ခဲ့ပြီ ဖြစ်ပါသည်။

 

 

ဒေသဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကီမိုတောင် (ခ) ကီမာတောင်(ခ) ကျောက်ပန်း တောင်သည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများ၊ ကမ္ဘာလှည့် ခရီးသွားများဖြင့် စည်ကားလာမည့် နေရာဖြစ်ပြီး မိုဘိုင်းအော်ပရေတာ အားလုံးဖြင့် ဆက်သွယ်ပြောဆိုနိုင်ကာ ကီမိုတောင်ပေါ်တွင် အင်တာနက်လည်း အသုံးပြု နေနိုင်ပြီ ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံလိုသည့် လုပ်ငန်းရှင်များ အနေဖြင့်လည်း ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၄၀၀၀ ခန့်တွင်ရှိပြီး ရဟတ်ယာဉ်ဖြင့် ခရီးသွားလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ထူးခြားသော ဒေသဖြစ်ကာ ကျောက်ဆောင်မြေပြန့်ဧရိယာ သုံးမိုင်ပတ်လည်ခန့်ရှိသဖြင့် ရဟတ်ယာဉ်ကွင်း သီးခြားဖောက်ရန် မလိုအပ်ဘဲ ညီညာပြန့်ပြူးသည့် ကျောက်ဆောင်ပြင်ပေါ်တွင် ဆင်းသက်နိုင်မည်ဖြစ်ပါသဖြင့် တစ်နေ့တွင် သင် ရောက်လာသင့်ပါသည်။ အနာဂတ်တွင် ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားဖွံ့ဖြိုးလာမည့် ကီမိုတောင်အား ခုနစ်ခုမြောက် ဘေးမဲ့တောအဖြစ်သတ်မှတ်ထားကြောင်း၊ ပလက်ဝမြို့နယ်အရှေ့ဘက် ပလက်ချောင်းဖျားမှ ဟာလာဝရွာအထိ ကီမိုတောင်သွားသည့် ကားလမ်းအရှည် ၁၀ မိုင်ကို ဖောက်လုပ်ရန်အတွက် ဘတ်ဂျက်လျာထား အတည်ပြုပြီးဖြစ်ကြောင်း ပလက်ဝမြို့ နယ် အမှတ်(၁) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ်က ရှင်းပြပါသည်။ ကီမိုတောင်သည် သဘာဝအားဖြင့် လှပခြင်း၊ ကျောက်ဆောင်ပေါ်ရှိ မြေသည် ညီညာပြန့်ပြူး၍ ထူးခြားသော တောင်ကုန်းတစ်ခုဖြစ်သောကြောင့် အနာဂတ်တွင် ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမည့်နေရာ ဒေသတစ်ခုဖြစ်၍ လေ့လာရောက်ရှိသင့်သည့် နေရာတစ်ခု ဖြစ်ပါကြောင်း သတင်းကောင်းပါး လိုက်ရပါသည်။