ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ အတွေးအမြင်သစ်တစ်ခုကို ဖော်ပြလိုက်တဲ့ သုတေသနစစ်တမ်း

၂၁  မေ

အမေရိကန်ပြည်ထောင်စု နယူးယောက်ဆေးရုံမှာရှိတဲ့ အသက်ရှူအထောက်အကူပြုကိရိယာ တပ်ဆင်ထားတဲ့ အသက်အကြီးဆုံး ကိုဗစ်-၁၉ ဝေဒနာသည်အများစုဟာ အသက်မရှင်နိုင်ဘူးလို့ မေ ၁၉ ရက်က ထုတ်ပြန်ခဲ့တဲ့ သုတေသနစစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။ အဲဒီသုတေသနစစ်တမ်းဟာ ခန္ဓာကိုယ်ကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်အနိုင်ယူပြီး အကြင်နာကင်းမဲ့တဲ့ ရောဂါသစ်ဖြစ်တဲ့ ကိုဗစ်-၁၉ ရဲ့ သဘောသဘာဝကို စေ့ငုနေတာ ဖြစ်ပါတယ်။

ပိုလို့တောင် ကြောက်စရာကောင်း

လန်းဆက်မှာ ဖော်ပြထားတဲ့ အဆိုပါလေ့လာမှုဟာ တရုတ်နိုင်ငံနဲ့ ဥရောပတို့ရဲ့ ဆေးဝါးကုသမှုဆိုင်ရာ လက်တွေ့ရှာဖွေတွေ့ရှိမှု အတော်များများနဲ့ ကိုက်ညီနေ တာကို တွေ့ရပါတယ်။ အသက်ကြီးပိုင်းတွေဟာ ဆိုးရွား လှတဲ့ ရလဒ်တွေထွက်ပေါ်လာဖို့ ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အထူးသဖြင့် သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ အဝလွန်ခြင်း စတဲ့ နာတာရှည်ရောဂါတွေကို ခံစားနေရတဲ့ အသက်ကြီး ပိုင်းတွေအတွက် ပိုတောင်ကြောက်စရာကောင်းနေပါ တယ်။

သေဆုံးမှုအမြင့်ဆုံးနှုန်းမှာ အထူးသဖြင့် နာတာရှည် ရောဂါခံစားနေရတဲ့ အသက်ကြီးသူတွေ ပါဝင်ပါတယ်လို့ သုတေသနစစ်တမ်းရဲ့ အကြီးတန်းစာရေးသူနဲ့ ကိုလံ ဘီယာတက္ကသိုလ် အာဗင်းဆေးဘက်ဆိုင်ရာဌာနရဲ့ အဆုတ်ကျွမ်းကျင်ပညာရှင် မက်စ်အိုဒိုနယ်လ်က ပြောပါ တယ်။ ဒီလိုမျိုး ဘာကြောင့်ကြောက်စရာကောင်းအောင် ဖြစ်လာသလဲဆိုတာကို မိမိတို့အနေနဲ့ အံ့ဩမိတယ်လို့ သူက ဆက်ပြောပါတယ်။ ပြီးတော့လည်း ဒါဟာ တုပ်ကွေးလုံးဝမဟုတ်ကြောင်းလည်း သူကအံ့ဩစွာ ပြောပါတယ်။

အဲဒီသုတေသနဟာ တကယ့်ကို အပြင်းအထန်ရောဂါ ခံစားနေရတဲ့ အသက်ကြီးသူ ၂၅၇ ဦးကို လက်တွေ့စစ်တမ်း ကောက်ယူထားတာ ဖြစ်ပါတယ်။ အဲဒီပမာဏဟာ မတ် ၂ ရက်မှ ဧပြီ ၁ ရက်အထိ မြောက်ပိုင်းမင်ဟက် တန်မှာရှိတဲ့ ဆေးရုံနှစ်ရုံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကုသမှု ခံယူနေတဲ့ လူနာလေးပုံပုံ တစ်ပုံအောက်ကို ကိုယ်စားပြု ထားတာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ နောက်ထပ်အပြင်းအထန် ခံစားရတဲ့ အလယ်အလတ်အသက်အပိုင်းအခြားကတော့အသက် ၆၂ နှစ် ဖြစ်ပါတယ်။ အဲဒီအသက်အရွယ်နဲ့ ကိုဗစ်-၁၉ ခံစားနေရတဲ့ သုံးပုံပုံ နှစ်ပုံလောက်ဟာ အမျိုးသားတွေ ဖြစ်ပါတယ်။

အသက်မရှင်နိုင်ဘဲ သေဆုံးနိုင်

တကယ့်ကို ရောဂါပြင်းထန်တဲ့ လူနာတွေကို လေ့လာ မှုပြုခဲ့တဲ့အနက် ၃၉ ရာခိုင်နှုန်းဟာ ဧပြီ ၂၈ မတိုင်မီ သေဆုံးခဲ့ပြီးတော့ ကျန်ရှိနေတဲ့ ၃၇ ရာခိုင်နှုန်းဟာ မေးလ်စတိုင်းနဲ့ အလန်ဆေးရုံတွေမှာ ဆက်လက်ကုသမှု ခံယူနေဆဲဖြစ်တာကို တွေ့ရပါတယ်။ အဆိုပါဆေးရုံနှစ်ရုံ မှာတက်ရောက်ကုသနေတဲ့ အသက် ၃၀ အောက် ရောဂါ မပြင်းထန်တဲ့ သူတွေအားလုံး သေဆုံးမှုမရှိကြောင်း အိုဒိုနယ်လ်က ပြောပါတယ်။ သူတို့ထဲက အချို့သာ အသက်ရှူအထောက်အကူပြုကိရိယာတပ်ဆင်ခဲ့ရတယ် လို့ သူကဆက်ပြောပါ တယ်။ သို့သော်လည်း အသက်ရှူ အထောက်အကူပြုကိရိယာတပ်ဆင်ထားတဲ့ အသက် ၈၀ ကျော်အရွယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ အသက် မရှင်နိုင်တော့ဘဲ သေဆုံးခဲ့ကြောင်း သူကပြောပါတယ်။

ကိုဗစ်-၁၉ နှင့်ဆက်နွှယ်နေတဲ့ပြင်းထန်တဲ့ ဖျားနာမှု ကို ကုသရာမှာ ခန္ဓာကိုယ်တွင်း တစ်ခုခုထိုးသွင်းတဲ့ လုပ်ငန်းစဉ်ကို အသုံးပြုရင်ကောင်းမလား၊ အသုံးမပြု ရင် ကောင်းမလားဆိုပြီး စဉ်းစားနိုင်အောင် အဲဒီအချက်ကို အသက်ကြီးလူနာတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ဝေမျှ ပေးသင့်ပါတယ်။ ဒါဟာခက်ခဲတဲ့ အခြေအနေ တစ်ခုပါပဲလို့ အိုဒိုနယ်လ်က ပြောပါတယ်။

ဆေးရုံမှဆင်းသွားသူတွေနဲ့ သေဆုံးမှုနှုန်းကြားမှာဆေးကုသမှုစနစ်တွေကလည်း အမျိုးမျိုးကွဲပြားခြားနား ပါတယ်။ အမေရိကန်ပြည်ထောင်စု နယူးယောက် ပြည်နယ်ရဲ့ အကြီးဆုံးကျန်းမာရေးစနစ်တစ်ခုဖြစ်တဲ့ နော့သ်ဝဲလ်ကျန်းမာရေးဌာနမှ အစောပိုင်းစာရင်းတွေအရ အသက်ရှူအထောက်အကူပြုကိရိယာလိုအပ်တဲ့ တကယ့် ကို ဖျားနာနေသူတွေရဲ့ အသက်ရှင်သန်နိုင်မှုအခွင့်အရေး ဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ ဧပြီ ၂၂ ရက်မှာ ထုတ်ဝေတဲ့စာတမ်းတစ်ခုမှာ ဆရာဝန်တွေက တကယ့်ကို အပြင်းအထန်နေမကောင်းဖြစ်နေတဲ့လူနာ ၁၂၈၁ ဦးမှာ ၃ ဒသမ ၃ ရာခိုင်နှုန်းပဲ ဆေးရုံက ဆင်းခွင့်ပြုလိုက်နိုင်ပြီး ၂၄ ဒသမ ၅ ရာခိုင်နှုန်းကတော့ သေဆုံးခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။ ထို့အတူ ကျန်တဲ့သူတွေကတော့ ဆေးရုံမှ ဆက်လက်ကုသမှု ခံယူနေဆဲပါလို့ ဆက်လက်ဖော်ပြထား ပါတယ်။

ကိုက်ညီနေတာကို တွေ့ရ

အသက် ၇၀ ကျော်လွန်သွားပြီး အသက်ရှူအထောက် အကူပြုကိရိယာ အသုံးပြုနေရသူတွေရဲ့ သေဆုံးနှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော်လာတယ်လို့ နော့သ်ဝဲလ်ကျန်းမာ ရေးဌာနအကြီးအကဲ လက်ထောက်သမားတော်သောမက်စ် မက်ဂင်က မေ ၁၉ ရက်က ပြောပါတယ်။ ဒီအချက်ဟာ လန်းဆက်မှာဖော်ပြထားတဲ့ စာတမ်းအသစ်နဲ့ ကိုက်ညီ နေတာကို တွေ့ရပါတယ်။ မိမိရဲ့မိခင်ဟာ အသက် ၈၅ နှစ်ကျော်လွန်သွားပြီ၊ နေမကောင်းလည်းဖြစ်နေမယ်၊ အသက်ရှူအထောက်အကူပြုကိရိယာကိုလည်း တပ်မယ် ဆိုပါက အသက်ရှင်သန်ဖို့ အလားအလာကို သိနိုင်နေပြီလို့ သောမက်စ်မက်ဂင်က ပြောပါတယ်။

သို့သော်လည်း အတ္တလန္တာမှာရှိတဲ့ အီမိုရီကျန်းမာ ရေးဌာနက ရောဂါပြင်းထန်နေသူ ၂၁၇ ဦးရဲ့ ၄၀ ရာခိုင်နှုန်း ဟာ ဆေးရုံမှဆင်းခွင့်ရချိန်မှာ ၂၉ ဒသမ ၇ ရာခိုင်နှုန်း သေဆုံးခဲ့ကြောင်း၊ အီမိုရီကျန်းမာရေးဌာန အထူးကြပ် မတ် ကုသဆရာဝန် အမ်ကူပါစမစ်က ပြောလိုက်ပါတယ်။

လန်းဆက်စာတမ်းအသစ်မှာ မတ်လနဲ့ ဧပြီလ အကြားနယူးယောက်မှာရှိတဲ့ ဆေးရုံတွေဟာ ကပ်ရောဂါ ဖြစ်ပွားမှုမြင့်မားနေတဲ့ဒဏ်ကို အသည်းအသန်ခံစားနေရ တဲ့အချိန်မှာ လူနာတွေအနေနဲ့ ဘယ်လိုခံစားမှုတွေ ရှိနေတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း နောက်ကြောင်း တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ထပ်လုပ်ဖို့လိုသေးတယ်

မကြာသေးမီလများက ဆရာဝန်တွေက ကိုဗစ်-၁၉ လူနာတွေဟာ လေဖြတ်ခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းတွေ ဖြစ်နိုင်တဲ့ သွေးကြောပိတ်ခြင်းတွေခံစား နေရတယ်လို့ ဖော်ပြထားပါတယ်။ အခုလေ့လာမှု စစ်တမ်းအသစ်မှာတော့ အဝလွန်ခြင်းဟာလည်း သေဆုံးနိုင်တဲ့ နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုအဖြစ် ဖော်ပြထား ပါတယ်။ ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့ အသက် ၅၀ အောက် အပြင်းအထန်ဖျားနာနေသူအများစုရဲ့ ၇၁ ရာခိုင်နှုန်းဟာ ဝနေသူတွေ ဖြစ်ပါတယ်။ အဝလွန်ခြင်းဟာ ကိုဗစ်-၁၉ ခံစားနေရတဲ့အချိန်မှာ ဘယ်လိုမျိုး သေဆုံးမှု ဖြစ်စေနိုင်သလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ သို့သော်လည်း လန်းဆက်လေ့လာမှုစစ်တမ်းမှာ ဖော်ပြထားတာက အလွန်အမင်းအဝလွန်ခြင်းဟာ တခြားအပြင်းအထန် နေမကောင်းနေတဲ့ လူနာတွေနဲ့ နှိုင်းယှဉ်ရင်တော့ သေဆုံးနိုင်တဲ့အန္တရာယ် သိပ်မတွေ့ရဘူးလို့ ဖော်ပြထား ပါတယ်။ သုတေသန စစ်တမ်းပြုစုသူတွေကတော့ အဝလွန်ခြင်းဟာ ကိုဗစ်-၁၉ ပိုမိုကူးစက်ခံရနိုင်ခြေဆီသို့ ဦးတည်နေသလားဆိုတာကို နားလည်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေထပ်လုပ်ဖို့ လိုသေးတယ်လို့ ပြောပါတယ်။

အယူအဆတွေကွဲပြားနေ

တခြားသောလေ့လာမှုအများအပြားက အဝလွန်ခြင်းဟာ ပြင်းထန်တဲ့ ကိုဗစ်-၁၉ အတွက် အန္တရာယ်ဖြစ် စေတဲ့အချက်ပဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အထူးသဖြင့် အသက် ၆၀ အောက်လူတွေဖြစ်ပါတယ်။ ဧပြီလအစောပိုင်းက ကူးစက်မှုဆိုင်ရာဂျာနယ်တစ်ခုမှာ ဖော်ပြခဲ့တဲ့လေ့လာမှုတစ်ခုမှာ ဘီအမ်အိုင် ၃၀ ထက် ကျော်လွန်နေသူတွေဟာ ကိုဗစ်-၁၉ ကြောင့်ဆေးရုံတင် ရနိုင်ခြေ နှစ်ဆခန့်များပြားကြောင်း၊ ဘီအမ်အိုင် ၃၅ ထက်ကျော်လွန်နေမယ်ဆိုရင်တော့ ဆေးရုံတင်ရနိုင်ခြေ သုံးဆ ပိုမိုများပြားလာနိုင်ကြောင်း ဖော်ပြထားပါတယ်။ ကူးစက်ရောဂါ လေ့လာမှုကို ဦးဆောင်နေသူ အမေရိကန် ပြည်ထောင်စု နယူးယောက်ရှိ အင်ဝိုင်ယူလာဂွန်းဆေးရုံ ရဲ့ ကူးစက်ရောဂါပြန့်ပွားခြင်းနဲ့ ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် ဂျန်နီဖာအယ်လ်လိုက်သာက မတူညီတဲ့ ကမ္ဘာ့ ဒေသမှာ မတူညီတဲ့ အယူအဆတွေ ကွဲပြားနေတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာဆိုရင်တော့ လေထုညစ်ညမ်း မှုတွေ၊ မီးခိုးငွေ့တွေဖြစ်နိုင်ပြီး အီတလီမှာဆိုရင်တော့ အသက်ကြီးလူဦးရေ ဖြစ်နိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာဆိုရင်တော့ အဝလွန်သူတွေ ဖြစ်နိုင်ပြန် ရောလို့ သူကပြောပါတယ်။ သို့သော်လည်း အဝလွန် သူတွေရဲ့ ဆဲလ်တွေကို ဗိုင်းရပ်စ်တွေက တိုက်ခိုက်ဖို့ အခွင့်အရေးပိုရနိုင်တယ်လို့ သူကဆက်ပြောလိုက်ပါ တယ်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ဆေးရုံသွားဖို့ နှောင့်နှေးနေမယ်ဆိုရင်တော့ ပိုပြီးတော့ ဖျားနာမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ လန်းဆက်သုတေသန စစ်တမ်း အသစ်ဟာ ကိုဗစ် -၁၉ နဲ့ပတ်သက်ပြီး အတွေးအမြင် သစ်ကိုပေးတယ်လို့ ယေးလ်ဆေးကျောင်းက ပါမောက္ခ ဖြစ်သူ ဟာလန်ခရွမ်ဟို့ဇ်က ဖော်ပြလိုက်ပါတယ်။ ။

ထွန်းသစ်စ

ကိုးကား - သည်ဝါရှင်တန်ပို့စ်