ကိုဗစ် -၁၉ ထိန်းချုပ်ရေး ရုန်းကန်နေကြသည့် လက်တင်အမေရိကနိုင်ငံများ

ခြူးစန္ဒီနွေး

 

အထူးကြပ်မတ်ကုသဆောင်မှာ တာဝန်ကျတဲ့ ဒေါက်တာ အာနန်ဒို ဒူဘင်ဟာ တစ်ပတ်လုံး ဖျားနာနေတဲ့လူနာတွေ၊ ရောဂါသည်းနေတဲ့လူနာတွေကို ကုသပြီးတဲ့နောက် အပြင်ထွက်လာတဲ့အခါ အပြင်ကမြင်ကွင်းကြောင့် အံ့အားသင့် သွားရပါတယ်။ ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ထားခြင်းမရှိတဲ့ လူစုလူဝေးကြီးဟာ ပုံမှန်အတိုင်း သွားလာစားသောက် စကားပြောနေတာကို တွေ့မြင်လိုက်ရပါတယ်။


ပုံမှန် လူနေမှုဘ၀ရဖို့ ကြိုးစားနေ

အာဂျင်တီးနားနိုင်ငံဟာ ပုံမှန်လူနေမှုဘဝအတိုင်းပြန်ရဖို့ ကြိုးစားနေကြပါတယ်။ ဇူလိုင်လအတွင်းက အာဂျင်တီးနား နိုင်ငံမှာ စည်းကမ်းတင်းကျပ်တဲ့ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ချမှတ်ခဲ့ပြီး အခုအချိန်မှာတော့ တဖြည်းဖြည်းချင်း ဖြေလျှော့ပေးမှုတွေ ပြုလုပ်လာပါပြီ။ ဒီရက်တွေ အတောအတွင်းမှာပဲ ဆံပင်ညှပ်ဆိုင်တွေ၊ အလှပြင်ဆိုင်တွေနဲ့ လုပ်ငန်းခွင်တွေ ပြန်ဖွင့်နေပါပြီ။ ယခုလအတွင်း မြို့တော်မှာရှိတဲ့ ကော်ဖီဆိုင်တွေ၊ ဘားတွေ ပြန်လည်ဖွင့်လှစ်ခွင့်ရပြီး ဆိုင်ထိုင်စားခွင့် ပြန်ရလာပါတယ်။


အသွားအလာပိတ်ဆို့ကန့်သတ်မှုတွေ ဖြေလျှော့ပြီးတဲ့နောက် ဖျားနာမှုတွေ ရှိနေဆဲဖြစ်သလို စည်းကမ်း လိုက်နာမှုတွေလည်း လျော့ပါးခဲ့ရပါတယ်။

 

ကူးစက်မှုတွေပြန်လည်များပြား
လွန်ခဲ့သည့် နှစ်လခန့်ကစလို့ ကူးစက်မှုတွေဟာ ပြန်လည်များပြားလာပြီး နေ့စဉ်ကူးစက်မှုနှုန်းဟာ ၁၂၀၀၀ အထိရှိလာပါတယ်။ ကူးစက်မှုတွေများလာတဲ့အတွက် ဒီလူနာတွေအားလုံးကို ကိုင်တွယ်ကုသပေးနိုင်ဖို့ မစွမ်းနိုင်တော့ဘူးလို့ ဒေါက်တာ ဒူဘင်က ပြောပါတယ်။


အရာအားလုံးဟာ အကန့်အသတ်နဲ့ ဆောင်ရွက်နေ ရပြီး ဆေးရုံမှာလည်း လုပ်ဖော်ကိုင်ဖက်ဆရာဝန်တွေ တဖြည်းဖြည်း လျော့ပါးလာပါတယ်။ လွန်ခဲ့တဲ့ ခုနစ်လ လောက်ကစပြီး လက်တင်အမေရိကမှာ ကိုဗစ် -၁၉ စတင်တွေ့ရှိခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ တဖြည်းဖြည်းနဲ့ လက်တင်အမေရိကဟာ ကမ္ဘာပေါ်မှာ ကိုဗစ် -၁၉ ဆိုးဆိုးရွားရွားကူးစက်ခံရတဲ့နေရာ ဖြစ်လာခဲ့ပါတယ်။


ထိန်းချုပ်နိုင်စွမ်း မရှိ

ဘရာဇီး၊ ပီရူး၊ မက္ကဆီကို၊ ကိုလံဘီယာနိုင်ငံတို့ဟာ ကိုဗစ် - ၁၉ ကူးစက်မှုနှုန်းမြင့်တဲ့ နိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။ လက်တင်အမေရိက နိုင်ငံတွေဟာ ကိုဗစ်- ၁၉ အတွက် ပြင်ဆင်ဖို့ အချိန်ရရှိခဲ့ပေမယ့် ရောဂါကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ ကိုဗစ် -၁၉ ထိန်းချုပ်ရေးအတွက် ရောဂါရှိတဲ့သူနဲ့ ထိစပ်မှု ရှိခဲ့သူတွေ ကို ခြေရာခံလိုက်နိုင်ဖို့ဆိုတာ အဓိကအရေးပါတဲ့အချက် တစ်ချက်ပါပဲ။ ဒါပေမယ့်လည်း တချို့သော နိုင်ငံတွေဟာ ခြေရာခံလိုက်နိုင်ဖို့ အပြည့်အဝ မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ကိုလံဘီယာနိုင်ငံမှာဆိုရင် ပွဲတော်တွေနဲ့ လျှို့ဝှက်လုပ်တဲ့ ပါတီတွေမှာ လူတွေ ထောင်နဲ့ချီပြီး တက်ကြတယ်။ ဒါကြောင့် ဇူလိုင်လအတွင်းမှာ ကူးစက်မှုတွေဟာ များလာခဲ့ပါတယ်။


ကူးစက်မှုမြင့်မားနေဆဲ
ပီရူးနိုင်ငံမှာတော့ ကိုဗစ် - ၁၉ ထိန်းချုပ်ရေးအတွက် ဆောလျင်စွာပဲ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်ခဲ့ကြပေမယ့် လက်တင်အမေရိကနိုင်ငံတွေကြားထဲမှာ ကူးစက်မှုမြင့်မားတဲ့နိုင်ငံ ဖြစ်လာတုန်းပါပဲ။ ဘရာဇီးနိုင်ငံမှာတော့ လူပေါင်း ၄ ဒသမ ၂ သန်းကျော် ကူးစက်ခံထားရပြီး လူပေါင်း ၁၃၀၀၀၀ ကျော် ကိုဗစ် - ၁၉ ကြောင့် သေဆုံးခဲ့ရပါတယ်။

 

ဒါပေမယ့်လည်း လူတွေကို ကြည့်လိုက်ရင် ကမ်းခြေတွေမှာ ပြည့်နှက်နေသလို ဘားတွေမှာလည်း လူစည်ကား မပျက်ပါပဲ။ ပါးစပ်နှာခေါင်းစည်းဝတ်ဆင်ပေးဖို့ မေတ္တာရပ်ခံမှုကိုလည်း လျစ်လျူရှုထားကြပါတယ်။ ဒါကြောင့်လည်း ကူးစက်မှု နှုန်းကို ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။


မက္ကဆီကိုနိုင်ငံ၏ လုပ်ဆောင်မှု

မက္ကဆီကိုနိုင်ငံမှာတော့ ကိုဗစ် - ၁၉ ကူးစက်ခံရ သူပေါင်း ၆၅၂၀၀၀ ကျော်ရှိပြီး ၇၀၀၀၀ ကျော် သေဆုံးခဲ့ ပါပြီ။ အစောပိုင်းနေ့ရက်တွေမှာတော့ မက္ကဆီကို ဆရာဝန်၊ သူနာပြုနဲ့ ကျန်းမာရေး ဝန်ထမ်းပေါင်း ၄၅၀၀၀ ကျော် ငှားရမ်းခဲ့ပြီး ကိုဗစ်- ၁၉ ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဒါကြောင့်လည်း ကိုဗစ်- ၁၉ လူနာတွေကို နိုင်နိုင်နင်းနင်း ကုသပေးနိုင်လိမ့်မယ်လို့ ကြွေးကြော်ခဲ့ကြပါတယ်။ ကိုဗစ်- ၁၉ ရှိ မရှိ အကြီးအကျယ် စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ဟာ ကြောက်မက်ဖွယ် ကောင်းနေတုန်းပါပဲ။
မက္ကဆီကိုနိုင်ငံမှာဆိုရင် မတ်လနှောင်းပိုင်းကစပြီး ရက်ပေါင်း ၇၀ ကြာ အသွားအလာ ပိတ်ဆို့ကန့်သတ်မှုတွေ ချမှတ်ခဲ့ပါတယ်။


ပြန်ဖွင့်ခွင့်ပေး
ဒါပေမယ့်လည်း ကြာလာတဲ့အခါ စီးပွားရေးထိခိုက်မှုအပေါ် ဖိအားတွေများလာတဲ့အတွက် ကူးစက်မှု မြင့်တက်နေဆဲမှာပဲ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ရပါတယ်။ စီးပွားရေးအခြေအနေ ကြောင့် ဆောလျင်စွာပဲလုပ်ငန်းတွေ ပြန်ဖွင့်ခွင့်ပေးခဲ့ရတယ်လို့ မက္ကဆီကိုတက္ကသိုလ်က ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ မာလာကီးရပ်စ်လိုပက်ဇ်ဆာဗန် တက်စ်က ပြောပါတယ်။


ပီရူးနိုင်ငံ၏ ရုန်းကန်ရမှုများ

ပီရူးနိုင်ငံကတော့ ကိုဗစ် - ၁၉ ကြောင့် သေဆုံးမှုနှုန်းမြင့်တဲ့ နိုင်ငံထဲက တစ်နိုင်ငံဖြစ်နေပါတယ်။ ကိုဗစ် - ၁၉ ရှိ မရှိ ဆေးစစ်မှုကိုလည်း အကန့်အသတ်နဲ့သာ လုပ်ဆောင်နိုင်ပါတယ်။ တရားဝင်စာရင်းဇယားအရတော့ ကူးစက်မှုပေါင်း ၇၀၀၀၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။


ပီရူးနိုင်ငံမှာ အောက်ဆီဂျင်လိုအပ်တဲ့ ကိုဗစ်-၁၉ လူနာတွေဟာ မတတ်သာတဲ့အဆုံး အောက်ဆီဂျင်ကို မှောင်ခိုဈေးကွက်ကနေ ရယူနေရပါတယ်။ ကိုဗစ်- ၁၉ ကြောင့် ရုန်းကန်နေရသလို နိုင်ငံရေးမှာလည်း မငြိမ် မသက်မှုတွေ ရှိနေခြင်းကြောင့် ပီရူးနိုင်ငံအတွက် ကိုဗစ်-၁၉ ထိန်းချုပ်ရေးမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။


အာဂျင်တီးနားသမ္မတ၏ တင်းကျပ်မှု

ဒီကြားထဲ ရောဂါလက္ခဏာမပြတဲ့ ကူးစက်မှုတွေကြောင့်လည်း ထိန်းချုပ်ရေးမှာ မနိုင်မနင်းတွေ ဖြစ်ကုန်ရပါတယ်။ အာဂျင်တီးနားနိုင်ငံမှာတော့ ဒီဇင်ဘာလအတွင်းကမှ အာဏာရလာခဲ့တဲ့ သမ္မတ ဖာနန်ဒတ်ဟာ မတ်လအတွင်း ကစပြီး နိုင်ငံအတွင်းမှာ ကိုဗစ်- ၁၉ နဲ့ ပတ်သက်ပြီး တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ခဲ့ပါတယ်။ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းတွေကို ရပ်နားခဲ့ပြီး ဘတ်စ်ကားဂိတ်တွေနဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ပစ်ခဲ့ပါတယ်။


လူဦးရေ ထူထပ်ခြင်းမရှိတဲ့ မြို့တွေမှာတောင် လိုအပ်ရင် သီးခြားခွဲထားမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အစပိုင်းမှာတော့ အဲဒီလိုလုပ်ဆောင်မှုတွေဟာ အလုပ်ဖြစ်သယောင်ပါပဲ။ နောက်ပိုင်းမှာ ကူးစက်မှုတွေဟာ ဆင်းရဲသားတွေနဲ့ လူဦးရေထူထပ်တဲ့မြို့တွေ၊ ကျေးရွာတွေကို ပျံ့နှံ့သွားတဲ့အခါမှာတော့ လူတွေဟာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာနိုင်ခြင်း မရှိတော့ပါဘူး။


ဖိအားပေးလာ
ဒါပေမယ့်လည်း အနီးအနားပတ်ဝန်းကျင်နိုင်ငံတွေဖြစ်ကြတဲ့ ဘရာဇီး၊ ချီလီနဲ့ ပီရူးနိုင်ငံတို့လောက်တော့ အခြေအနေ မဆိုးရွားသေးပါဘူး။ အသွားအလာပိတ်ဆို့ ကန့်သတ်မှုတွေဟာ အောင်မြင်သင့်သလောက်တော့ အောင်မြင်ခဲ့ပါ တယ်။ ဒါပေမယ့်လည်း သမ္မတဟာ အတိုက်အခံအုပ်စုတွေ၊ ပြည်သူတွေနဲ့ မီဒီယာသမားတွေရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်လာရပါတယ်။ အားလုံးက တော့ကန့်သတ်မှုတွေကို ဖြေလျှော့ပေးဖို့ ဖိအားပေးလာ ကြတာပါ။


ကြိုးစားနေကြဆဲ
မေလအတွင်းမှာတော့ ဗျူနိုအေရိစ်မြို့က ကလေးတွေဟာ တစ်ပတ်လုံးမှာ တစ်နာရီသာအိမ်ပြင်ကို ထွက်ခွင့်ရပါ တယ်။ အဲဒီလောက်ထိတောင် တင်းကျပ်တဲ့ စည်းကမ်းတွေ အာဂျင်တီးနားနိုင်ငံမှာ ချမှတ်ခဲ့တာပါ။ ဗျူနိုအေရိစ်နဲ့ အနီး ပတ်ဝန်းကျင်မြို့တွေမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ်ဆဲဖြစ်ပေမယ့် ဒေသခံအာဏာပိုင် တွေကတော့ အားကစားပွဲတွေ ပြန်စခွင့်ပေးသလို စတိုးဆိုင်တွေလည်း ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။

 

အခုဆိုရင် ကိုဗစ်- ၁၉ ဟာ ကမ္ဘာတစ်ဝန်း အင်အားပြင်းပြင်းနဲ့ ဆက်လက်မင်းမူဆဲပါပဲ။ ဒီလိုအချိန်မှာ လက်တင်အမေရိက နိုင်ငံတွေဟာလည်း သူ့နည်းသူ့ဟန်နဲ့ ကိုဗစ် - ၁၉ ကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြဆဲပါပဲ။ ။

ကိုးကား-ဝါရှင်တန်ပို့စ်