ကိုဗစ် -၁၉ ကပ်ရောဂါအတွက် ကန့်သတ်မှုတွေ ဖြေလျှော့လာပေမယ့် မူလအခြေအနေပြန်လည်ရောက်ရှိရန် မမျှော်လင့်နိုင်သေး

ခြူးစန္ဒီနွေး

 

စပိန်နိုင်ငံသားတွေကတော့ ၄၈ ရက်ကြာ အသွားအလာ ကန့်သတ်ခံရပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် လမ်းထွက်ပြီးတော့ စက်ဘီးစီးတာတွေ၊ လမ်းလျှောက်တာတွေ၊ အားကစားလုပ်တာတွေ၊ စကိတ်စီးတာတွေ ပြန်လုပ်လာကြပါပြီ။

သတိကြီးစွာဖြေလျှော့

ဥရောပနိုင်ငံအချို့မှာတော့ ကိုဗစ် -၁၉ ဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့ကန့်သတ်ထားမှုတွေ ကို တဖြည်းဖြည်းချင်း သတိကြီးစွာ ဖြေလျှော့ ပေးနေပါပြီ။ ရုရှားနိုင်ငံမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်းဟာ မြင့်တက်နေဆဲပါပဲ။ အခုဆိုရင် တစ်ကမ္ဘာလုံးက အစိုးရတွေဟာ ကန့်သတ်မှုတွေကို ဘယ်လိုမျိုးဖြေလျှော့ပြီးစီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုပြန်စတင် မလဲဆိုတာနဲ့ ပတ်သက်ပြီး ဖိအားတွေနဲ့ ကြုံတွေ့နေရပါတယ်။ အမေရိကန်အာဏာပိုင် ကတော့ ကိုဗစ် -၁၉ လူနာတွေကို ကုသဖို့ အတွက် အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ ဆေးဝါးကို တရားဝင် ခွင့်ပြုပေးခဲ့ပါတယ်။

အရေးပေါ်ကုသဆေးအဖြစ် အတည်ပြု

ကိုဗစ် -၁၉ အတွက် ကာကွယ်ဆေးနဲ့ ကုသဆေးရရှိဖို့ တစ်ကမ္ဘာလုံးက တွန်းအားပေး နေကြတဲ့အချိန်မှာ Remdesivir ဆေးကို အတည်ပြုပေးဖို့ အမေရိကန်ဘက်က ဆုံးဖြတ် ချက် ချခဲ့ပါတယ်။ ကိုဗစ် -၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါးဟာ အသွားအလာကန့်သတ်ခံထားရပြီး စီးပွားရေး ဟာဆိုရင်လည်း ၁၉၃၀ ပြည့်နှစ် နောက်ပိုင်း အဆိုးရွားဆုံးကျဆင်းမှုနှင့် ကြုံတွေ့နေရပါ တယ်။ ဒီဗိုင်းရပ်စ်ကြောင့် ကမ္ဘာအနှံ့ လူပေါင်း ၂၃၉၀၀ဝ နီးပါး သေဆုံးခဲ့ရပြီး ၃ ဒသမ ၃သန်း ရောဂါကူးစက်ခံထားရပါတယ်။ ဗိုင်းရပ်စ် ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ နိုင်ငံတွေမှာ အခုဆိုရင် ဖြစ်ပွားမှုနှုန်းဟာ ကျဆင်းလာပြီး ဥရောပနိုင်ငံတွေနဲ့ အမေရိကန် ပြည်နယ်အချို့ မှာဆိုရင် ကန့်သတ်ထားမှုတွေကို ဖြည်းဖြည်း ချင်း ဖယ်ရှားစ ပြုလာပါပြီ။ စီးပွားရေးလုပ်ငန်း တွေပိတ်ထားရမှုကြောင့် အကျပ်အတည်း ကနေ ရုန်းထွက်နိုင်ဖို့ အခုလို ဆုံးဖြတ်ရတာ လည်း ဖြစ်ပါတယ်။

လူပေါင်း ၂၅၀၀၀ အသက်ဆုံးရှုံးရ

စပိန်နိုင်ငံရဲ့ မြို့ကြီးတွေမှာတော့ လမ်း ထွက်ပြီး လမ်းလျှောက်တာ၊ အားကစား လုပ်တာကို ခွင့်ပြုလိုက်ပါပြီ။ စပိန်နိုင်ငံဟာ ကိုဗစ် -၁၉ အဆိုးရွားဆုံး ထိခိုက်ခံစားရတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် လူပေါင်း ၂၅၀၀ဝ နီးပါး အသက်ဆုံးရှုံးခဲ့ရပါ တယ်။ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်နေသူ မာကို့စ် အဘီတူကတော့ သူဟာ နေအိမ်မှာပဲ နေရစဉ်က အပြင်ထွက်ပြီး လျှောက်သွားချင်တဲ့ စိတ်တွေကို မနည်း ထိန်းချုပ်ထားရတယ်လို့ ပြောပါတယ်။ အခုလို အပြင်ထွက်ခွင့်ရတဲ့ အခါမှာတော့ ကလေး တစ်ယောက်လို လွတ်လွတ်လပ်လပ် ခုန်ပေါက် မိတယ်လို့ သူ့ရဲ့ အတွေ့အကြုံကို ပြောပြပါ တယ်။

ရဲတွေက လိုက်လံသတိပေးရ

ရီထရွိုင်ရို ပန်းခြံအနီးမှာတော့ ဒေသခံ အများစုဟာ လွတ်လွတ်လပ်လပ် လျှောက်သွား နေကြပြီး တစ်ခါတလေမှာ လူစုလူဝေး လုပ်လာတဲ့အတွက် ရဲတွေကနေ လူတွေကို ခပ်ခွာခွာနေကြဖို့ သတိပေးနေရပါတယ်။ ဘာစီလိုနာမှာ နေထိုင်တဲ့ အီတလီနိုင်ငံသား တစ်ဦးကတော့ ပထမဆုံး အပြင်ထွက်ခွင့် ရတဲ့အခါ အပြင်ထွက်နေတဲ့လူတွေကို ကြည့်ရ တာ လုံခြုံစိတ်ချရမှုဆိုတာ မတွေ့ရဘူး။ လူတွေ ထောင်နဲ့ချီပြီး အပြင်ထွက်လာကြလိမ့် မယ်လို့ မျှော်လင့်မထားဘူးလို့ ပြောပြပါတယ်။ စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်ကတော့ ပြည်သူတွေအနေနဲ့ အများပြည်သူနဲ့ သက်ဆိုင် တဲ့နေရာတွေ၊ သယ်ယူပို့ဆောင်ရေးတွေအသုံး ပြုတဲ့အခါ နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ရမယ်လို့ အမိန့်ထုတ်ထားပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို အခု အချိန်ထိ အပြင်ထွက်နိုင်တဲ့ အချိန်ကာလကို ကန့်သတ်ထားတုန်းပါပဲ။

နှာခေါင်းစည်းတပ်ရမယ်'

စပိန်၊ ဂျာမနီနဲ့ ဩစတြီးယားအပါအဝင် အခြားသော ဥရောပနိုင်ငံတွေမှာ ကန့်သတ်မှု တွေကို တဖြည်းဖြည်းချင်း ဖြေလျှော့လာပါ တယ်။ ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းဟာ လျော့ကျ လာပေမယ့် လူအချင်းချင်း ခပ်ခွာခွာနေရမယ့် အခြေအနေကိုတော့ ဆက်လက်ထိန်းထားဆဲ ပါပဲ။ ကူးစက်ခံရသူတွေကို ခြေရာခံလိုက်ဖို့နဲ့ အပြင်ထွက်ရင် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ဖို့ကိုတော့ ဆက်လက် လုပ်ဆောင် နေဆဲပါ။ ပြင်သစ်နိုင်ငံမှာတော့ မေ ၁၁ ရက်ကျ မှ အသွားအလာ ပိတ်ဆို့ကန့်သတ်ထားမှုတွေကို ဖြေလျှော့ပေးမှာပါ။ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေကိုလည်း နောက်ထပ် နှစ်လထပ်တိုးပြီး ဇူလိုင်လနှောင်းပိုင်းအထိ လုပ်ဆောင်သွားဖို့ မေ ၂ ရက်က ဆုံးဖြတ်ခဲ့ကြပါ တယ်။

အီတလီနိုင်ငံရဲ့ဖြေလျှော့မှုများ

နှစ်လနီးပါးကြာ အသွားအလာ ပိတ်ဆို့ ကန့်သတ်ခံရပြီးတဲ့နောက် အီတလီနိုင်ငံသား တွေဟာ မိဘဆွေမျိုးတွေဆီ အလည်အပတ် သွားတာ ပန်းခြံတွေဆီသွားတာမျိုးတွေ မေ ၄ ရက်ကစပြီး လုပ်ခွင့်ရတော့မှာပါ။ စားသောက် ဆိုင်တွေဟာလည်း ပြန်ဖွင့်ခွင့်ရမှာ ဖြစ်သလို လက်ကားရောင်းချတဲ့ ဆိုင်တွေလည်း မေ ၄ ရက်ကစပြီး စီးပွားရေး ပြန်စလုပ်ခွင့် ပြုပါပြီ။ ကျန်းမာရေးသတိရှိမှု အဆင့်အတန်းကို အမြင့် ဆုံးအထိထားရမှာဖြစ်ပြီး လူအချင်းချင်း ခပ်ခွာ ခွာနေဖို့နဲ့ နှာခေါင်းစည်း တပ်ဆင်ဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ ကျွန်တော်တို့ဘက် ကလည်း အတတ်နိုင်ဆုံးလုပ်နိုင်သမျှ အားလုံး လုပ်ခဲ့ပြီးပြီ မေ ၄ ရက်ကစလို့ ပြည်သူတွေ အပေါ်မှာပဲ မူတည်သွားပါပြီလို့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဆိုင်ရာ အရာရှိတစ်ဦး ဖြစ်သူ ဒိုမီနီကိုအာခရုက ပြောပါတယ်။ ပြည်သူများအနေနဲ့ ကျန်းမာရေး သတိရှိမှုကို မပေါ့ဆကြဖို့ မေတ္တာရပ်ခံပါတယ်လို့ သူက ဆက်ပြောပါတယ်။

ရုရှားမှာကူးစက်မှုမြင့်

ရုရှားမှာတော့ ကူးစက်မှုဟာ တစ်ရှိန်ထိုး မြင့်တက်နေပါတယ်။ တစ်ရက်တည်းမှာတင်ပဲ လူပေါင်း ၁၀၀၀ဝ ကူးစက်ခံထားရတာကို တွေ့ရပါတယ်။ မော်စကိုမြို့ဟာ ကိုဗစ် -၁၉ အဓိကကူးစက်ရာနေရာ ဖြစ်နေပြီး လူဦးရေရဲ့ ၂ ရာခိုင်နှုန်းခန့်ဟာ ရောဂါကူးစက်ခံထား ရပါတယ်။ ကိုဗစ်- ၁၉ ခြိမ်းခြောက်မှုဟာ သိသိ သာသာကြီး မြင့်တက်လာနေပြီလို့ မော်စကို မြို့တော်ဝန် ဆာဂီဆော့ဘရိုင်နင်က ပြောပါ တယ်။ ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၉၅ နိုင်ငံမှာ ကိုဗစ် -၁၉ ကူးစက်ခံရသူ လူပေါင်း ၃ ဒသမ ၃ သန်းရှိတဲ့အနက် ဥရောပမှာ ကူးစက်ခံရသူ ကတော့ ၁ ဒသမ ၅ သန်း ရှိပါတယ်။ ဒါတောင် ရောဂါ ရှိ မရှိ စမ်းသပ်မှုတွေဟာ အကန့် အသတ်နဲ့ လုပ်ဆောင်နေရဆဲဖြစ်လို့ အတိ အကျကြီး ပြောလို့မရပါဘူး။

သေဆုံးမှုမြင့်သည့်နိုင်ငံများ

အမေရိကန် ပြည်ထောင်စုကတော့ သေဆုံး မှုအများဆုံးဖြစ်ပြီး လူပေါင်း ၆၅၀၀၀ ကျော် သေဆုံးထားပါတယ်။ အဲဒီနောက်မှာတော့ အီတလီက သေဆုံးသူ ၂၈၂၃၆ ဦးနဲ့ ဒုတိယသေဆုံးမှုအမြင့်ဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ဗြိတိန် မှာတော့ သေဆုံးသူ ၂၇၅၁ဝ ရှိပြီး စပိန်မှာတော့ ၂၅၁၀ဝနဲ့ ပြင်သစ်မှာတော့ ၂၄၅၉၄ ဦး သေဆုံး ထားပါတယ်။ မေ ၁ ရက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ Remdesivir ဆေးကို ကိုဗစ် -၁၉ အရေးပေါ်ကုသဆေးအဖြစ် အသုံး ပြုဖို့ ခွင့်ပြုလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီဆေးဟာ ယခင်က အီဘိုလာအတွက် ထုတ်ထားတဲ့ဆေးဖြစ်ပြီး အခြေအနေဆိုးရွားတဲ့ ကိုဗစ် -၁၉ လူနာတွေကို အလျင်အမြန်ပဲ သက်သာစေတယ်လို့ ပြောပါတယ်။ အမေရိကန် နိုင်ငံအတွင်းမှာ ပြည်သူများနေအိမ်အတွင်းမှာသာနေဖို့ အမိန့်ကို ဆန့်ကျင်လာကြတဲ့ နောက်ပိုင်း ခေါင်းဆောင်ပိုင်းအနေနဲ့လည်း အတော်လေး ရုန်းကန်လာရပါတယ်။

အာရှတစ်လွှားကန့်သတ်မှုများ

အာရှမှာတော့ အိန္ဒိယနိုင်ငံဟာ ပိတ်ဆို့ ကန့်သတ်မှုတွေကို မေ ၄ ရက်က စပြီး နောက်ထပ်နှစ်ပတ် ထပ်တိုးမယ်လို့ ကြေညာ ခဲ့ပါတယ်။ စင်ကာပူမှာတော့ တိရစ္ဆာန်အစာ အရောင်းဆိုင်တွေနဲ့ ဆံပင်ညှပ်ဆိုင်တွေကို မေ ၁၂ ရက်မှာ ပြန်ဖွင့်ခွင့်ပြုမယ်လို့ သိရပါတယ်။ စင်ကာပူမှာ ရွှေ့ပြောင်းလုပ်သားတွေ ကူးစက် ခံရမှုနှုန်း မြင့်တက်လျက်ရှိပြီး ပိတ်ဆို့ ကန့်သတ် မှုတွေကို ဇွန် ၁ ရက်အထိ တိုးမြှင့်ထားပါတယ်။ ဟောင်ကောင်မှာတော့ တစ်ပတ်အတွင်း ကူးစက်လူနာ မတွေ့ရတော့တာ ခြောက်ရက် မြောက်နေ့ကို ရောက်လာပါပြီ။ အခုဆိုရင် နိုင်ငံအသီးသီးမှာ ပိတ်ဆို့ကန့်သတ်မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးလာပေမယ့် အရင်အခြေအနေအတိုင်း ပြန်ဖြစ်လာဖို့ဆိုတာ ကတော့ မျှော်မှန်းလို့မရသေးတဲ့ အရာတစ်ခု ပါပဲ။ ။ ကိုးကား -အေအက်ဖ်ပီ

မြန်မာ့အလင်း