ကိုဗစ် -၁၉ ကို အန်တုရင်း ဆက်လက်ရပ်တည်နိုင်ရေးရုန်းကန်နေရတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း

၁၉  မေ

မြောက်အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တူနီးရှားနိုင်ငံဟာ ၂၀၁၅ ခုနှစ်တုန်းက အစွန်းရောက်သမားတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ခရီးသွားလုပ်ငန်းကိုထိခိုက်ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ ပြန်လည်ဖွံ့ဖြိုးလာဖို့အတွက် ကြိုးပမ်းခဲ့ကြပါတယ်။

နောက်ထပ်ပြဿနာတစ်ခု

၂၀၁၅ ခုနှစ်တုန်းက ဖြစ်ရပ်ကနေ ပြန်လည်နာလန်ထူနိုင်တာမှ မကြာသေး နောက်ထပ်ပြဿနာတစ်ခုက ခရီးသွားလုပ်ငန်း ကို ရိုက်ခတ်လာပါတယ်။ အဲဒါကတော့ ကိုဗစ် -၁၉ ဗိုင်းရပ်စ်ပါပဲ။ “ပုံမှန်အားဖြင့်ဆိုရင်တော့ အခုအချိန်ဟာ ခရီးသွားရာသီစနေပါပြီ။ ဒါပေမယ့် အခုအချိန်ထိလူတစ်ယောက်မှ မရှိသေးဘူး” လို့ ရှေးဟောင်းပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မိုဟာမက်ဆက်ဒမ်က ပြောပါတယ်။ သူကတော့ မြို့တော်တူနစ်အနီးက ကမ္ဘာလှည့်ခရီးသွားတွေ သဘောကျနှစ်ခြိုက်စွာ လာရောက်လည်ပတ်လေ့ရှိတဲ့ ဆီဒီဘိုဆက်မြို့မှာ နေထိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ အရင်နှစ်တွေတုန်းက ဒီအချိန်ဆိုရင် လမ်းတွေမှာ လူတွေနဲ့ ပြည့်နှက်နေပါပြီ။ အခုတော့ လာလည်သူတစ်ယောက်မှ မရှိတဲ့အတွက် ဆက်ဒမ်ဟာ သူ့ရဲ့ဆိုင်လေးကို တစ်နေ့ကို တစ်နာရီသာ ဖွင့်ပါတယ်။

မျှော်လင့်စရာမရှိတော့

ဆိုင်တွေပြန်ဖွင့်နိုင်ဖို့ လေကြောင်းလိုင်းတွေ ပြန်လည်ပြေးဆွဲမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေတာ။ ဒါပေမယ့် ၂၀၂၀ အတွက်တော့ မျှော်လင့်စရာမရှိတော့ပါဘူး။ တူနီးရှားနိုင်ငံမှာ ကိုဗစ် -၁၉ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၅ ဦး ရှိနေပါပြီ။ အခုသီတင်းပတ် ရက်အနည်းငယ်အတွင်းမှာတော့ နောက်ထပ် ကူးစက်ခံရသူ ထပ်မံတွေ့ရှိခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့်လည်း မြေထဲပင်လယ်နိုင်ငံတွေထဲမှာ တူနီးရှားနိုင်ငံဟာကပ်ရောဂါကို အသင့်အတင့်ပဲ ဒဏ်ခံရတဲ့နိုင်ငံလို့ ပြောရမှာပါ။ ဒါပေမယ့် ခရီးသွားလုပ်ငန်းမှာတော့ အခြေအနေ မကောင်းလှပါဘူး။

အပန်းဖြေသူမရှိတဲ့ အပန်းဖြေစခန်း

ဒီကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းက ရမယ့်အခွန်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံနီးပါး ဆုံးရှုံးသွားပါပြီ။ ၂၀၁၁ ခုနှစ်မှာ အာဏာရှင် ဇင်အယ်အဗ္ဗဒင်ဘင်အလီကို ဖြုတ်ချပြီးတဲ့နောက် ခရီးသွားလုပ်ငန်းဟာ မကြုံဖူးတဲ့ အနေအထားနဲ့ ပြန်လည်ဖွံ့ဖြိုးလာပါတယ်။ တူနီးရှားနိုင်ငံဟာ ခရီးသွားလုပ်ငန်းမှာ တာထွက်ကောင်းခဲ့ပြီး ခရီးသွားလုပ်ငန်းက အခွန်ငွေ ၂၈ ရာခိုင်နှုန်းထိ ရရှိခဲ့တယ်လို့ ခရီးသွားလာရေးလုပ်ငန်းက ညှိနှိုင်းရေးမှူး ဖီရီရယ် ဂတ်ဘာ့မီကပြောပါတယ်။ ဒါပေမယ့်လည်း မတ်လအတွင်းကစလို့ ကပ်ရောဂါ ကူးစက်ခံရမှုကို ထိန်းချုပ်ဖို့အတွက် ခရီးသွားလာခွင့်တွေ ကိုကန့်သတ်လိုက်သလို နယ်စပ်တွေကိုလည်း ပိတ်လိုက်ရပါတယ်။ အခုဆိုရင် ပင်လယ်ကမ်းခြေက အပန်းဖြေစခန်းတွေမှာ လာရောက်အပန်းဖြေမယ့်သူ မရှိတော့သလို ဟိုတယ်ပိုင်ရှင်တွေဟာလည်း ဒီခရီးသွားရာသီ အတွင်းလုပ်ငန်းတွေ မပြိုလဲဘဲ ဆက်လက်ရပ်တည်နိုင်ရေး ကြိုးပမ်းနေကြရပါတယ်။

ဟိုတယ်ပြန်ဖွင့်နိုင်ရေး ညှိနှိုင်းပြင်ဆင်

တချို့သော ဟိုတယ်တွေကတော့ ပိတ်ထားရပြီး တချို့ဟိုတယ်တွေကတော့ အသွားအလာ ကန့်သတ်ခြင်း ခံထားရသူတွေအတွက် တည်းခိုရာနေရာအဖြစ် ပြောင်းလဲလုပ်ဆောင် လာပါတယ်။ ဘာလို့လဲဆိုရင် နိုင်ငံရပ်ခြားကနေ တူနီးရှားနိုင်ငံကိုပြန်လာသူတွေ မနည်းမနောပါပဲ။ ဒီလူတွေဟာ မဖြစ်မနေအသွားအလာ ကန့်သတ်ခံရမှာဖြစ်ပြီး အဲဒီမှာဟိုတယ်တွေက အသုံးဝင်လာပါတယ်။ ခရီးသွားလာရေးဝန်ကြီး ဌာနကတော့ ဟိုတယ်တွေ ပြန်ဖွင့်နိုင်ရေး ညှိနှိုင်းမှုတွေအတွက် ပြင်ဆင်နေပြီး တချို့ကလည်း ဇွန်လအတွင်းမှာ ပြန်ဖွင့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

လုပ်ဆောင်ရမယ့် အချက်များ

ဟိုတယ်အဝင်ဝမှာ အပူချိန်တိုင်းတာတာတ ွေလုပ်ဆောင်ရမှာဖြစ်ပြီး အခန်းတွေကိုလည်း ပိုးသတ်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ၄၈ နာရီကြာအခန်းကိုအလွတ်ထားပြီးမှ သန့်ရှင်းရေးဝင်လုပ်ရမှာလည်း ဖြစ်ပါတယ်။ ဒီအဆင့်တွေကို မလွဲမသွေလုပ်ဆောင်မှသာ လာရောက်တည်းခိုမယ့် ဧည့်သည်တွေ ရဲ့ယုံကြည်စိတ်ချရမှုကို ရရှိမှာပဲ ဖြစ်ပါတယ်။

၈ဝ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်

ကမ္ဘာ့ကုလသမဂ္ဂ ခရီးသွားလာရေးအဖွဲ့ကြီးကတော့ ၂၀၂၀ ပြည့်နှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်းဟာ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ တူနီးရှားနိုင်ငံမှာတော့ ခရီးသွားလာရေးလုပ်ငန်းဟာ နိုင်ငံ GDP ရဲ့ ၁၆ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။

နောက်ထပ်အပြောင်းအလဲတစ်ခု

နောက်ထပ်အပြောင်းအလဲတစ်ခုကတော့ ဟိုတယ်တွေမှာ ဘူဖေးကျွေးမယ့်အစား အစားအသောက်တစ်ခုခုကို ပုံသေသတ်မှတ်ပြီး တည်ခင်းဧည့်ခံတာမျိုး၊ တစ်ဦးနဲ့တစ်ဦးနီးနီး ကပ်ကပ်မဖြစ်နေဖို့ ထိုင်ခုံတွေခြားထားတာမျိုး လုပ်ဆောင်ရမယ်လို့ဟိုတယ်အရောင်း မန်နေဂျာ တစ်ဦးဖြစ်သူ အနှစ်ဆူဝီစီက ပြောပါတယ်။ လာရောက် တည်းခိုသူတွေကတော့ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိဖို့ကိုပဲ ဦးတည်ကြမှာလို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့်တချို့ ဟိုတယ်တွေကတော့ ဒေဝါလီခံနေရပြီး ဟိုတယ်ကဏ္ဍမှာ လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နိုင်ပါ့မလား ဆိုတာကတော့ တိတိကျကျမသိရသေးပါဘူး။ ၂၀၁၅ ခုနှစ်က အကြမ်းဖက်တိုက်ခိုက်မှု အာဏာရှင် ဘင်အလီ ပြုတ်ကျသွားပြီးတဲ့ နောက်တူနီးရှားမှာနိုင်ငံရေးအရ မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကလည်း ကမ်းရိုးတန်းအပန်းဖြေစခန်းမှာ ဥရောပ အားလပ်ရက် ခရီးထွက်လာသူတွေကို ပစ်မှတ်ထားပြီး အစွန်းရောက်အကြမ်းဖက်သမားတွေက တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၆၀ သေဆုံးခဲ့ရပြီး အများစုကတော့ ဗြိတိန်ခရီးသွားတွေပဲ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကြောင့် ခရီးသွားလုပ်ငန်းကို အထိနာခဲ့ရပါတယ်။ နောက်ပိုင်းမှာ တူနီးရှားနိုင်ငံဟာ လုံခြုံရေးကို အထူးတင်းကျပ်ခဲ့ပြီး ခရီးသွား ဝင်ရောက်မှုနှုန်းဟာလည်း တစ်ဖန် ပြန်လည်မြင့်တက်လာပါတယ်။ မနှစ်တုန်းက ဆိုရင် ၉ ဒသမ ၅ သန်းတောင် လာရောက် လည်ပတ်ခဲ့တာကို တွေ့ရပါတယ်။

နည်းလမ်းတွေရှာဖွေနေ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကလည်း ဗြိတိန်ခရီးသွား အော်ပရေတာတစ်ခုဖြစ်တဲ့ သောမတ်စ်ကွတ် အဖွဲ့အစည်း လဲပြိုသွားတဲ့နောက် တူနီရှားကို လာမယ့်ခရီးသွား ၅ ရာခိုင်နှုန်းဆုံးရှုံးခဲ့ရပြီး ဟိုတယ်တွေကို ရိုက်ခတ်လာခဲ့ပါတယ်။ နိုင်ငံရေးမတည် မငြိမ် ဖြစ်မှုဒဏ်၊ အကြမ်းဖက်သမားတွေရဲ့ ဒဏ်ကြောင့် ခရီးသွားလုပ်ငန်း ယိမ်းယိုင်ခဲ့ရပြီးအခု တစ်ဖန်ကပ်ရောဂါနဲ့ ရင်ဆိုင်ရာမှာလည်း တူနီးရှားနိုင်ငံက ခရီသွားလုပ်ငန်း ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေး နည်းလမ်းတွေ ရှာဖွေ နေပါတယ်။

ရွေးချယ်စရာနည်းလမ်း

ကိုဗစ် -၁၉ ဆက်လက်တည်ရှိနေပြီး ဥရောပကခရီးသွားတွေ ဝင်ရောက်မှုမရှိတာကြောင့် နွေရာသီ တစ်နွေလုံးလုပ်ငန်း ရပ်နားထားရပါတယ်။ အခုအချိန်မှာဟိုတယ်လုပ်ငန်းရှင်တွေ၊ ခရီးသွားလုပ်ငန်းရှင်တွေ အတွက် ရွေးချယ်စရာ အများကြီးမရှိပါဘူး။ အဲဒါကတော့ နိုင်ငံခြားခရီးသွားတွေကို စောင့်မျှော်တာထက် ပြည်တွင်းခရီးသွားတွေပေါ်မှာ ပစ်မှတ်ထားဆွဲဆောင်ဖို့ရယ် နောက်နှစ်လာမယ့်ခရီး သွားရာသီအတွက် အကောင်းဆုံး ပြင်ဆင်ထားတာရယ် အဲဒီနှစ်ချက်ကလွဲရင် လတ်တလောမှာတော့ ရွေးချယ်စရာ မရှိသေးပါဘူး။

ခြူးစန္ဒီနွေး

ကိုးကား -အေအက်ဖ်ပီ