ကိုဗစ်- ၁၉ ဝေးဝေးသွား အဖြူရောင်စေတနာများ

၁၉  မေ

မြန်မာနိုင်ငံကို ရောက်ခဲ့ဖူးသည့် ပြည်ပနိုင်ငံသားများက မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမျိုးမျိုး မှတ်ချက်စကားများ ပြောခဲ့ကြသည်။ ''ရွှေနိုင်ငံတဲ့၊ သဘာဝတရားကြီး၏ လက်ဆောင်မွန်တဲ့၊ ပြုံးရွှင်ကြင်နာတဲ့ နယ်မြေတဲ့၊ ဧည့်သည်ကို ဦးစားပေးတဲ့ လူမျိုးတွေတဲ့၊ ဖော်ရွေနွေးထွေးတဲ့ တိုင်းပြည်တဲ့၊ နေမဝင်စေတနာများ ပြန့်ပွားရာနေရာတဲ့'' စသည်ဖြင့် စုံလှပါသည်။ ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူခဲ့ရသလို နိုင်ငံသား ဖြစ်ရသည်ကိုလည်း ဂုဏ်ယူခဲ့သည်။ တစ်ခါကလည်း ကမ္ဘာ့အရက်ရောဆုံး နိုင်ငံများကို စာရင်းကောက်ယူရာ တွင်လည်း မြန်မာနိုင်ငံသည် ထိပ်ဆုံးက ရှိနေသဖြင့် ပို၍ ဂုဏ်ယူရပြန်သည်။

ကြီးမားသောကူညီမှု

ကျွန်တော်လည်း သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ အိမ်မှာနေရင်း မီဒီယာ နည်းလမ်းပေါင်းစုံကို ကြည့်ဖြစ်သည်။ ကိုဗစ်-၁၉ စောင့်ကြည့်ရေးနေရာအဖြစ် ယာယီအသုံးပြုနေသည့် စာသင်ကျောင်းမှာနေသူများအတွက် ကျောင်းသား ကျောင်းသူလေးများက ရသည့်မုန့်ဖိုးလေးများကိုစု၍ နှာခေါင်းစည်းများကို စုဝယ်ကာ ကျောင်းခြံစည်းရိုး အဝင်/အထွက် တံခါးဘေးရှိ တာဝန်ရှိသူမှအပ မည်သူမှ မဝင်ရ ဆိုင်းဘုတ်လေးဘေးမှာချိတ်၍ ထွက်ပြေးသွားပုံများ၊ သံဃာတော်များ၊ သီလရှင်များက သူတို့ အလှူခံ ရရှိသည့် ဆန်နှင့်အခြားစားသောက်ကုန်ပစ္စည်းများကို အခက်အခဲဖြစ်နေသည့်သူများအား ပြန်လည်စွန့်ကြဲပုံများ၊ ကျေးရွာ အလိုက်၊ ရပ်ကွက်အလိုက် လူသုံး၊ အိမ်သုံးပစ္စည်းများကို လိုက်လံလှူဒါန်းနေသော ပရဟိတသမားများ၊ ကျူးကျော် တဲများမှာ နေထိုင်သူများကို အနုပညာရှင်များ၊ အခြားကြင်နာတတ်သူ ပရဟိတသမားများက နေရာအရောက် အခမ်းအနားမပါ ပကတိစေတနာဖြင့် လိုက်လံလှူဒါန်း နေပုံများ၊ သက်ဆိုင်ရာဝန်ထမ်းများက နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ရင်ခွင်မဲ့ကျောင်း များသို့ ရသည့်လစာလေးများကို ခြိုးခြံချွေတာကာ လူကိုယ်တိုင်သွားမလှူနိုင်သဖြင့် မိုဘိုင်းစားသောက် ကုန်ရောင်းဝယ်ရေးလုပ်ငန်းများမှတစ်ဆင့် ပေးပို့လှူဒါန်းမှုများ၊ ကျန်းမာရေးဝန်ထမ်းအချို့သည် မိမိ၏ ကျန်းမာရေးကို မငဲ့ကွက်ဘဲ လူနာကျန်းမာရေး အတွက်သာ စေတနာထား ဆောင်ရွက်ခဲ့သဖြင့် ကိုယ်တိုင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသော ဝန်ထမ်းများ၊ တချို့လုပ်ငန်း ရှင်များက မိမိတို့ဝန်ထမ်းများ အဆင်ပြေစေရေးအတွက် ကိုယ်တိုင်အခက်အခဲရှိနေသည့်ကြားထဲမှ မိမိဝန်ထမ်းများကို ငွေကြေး၊ စားသောက်ကုန်များ စေတနာပါပါ ပံ့ပိုးကူညီပေးနေသည်များကို မြင်တွေ့နေရသည်မှာ ကျေနပ်ဝမ်းသာရပါသည်။ သူတို့သည် ဘယ်သူတွေဆိုတာ မသိ၊ သိစရာလည်း မလိုပေ။ သူတို့၏လုပ်ရပ်ဖြင့် သက်သေပြသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် အဖြူရောင် စေတနာရှင်များသည် တိုင်းပြည် အခက်အခဲကြုံတိုင်း၊ သဘာဝဘေးဒဏ်ခံရတိုင်း ပြည်သူများအတွက် အသင့် ရှိနေခြင်း ဖြစ်ပေမည်။ သူတို့၏ လှူဒါန်းမှုသည် တန်ဖိုး အားဖြင့် နည်းပါးသော်လည်း အမှန်တကယ် လိုအပ် နေသူများအဖို့မူ ကြီးမားသောကူညီမှု ဖြစ်ခဲ့သည်။

မြင်းမိုရ်တောင်များဖြစ်

ထို့အပြင် လုပ်ငန်းရှင်များ၊ ကြွယ်ဝချမ်းသာသူများ ကလည်း သူတို့၏ လှူဒါန်းမှုကို လူမသိစေဘဲ ရက်ရောစွာ အပြိုင်အဆိုင် လှူဒါန်းကြသည်။ ကျန်းမာရေးစက်ကြီး များ၊ အခြေခံစားသောက်ကုန်များ၊ ကျန်းမာရေးသုံးပစ္စည်း များကို အရောက်ပို့စနစ်ဖြင့် လှူဒါန်းကြသဖြင့် ပြည်သူ များ ယုံကြည်စိတ်ပိုမိုရှိလာကြသည်။ ကျန်းမာရေး မကောင်းသူများအတွက် အထောက်အကူများစွာ ရရှိ ခဲ့သည်။ သူတို့က လူမသိ သူမသိ လျှို့ဝှက်စွာ အဖြူရောင် စေတနာဖြင့် လှူဒါန်းခဲ့ကြခြင်း ဖြစ်သော်လည်း မျက်ရည် စက်လက်ဖြင့် ကျေးဇူးတင်သူများအတွက် မြင်းမိုရ်တောင် များ ဖြစ်ခဲ့သည်။ ရင်ထဲတွင် ထာဝစဉ် အသိအမှတ်ပြုခဲ့ သည်။ ပေထက်အက္ခရာ တင်ခဲ့ကြသည်၊ ဝမ်းမြောက်ဖွယ် မြင်ကွင်းများ ဖြစ်ခဲ့သည်။

အစိုးရက ခိုင်မာပြည့်စုံသည့် မူဝါဒများချမှတ် ပေးခြင်း၊ သက်ဆိုင်ရာဌာနများက လိုအပ်သော အမိန့်၊ ညွှန်ကြားချက်၊ အသိပညာပေးမှုများဖြင့် အကောင် အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြည်သူများကလည်း ကျန်းမာရေးသတိရှိစွာဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းများကိုလည်း မြင်တွေ့နေရသဖြင့် ကျေနပ်ဝမ်းသာခဲ့ရ ပါသည်။

ကူးစက်ပျံ့နှံ့ရောက်ရှိ

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ ဆေးရုံသို့ ၂၇- ၂- ၂၀၁၉ ရက် နေ့တွင် လူနာတစ်ဦး ရောက်ရှိလာသည်။ ထိုလူနာကို ဘာရောဂါနဲ့ ရောက်လာကြောင်းကို ဆေးဘက် ဆိုင်ရာ ဆရာဝန်များရောဂါအမည်တပ်ဖို့ အခက်အခဲ ကြုံခဲ့ ရသည်။ တုပ်ကွေးရောဂါနှင့် ဆင်တူကြောင်းသာ သိရပြီး ၂၈-၁၂-၂၀၁၉ ရက်နေ့တွင်မူ အလားတူ လူနာ ၄၀ ကျော် ရောက်ရှိလာပြန်သည်။ ထို့ကြောင့် တရုတ်အာဏာပိုင် များက ၄-၁-၂၀၂၀ ရက်နေ့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိကြောင်း မျိုးရိုးဗီဇကို ထုတ်ဖော်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်နှင့် အခြားနိုင်ငံများကို အသိပေးဖြန့်ဝေပေးခဲ့သည်။ အခြားသူများထံ ဆက်လက်မကူးစက်ရန် အကောင်းဆုံးနည်းလမ်းအဖြစ် လူဦးရေကိုးသန်းကျော် နေထိုင်လျက်ရှိသော ဝူဟန် မြို့ကို ၂၃- ၁- ၂၀၂၀ ရက်နေ့မှစ၍ ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ကူးစက်ရောဂါကု သီးခြားဆေးရုံ နှစ်ရုံ ကို စေတနာ့ဝန်ထမ်းအင်အား ၄၀၀ ကျော်နှင့် စဆောက်ပြီး အချိန်မီထိန်းချုပ်နိုင်အောင် ကြိုးစားခဲ့သော်လည်း ကမ္ဘာ့ နိုင်ငံအသီးသီးသို့ ရောဂါပိုးသည် ကူးစက်ပျံ့နှံ့ရောက်ရှိ သွားခဲ့ပြီ ဖြစ်သည်။

ထောက်ပြပြောဆို

တရုတ်နိုင်ငံ၌ စဖြစ်ခါစတွင် မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ တရုတ်နိုင်ငံနှင့် ကူးလူးဆက်ဆံမှု အများဆုံးဖြစ်၍ ကူးစက်ခံရမှု အများဆုံးဖြစ်နိုင်ကြောင်း၊ သေကျေပျက်စီးမှုအများဆုံးဖြစ်နိုင်ကြောင်း၊ ဖွံ့ဖြိုးစနိုင်ငံ တစ်နိုင်ငံဖြစ်၍ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နည်းပါးမည်ဖြစ်၍ အခက်အခဲများစွာ ကြုံတွေ့နိုင်ကြောင်း၊ အလုပ်လက်မဲ့ပြဿနာများပြားကာ စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေးများတွင် အခက်အခဲများစွာ ကြုံတွေ့ရနိုင်ကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားသောက်ကုန် ပစ္စည်းပြတ်လပ်မှု ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း၊ ဆေးရုံ၊ ဆေးခန်းနည်းပါးမှုနှင့် ဆေးဝါးမလုံလောက်မှု ပြဿနာများ ကြုံတွေ့ရနိုင်ကြောင်း ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးပညာရှင်အချို့က စေတနာအပြည့်ဖြင့် ထောက်ပြပြောဆို ကြပါသည်။ ပြည်သူလူထုအားလုံး ကိုဗစ်-၁၉ ကျန်းမာရေးပညာပေးမှုများကို ဂရုစိုက်လိုက်နာ ပူးပေါင်း ဆောင်ရွက်ရန် စားရေး၊ နေရေး၊ ဝတ်ရေးကိစ္စများ တွင် ကျန်းမာရေးအသိဖြင့် သတိရှိစွာ ဆောင်ရွက်ရန် မီဒီယာနည်းလမ်းပေါင်းစုံမှ အသိပေးကြသည်။

ယနေ့အချိန်အခါတွင် တစ်ကမ္ဘာလုံး၌ ဖြစ်ပွားလျက် ရှိသော ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါကြောင့် အခက်အခဲများစွာ ကြုံတွေ့ရလျက်ရှိသည်ကို စိတ်မကောင်းစွာ မြင်နေ၊ တွေ့နေ၊ သိရှိနေရသည်။

စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြရ

လူတစ်ဦးချင်းစီ၏ စားရေး၊ ဝတ်ရေး၊ နေရေး သာမက နိုင်ငံတစ်နိုင်ငံချင်း၏ စီးပွားရေး၊ လူမှုရေး ၊ နိုင်ငံရေးစသည့် ကဏ္ဍအသီးသီးတွင်လည်း ထိခိုက်နစ်နာဆုံးရှုံးမှုများစွာ ကြုံတွေ့ရလျက်ရှိသည်။ မည်သည့်အချိန် ပြီးဆုံးမည်ကို လည်းမသိ၊ ရေရှည်ဖြစ်ပွားမလားလဲ မခန့်မှန်းနိုင်၊ ကာကွယ်ဆေး၊ ကုသဆေးများလည်း ထုတ်လုပ်ဖြန့်ဖြူး နိုင်ပြီဟု ကြားရသော်လည်း လက်တွေ့ဖြစ်မလာသေး၊ ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိုးရိမ်ထိတ်လန့်စွာ နေထိုင်ကြရသည်။

လက်ရှိတွင် ကမ္ဘာပေါ်၌ ဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများအနက် အမေရိကန်နိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာ တစ်သန်းခွဲကျော်၊ သေဆုံးသူ ကိုးသောင်းကျော်၊ စပိန်၊ အီတလီ၊ ဗြိတိန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီ၊ ဘရာဇီး၊ တူရကီ၊ အီရန် စသည့်နိုင်ငံများသည်လည်း ကူးစက် မှု၊သေဆုံးမှု အများဆုံးနိုင်ငံများဖြစ်သည်။ မြန်မာနိုင်ငံတွင် ယနေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၈၈ ဦး၊ သေဆုံးသူ ခြောက်ဦးသာ ရှိခြင်းသည် ကံကောင်းလှပါသည်။ နိုင်ငံတော်အစိုးရက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဘတ်ဂျက်လိုသလောက် အသုံးပြုခွင့်ပေးခြင်း၊ သက်ဆိုင်ရာဌာနများက အလေးထားကာ အသေးစိတ် အချက်အလက်များမှအစ ဂရုတစိုက် ကိုင်တွယ်ဖြေရှင်း ပညာပေးနေခြင်း၊ မီဒီယာ နည်းလမ်းပေါင်းစုံမှ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပေးခြင်းများကြောင့် ပြည်သူများသိရှိကာ ပူးပေါင်းဆောင်ရွက် လိုက်နာကြခြင်းများကြောင့် ဖြစ်မည်ထင်မိသည်။

မြန်မာတို့၏ စိတ်ရင်း

ပို၍ ကျေနပ်စရာကောင်းသည်မှာ သတင်းမှားများကြောင့် ပြည်သူများ စိုးရိမ်စိတ်မဖြစ်ပွားစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ သတင်းမှန်များ ထုတ်ပြန်ပေးခြင်း၊ ပြည်သူများ စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး များတွင် အသုံးပြုသည့် လူသုံးအိမ်သုံးပစ္စည်းများကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချသော စီးပွားရေးလုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များက ၎င်းတို့ ရောင်းဝယ်သောပစ္စည်း များကို စျေးနှုန်းများမတက်ဘဲ အခြေခံစျေးနှုန်းအတိုင်း ရောင်းချပေးမည်ဟု ကတိကဝတ်ပြု၍ လက်တွေ့ ရောင်းဝယ်ကြသဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ခြင်း စသည့် အချက်များသည် မြန်မာတို့၏ စိတ်ရင်းကြောင့်ပင် ဖြစ်ပေမည်။

ပိုမိုသတိကြီးစွာ ဂရုစိုက်သင့်

အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ မြန်မာနိုင်ငံသည် ဖြစ်ပွားနှုန်းသက်သာသည်ဟု ဆိုနိုင်သည်။ အစိုးရတာဝန်ရှိသူများ၏ ဖိဖိစီးစီးဖြင့် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များ အချိန်မီထုတ်ပြန်ပေးနိုင်မှု၊ လိုအပ်သော ဆေးဘက်ဆိုင်ရာ ပုဂ္ဂိုလ်များ၊ ကျန်းမာရေး သုံးပစ္စည်းများ ပံ့ပိုးပေးနိုင်မှုကြောင့်လည်းကောင်း၊ လုပ်ငန်းရှင်များ၏ လှူဒါန်းပေးမှုများ၊ ပံ့ပိုးကူညီပေးမှု များကြောင့်လည်းကောင်း၊ အဖွဲ့အစည်းများ၏ အချိန်နှင့် တစ်ပြေးညီ ကူညီဆောင်ရွက်ပေးမှုများကြောင့် လည်းကောင်း၊ ပြည်သူများက ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာမှု၊ ပူးပေါင်း ဆောင်ရွက်မှုများကြောင့်လည်းကောင်း အချို့သောနိုင်ငံ များထက် ကမ္ဘာ့ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် ထိရောက်ခြင်း ဖြစ်ပေမည်။ သို့သော် မပေါ့ဆသင့်ပေ။ ပိုမိုသတိကြီးစွာထား၍ ဂရုစိုက်သင့်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် အခြားနိုင်ငံ များထက် ဖြစ်ပွားနှုန်း၊ သေဆုံးမှုနှုန်းနည်းပါးရခြင်းမှာ အစိုးရအဖွဲ့၊ သက်ဆိုင်ရာဌာန၊ ပရဟိတအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ ပံ့ပိုးကူညီကြသူများ၏ စေတနာများ ကြောင့်ပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် မည်သည့် အချိန် ဆေးဝါးများ ပေါ်ပေါက်၍ ပျောက်ကင်းနိုင်မည်၊ ကင်းစင်နိုင်မည်ကို မည်သည့်နိုင်ငံမှ၊ မည်သည့် ပညာရှင်မှ တပ်အပ်သေချာစွာ ပြောကြားနိုင်ခြင်း မရှိသေးပေ။ ဆိုလိုသည်မှာ ကိုဗစ်-၁၉ ရောဂါသည် မည်မျှအချိန်ကြာမည်၊ မည်သို့သော စိန်ခေါ်မှုများ ကြုံတွေ့လာနိုင်မည်ကို မသိနိုင်သဖြင့် မည်သို့ ရုန်းကန် ကျော်လွှားရမည်ကိုလည်း မသိနိုင်ပေ။ အကောင်းဆုံးမှာ တစ်ဦးချင်း၊ တစ်ယောက်ချင်း ကိုယ်စီ ကျန်းမာရေး အသိရှိစွာဖြင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များကို လိုက်နာဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ သည်။

ဝေးဝေးသို့ ထွက်ခွာသွားရတော့မည်

ကမ္ဘာ့ကပ်ရောဂါအသွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါသည် မြန်မာနိုင်ငံ တွင်လည်း ဖြစ်ပွားလျက်ရှိသည်။ အခြားနိုင်ငံများနှင့် ယှဉ်လျှင် မြန်မာနိုင်ငံတွင် အစိုးရ၊ သက်ဆိုင်ရာဌာန၊ ပြည်သူများနှင့် အဖြူရောင်စေတနာရှင် ပရဟိတသမား များ၏ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ခြင်းကြောင့် ဖြစ်ပွားနှုန်း နည်းပါးရခြင်းဖြစ်သည်။ ဆက်လက်ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါပိုးသည် မြန်မာနိုင်ငံမှ မကြာခင်ဝေးဝေးသို့ ထွက်ခွာသွားရတော့မည်မှာ သေချာလှပေသည်။ အစိုးရက ခိုင်မာသော မူဝါဒများချမှတ်၊ သက်ဆိုင်ရာဌာနများက အကောင်အထည်ဖော်ဆောင်ရွက်၊ ပြည်သူများက ကျန်းမာရေး အသိရှိစွာဖြင့် ပူးပေါင်းပါဝင်၊ အဖြူရောင်စေတနာရှင် များ၏ ကျရာနေရာမှ ကူညီမှုများဖြင့် မကြာမီနိုင်ငံတော် ၏ ကဏ္ဍပေါင်းစုံ သက်ဝင်လှုပ်ရှားကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်တော့မည် ထင်မိပါကြောင်း ဂုဏ်ပြုဖော်ပြအပ် ပါသည်။ ။

နိုင်ဦး (DOCA)