ကိုဗစ်အန္တရာယ်ဇုန်ထဲက ကျန်းမာရေးဝန်ထမ်းတွေကို အားနာစွာဖြင့်

 

ရဲမြင့်ကျော်

 

(၁)
ယခု မြန်မာနှစ်သစ်ကူးရက် ကျရောက်လာချိန်မှာတော့ ကမ္ဘာတစ်လွှား ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသူ နှစ်သန်းကျော်သွားပါပြီ။ သေဆုံးသူက တစ်သိန်း သုံးသောင်းကျော်။ ကမ္ဘာလုံးအတိုင်းအတာအားဖြင့် လျော့သွားတဲ့အရိပ်အယောင်မတွေ့ရဘဲ ကိန်းဂဏန်း တွေက စက္ကန့်နဲ့အမျှ တိုးပွားလျက်ပါပဲ။ နေ့စဉ် ကူးစက် ခံရသူနဲ့ သေဆုံးမှု သတင်းတွေနဲ့အတူ ဆေးရုံရှေ့တန်း စစ်မျက်နှာတွေမှာ ကြောက်ခမန်းလိလိ စွန့်လွှတ်စွန့်စား အသက်လုပေးနေတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ကျန်းမာရေးလုပ်သားတွေရဲ့ သတင်းတွေကလည်း နိုင်ငံ တကာသတင်းစာမျက်နှာတွေမှာ နေရာရရှိနေပါတယ်။

နယူးယောက်တိုင်းမ်သတင်းစာက ဆရာဝန်တွေ နဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ‘ကျွန်ုပ်တို့ ခေတ်ရဲ့ စူပါဟီးရိုးတွေ’ ဆိုပြီး အယ်ဒီတာ့အာဘော်မှာ ရေးသား ပါတယ်။ အီတလီမှာ ဆရာဝန် ၁၀၀ ကျော်၊ အင်ဒိုနီးရှားမှာ ဆရာဝန် ၂၄ ဦး စသဖြင့် နိုင်ငံတိုင်းမှာ ဆုံးရှုံးသွားတဲ့ သတင်းတွေ၊ ပြင်သစ်၊ ဘရာဇီး၊ အာဂျင်တီးနား၊ အီရန်၊ ပါကစ္စတန် စတာတွေမှာ အသက်ပေးသွားကြတဲ့ ဆရာဝန် တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ သတင်းတွေက တုန်လှုပ်စရာပါ။ ဗြိတိန်က အသက်ဆုံးရှုံးသွားတဲ့ ဆရာ ဝန်တွေထဲမှာ မြန်မာနိုင်ငံသား သမားတော် ဒေါက်တာ ပီတာခင်ထွန်းနဲ့ ဒေါက်တာဝင်းသော်တို့နှစ်ဦးလည်း ဒီရက်ပိုင်းမှာ ပါသွားပါတယ်။ လူနာတွေရဲ့အသက်လုရင်း လမ်းခုလတ်မှာ တိမ်းပါးသွားတဲ့ ထူးချွန်တဲ့ မြန်မာ့ သားကောင်းတွေ။

ဆေးရုံတွေရဲ့ အရေးပေါ်ခန်းတွေမှာ ဘာတွေ ဖြစ်နေလဲ။ မှန်းကြည့်လိုက်ရင် လူနာတွေဆီက ကိုရိုနာ ဗိုင်းရပ်စ်လေထဲမှာ တဖွားဖွားပျံဝဲလို့။ လူနာက အောက်ဆီဂျင် နှာခေါင်းစွပ်နဲ့ အသက်ရှူဖို့ ရုန်းကန်နေချိန် သူတို့ မျက်လုံးတွေမှာ ကြောက်ရွံ့စိတ်၊ အားငယ်စိတ်က အထင်း သား။ ခုတင်ဘေးနား မိဘဆွေမျိုးမရှိ၊ အားပေးဖော်မရှိ၊ အထီးကျန်မှု အမြင့်ဆုံးရောက်နေမယ်။ မျှော်လင့်ချက်က အမှောင်မိုက်ဆုံးအချိန်၊ ဘဝမှာ ပိုင်ဆိုင်ခဲ့တဲ့ ရှိခဲ့တဲ့ အိပ်မက်တွေက အားလုံးအငွေ့ပြန်သွားပြီး လူက ရေနစ် သလို။ ဘေးမှာ လူနာတွေကို သယ်ထုတ်သွားပြီးနောက် အသစ်တွေ လာချမယ်။ အသက်ရှူစက်က ကိုယ့်အလှည့် ရောက်ပါ့မလား။
ဆရာဝန်တွေ၊ သူနာပြုတွေရဲ့ မျက်နှာမှာလည်း စိုးရိမ်စိတ်တွေ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဖိစီးနေမယ်။ သူတို့လည်း ကြောက်ရွံ့မှုတွေ ရှိနေမှာပါပဲ။ လူနာတွေက တစ်မျိုး၊ ဗိုင်းရပ်စ်အန္တရာယ်ကတစ်မျိုး၊ နောက်က ကိုယ့်မိသားစုအတွက် စိုးရိမ်ရတာတစ်မျိုး။ နားရက်မရှိ၊ အနားယူချိန်မရှိ နာရီများစွာ ဆက်တိုက်လုပ်နေရတဲ့ ဖိအားက တစ်ချိန်မဟုတ်တစ်ချိန် အမှားအယွင်းဖြစ် ချောက်ထဲကျသွားနိုင်တာမျိုးပါ။ အချိန်တိုင်း သယ်ထုတ် သွားတဲ့ အလောင်းတွေနောက် ကိုယ့်အလှည့်လည်း မျှော်လင့်ထားရတာမျိုးပါ။ ကိုဗစ်-၁၉ က ဆေးလောက အတွက် အတွေ့အကြုံသစ် မဟုတ်လား။ ရန်သူဗိုင်းရပ်စ် ကို အဆုတ်ရောဂါပညာရှင်၊ မေ့ဆေးပညာရှင်တို့က အနီးကပ်ရင်ဆိုင်ပေးနေပြီး ဓာတ်ခွဲခန်းပညာရှင်၊ အရေ ပြားရောဂါပညာရှင်ကအစ မီးယပ်သားဖွားအထိ ဆေးဝန်ထမ်းအားလုံး တိုက်ပွဲဝင်နေရတာပါပဲ။

အမေရိကန်၊ ဗြိတိန်နဲ့ အီတလီတို့လို ခေတ်မီနိုင်ငံ တွေရဲ့ ဆေးရုံတွေမှာတောင် တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း၊ အသက်ရှူစက် Ventilators ၊ CT scanners နဲ့ အခြားလိုအပ်တဲ့ ကုသမှု ပစ္စည်းတွေ မလုံလောက်မှုပြဿနာ ရင်ဆိုင်ရပါတယ်။ သူတို့အစိုးရတွေလည်း ပြင်ဆင်မှု နှောင့်နှေးတဲ့အတွက် အကြီးအကျယ် ဝေဖန်ခံရတယ်။ နောက်ဆုံး အမေ ရိကန်ဟာ စစ်ရေးဘတ်ဂျက် ၅၄ ရာခိုင်နှုန်း (ဒေါ်လာ ၇၀၀ ဘီလီယံ) လောက် သုံးစွဲပြီး ကျန်းမာရေးအတွက် ခုနစ်ရာခိုင်နှုန်းပဲ သုံးတာကအစ ပြန်ထောက်ပြလာတယ်။ အခုလိုအချိန် ဆင်းရဲတဲ့ နိုင်ငံတွေရဲ့ ဆေးရုံတွေကတော့ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံကအစ အသက်ရှူစက် အထိ မပြည့်မစုံနဲ့ပါ။ ဆေးရုံတွေမှာ ဝန်ထမ်းမလုံလောက်၊ အထောက်အကူပစ္စည်းချို့တဲ့၊ နည်းပညာအားနည်း၊ ကိုဗစ်လူနာတွေက ပြည့်လျှံလာ။ မနိုင်မနင်းဖိအားတွေ ကြောင့်ပဲ အီရန်၊ အင်ဒိုနီးရှားတို့မှာ သူနာပြုအတော်များများ အသက်ဆုံးရှုံးခဲ့ရတယ်။ ဖိလစ်ပိုင်မှာ ဆေးဝန်ထမ်း ၇၄၀ ကူးစက်ခံရပြီး သူတို့ဟာ စောင့်ကြည့်ခံထားရတယ်။ မြန်မာနိုင်ငံ ပြည်မြို့ဆေးရုံက မေ့ဆေးဆရာဝန် ဒေါက်တာ မြင့်မြင့်စိန်ဟာ လူနာရဲ့အသက်ကယ်တင်ဖို့ ventilator tube စွန့်စွန့်စားစားထည့်ရင်း သူကိုယ်တိုင်ပါ ကူးစက် ခံခဲ့ရပါတယ်။

(၂)
ခေတ်မီဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရော၊ ဆင်းရဲတဲ့နိုင်ငံတွေ မှာပါ ကူးစက်ရောဂါအောက်က အမြန်ဆုံးလွတ်မြောက်ဖို့ ဝိုင်းဝန်းရုန်းကန်နေရချိန် ဖြစ်ပါတယ်။ ဆင်းရဲမှု၊ မပြည့်စုံမှု၊ အဆင်သင့်မဖြစ်မှုတွေရှိပေမယ့်လည်း လူသားအချင်းချင်း ကာကွယ်စောင့်ရှောက်လိုတဲ့စိတ်၊ လူ့အဖွဲ့အစည်း အရေးပေါ်အန္တရာယ်ကျရောက်လာမှုအပေါ် ကိုယ်ကျိုး မကြည့် စွန့်စားကာကွယ်လို စိတ်တွေက လူသားရဲ့ပင်ကို စိတ်မှာ ရှိနေပါတယ်။ မြန်မာတွေဟာ ရုပ်ဝတ္ထုမချမ်းသာ ပေမယ့် အန္တရာယ်အပေါ် နိုးကြားသတိရှိမှု၊ သူတစ်ပါးကို အသက်ပေးကာကွယ်လိုမှုတို့က ကမ္ဘာမှာ ရှေ့တန်းက ရှိပါ တယ်။ ကပ်ဘေးလို့ဆိုလိုက်တာနဲ့ ရဲဝံ့စွန့်စား စေတနာ့ဝန်ထမ်း လုပ်ကြမယ့် လူငယ်တွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ မြို့ရွာ အနှံ့ ချက်ချင်းထွက်ပေါ်လာတယ်။ ဒါဟာ အရောင်ဆိုးမခံ ရတဲ့ အရပ်ဘက်အဖွဲ့အစည်း အစစ်အမှန်လည်း ဖြစ်ပါတယ်။

လက်ရှိ ကိုဗစ်-၁၉ အပေါ် အင်္ဂလန်နဲ့ မြန်မာအစိုးရ တွေရဲ့ တုံ့ပြန်ဆောင်ရွက်ပုံကို အင်္ဂလန်ဆေးရုံတစ်ခုမှာ တာဝန်ကျနေတဲ့ ဒေါက်တာလှိုင်မြတ်နီ က သူ့အတွေ့အကြုံ ကို ဖေ့စ်ဘွတ်ကနေ ဒီလိုပြောထားပါတယ်။

“ယူကေအစိုးရဟာ ကပ်ရောဂါကိုင်တွယ်မှု ညံ့ဖျင်း တဲ့အထဲ ပါပါတယ်။ မြန်မာအစိုးရက ကိုင်တွယ်ပုံနှေးပေမယ့် စနစ်ကျပြီး ပြည်သူတွေအပေါ် စေတနာမေတ္တာ ရှိပါတယ်။ ….. ဒီက အကြောင်းလေးတွေ ရေးရတာ မြန်မာပြည်က လူများ မိမိအစိုးရကို စာနာနိုင်အောင်ပါ။ ပထမဆုံးက ရောဂါဖြစ်သူတွေနဲ့ နိုင်ငံခြားကပြန်လာသူတွေကို Quarantine လုပ်တာမှာ အစိုးရက လုံးဝအကုန်ခံမလုပ်နိုင်ပါ။ အားလုံး ရောဂါရှိသူလို့ ယူဆပြီး အိမ်မှာပဲ နေခိုင်းပါတယ်။ ချောင်း ဆိုးဖျားနာလည်း အိမ်မှာနေခိုင်းပြီး မသက်သာ အသက် ရှူကျပ်မှ ဆေးရုံကို လာခိုင်းပါတယ်။ မြန်မာပြည်မှာလို ရောဂါလက္ခဏာမပြဘဲလည်း ထိတွေ့မှုရှိရုံနဲ့ Quarantine မလုပ်ပါ။ ယူကေအစိုးရနဲ့ မြန်မာအစိုးရ ဘယ်သူချမ်းသာလဲ မေးစရာလိုမယ်မထင်ပါ။ မြန်မာပြည်မှာ လိုအပ်ချက်တွေ ရှိသလား၊ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က ပြည်သူ့ ကျန်းမာရေး ဆရာဝန်တွေဟာ ယူကေထက် တော်နေတာ၊ မြန်မာအစိုးရက ဒီကထက် public health ကို ဗိုင်းရပ်စ် ကိစ္စမှာ ပိုလုပ်နိုင်တာမို့ ချီးကျူးမိပါတယ်။ ဖားရေးစရာ မရှိပါ။

ကိုယ်တွေ့ပါ
“နောက် ပိုးစစ်တဲ့ကိစ္စ။ ဒါကတော့ ကိုယ်တွေ့နဲ့ ရေးပါမယ်။ လူနာက ချောင်းဆိုး၊ အဖျားရှိတာကို မစစ်နိုင် ပါ။ ဒါဆို ဆရာဝန်တွေကိုရော။ ကျွန်တော့်ဌာနမှာ သူငယ် ချင်းနှစ်ယောက် လေဖြတ်လူနာကို ကြည့်ပါတယ်။ လူနာက နောက်နေ့ပိုးတွေ့ပါတယ်။ တစ်ယောက်ကို စစ်ပေးပြီး နောက်တစ်ယောက်ကိုတော့ သူကြည့်တဲ့လူနာက ပိုးတွေ့ တာတောင် သူ့ကို မင်းက အဖျားမရှိ၊ ချောင်းမဆိုးလို့ မစစ် ပါ။ သူ့ကို Quarantine လည်းမလုပ်။ အလုပ်လည်း ဆက်ဆင်းခိုင်းပါတယ်။ သူကနေ နောက်လူနာကူးရင် ဘယ်လိုလုပ်မလဲ။ နောက် သူငယ်ချင်း အထူးကုဆရာဝန်။ သူက နေမကောင်း၊ ချောင်းဆိုးလို့ ဆေးရုံသွားတယ်။ ပထမ အခေါက် ပြန်လွှတ်တယ်၊ ဘာမှမစစ်ဖူး။ နောက် နှစ်ရက် လောက်နေတော့ မသက်သာလို့ပြန်သွားတယ်။ သူ့ဆေးရုံ နော်၊ အဲဒီအချိန်မှာမှ စစ်တယ်၊ ပိုးတွေ့တယ်။ နောက် ဒီမှာ လေဖြတ်ဌာနမှာ လုပ်သူတွေက ပိုးနဲ့မတွေ့တဲ့နေရာဆိုပြီး တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံပေးမဝတ်။ အဲဒီတော့ အသိထဲက ဆရာဝန်တွေ ရောဂါရတယ်။ အချို့ ICU မှာ။ ရင်ထဲမကောင်းဘူး။ မြန်မာပြည်က ကျန်းမာရေးဝန်ကြီးက ရောဂါဖြစ်သူ ဆရာဝန်မကြီး ဒေါ်မြင့်မြင့်စိန်ကို ဖုန်းဆက် အားပေးတယ်။ ဒီမှာ ဘယ်သူ့ကိုမှ ဖုန်းဆက်အားမပေးဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူး။ ဒါ ယူကေမှာပါ။ တစ်ကိုယ် ရေကာကွယ်ရေးဝတ်စုံ မလုံလောက်မှု အော်လာတာ စဖြစ်ကတည်းက။ ယခုအထိ ဘာမှမထူးဘူး။ သုံးပတ် ကျော်သွားပြီ။…. အစိုးရအနေနဲ့ကတော့ မြန်မာပြည်က လုပ်နေတာတွေဟာ တိုင်းပြည်ချမ်းသာတာထက် မေတ္တာ က ပိုချမ်းသာပါတယ်။ အားလုံးကို ကမ္ဘာနဲ့ကြည့်ပြီး အမှန် မြင်နိုင်ကြပါစေ” လို့ ရေးထားပါတယ်။

(၃)
ယူကေမှာဖြစ်ဖြစ်၊ မြန်မာမှာဖြစ်ဖြစ် အခုလို ရှေ့တန်းအန္တရာယ်ဇုန်မှာ ကိုဗစ်လူနာတွေကို အသက်ရင်း ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွန့်လွှတ်အနစ် နာခံမှုက နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အကြမ်းဖက်တိုက်ခိုက်ခံရမှု ၉/၁၁ ဖြစ်ရပ်မှာ အသက်ပေး စွန့်လွှတ်သွားခဲ့တဲ့ မီးသတ်တွေနဲ့ ဆင်တူပါတယ်။ အထပ် ၁၁၀ မြင့် တာဝါကြီး နှစ်ခုလုံး လေယာဉ်တိုက်ခံရပြီး တစ်နာရီခွဲလောက်အတွင်း ပြိုကျသွားတယ်။ မပြိုခင် အထပ်ပေါင်းများစွာကလူတွေ အောက်ကို နည်းပေါင်းစုံနဲ့ ဆင်းပြေးလာချိန်မှာ မီးသတ်ဝန်ထမ်းတွေက အထဲက ဒဏ်ရာရသူတွေ မပြေးနိုင်သူတွေကို ကယ်တင်ဖို့ အပေါ်ကို ခက်ခက်ခဲခဲ ပြေးတက်သွားတယ်။ အားလုံးအသက်လု ပြေးဆင်းလာချိန်မှာ မီးသတ်တွေက တာဝါအဆောက်အဦ ပြိုနိုင်တာ သိရက်နဲ့ အသက်စွန့်ပြီး တက်သွားခဲ့ကြတယ်။ မီးသတ်ဝန်ထမ်း ၃၄၃ ဦးနဲ့အတူ ရဲအရာရှိနဲ့ ဆေးဝန်ထမ်း ၇၂ ဦး အသက်ပေးသွားပါတယ်။

နောက် ဘီစီ ၄၈၀ က ဂရိမှာဖြစ်ခဲ့တဲ့ နာမည်ကျော် သမိုပီလီတိုက်ပွဲကိုလည်း ဒီနေရာမှာ ပြန်အမှတ်ရစရာ ပါပဲ။ ဂရိမြို့ပြနိုင်ငံတွေကို သိမ်းပိုက်ဖို့ အင်အားသိန်းချီတဲ့ ရန်သူပါရှန်တပ်တွေက ကြည်းကြောင်း၊ ရေကြောင်းတို့ ကနေ စစ်ချီလာတယ်။ အဲဒီမှာ ဂရိတို့ကို ပူးပေါင်းကူညီ တိုက်ခိုက်ပေးတဲ့ စပါတာဘုရင် လီယိုနီဒပ်စ် ဦးဆောင်တဲ့ သူရဲကောင်း ၃၀၀ က သာမိုပီလီ တောင်ကြားကနေ ဝင်လာတဲ့ များပြားလှတဲ့ ပါရှန်တပ်တွေကို အင်အားမမျှ မှန်း အသက်ပေးရမယ်မှန်းသိသိနဲ့ အချိန်ဆွဲတိုက်ခိုက် ပေးထားတယ်။ နောက်ဆုံး အစည်းပြေနေတဲ့ ဂရိတပ် တွေ ပြန်လည်ပေါင်းစည်းမိလာပြီး ပါရှန်တွေကို ခုခံနိုင်ခဲ့ တယ်။ လီယိုနီဒပ်စ်နဲ့ စပါတာအားလုံးကတော့ အသက် ပေး စတေးသွားခဲ့တယ်။ ဒီလို စပါတာ ၃၀၀ ရဲ့ အသက်ရင်း စွန့်စားခဲ့မှုက ကမ္ဘာ့သမိုင်းမှာ အမြဲအမှတ်ရစရာဖြစ်ပြီး နှောင်းမျိုးဆက်တိုင်းအတွက် နမူနာ ဖြစ်နေပါတယ်။

သူတို့ဟာ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အသက် ပေးခဲ့ကြသူတွေ။ ပြည်သူ့ဝန်ထမ်းကောင်းတွေဟာ လူ့အဖွဲ့အစည်းက အပ်နှင်းလာတဲ့ တာဝန်အပေါ် အဆုံး တိုင် ရိုသေစွာ ထမ်းရွက်ချင်သူတွေ။ သူတို့အဖို့ မိမိကိုယ်ရေး ကိုယ်တာနဲ့ အသက်အန္တရာယ်ထက် တာဝန်ကသာ ပိုအရေးကြီးတယ်။ လူ့အဖွဲ့အစည်းရဲ့ လိုအပ်လာတဲ့ တာဝန်ကို ရဲရဲဝံ့ဝံ့ယူရင်း မိမိယဉ်ကျေးမှုကို အမြင့်ဆုံး ပြသနိုင်ခဲ့သူတွေ။
အေဒီ ၇၉ က အီတလီမှာ ဗီဆူဗီးယပ်စ် မီးတောင် ကြီး ပေါက်ကွဲပြီး ပွန်ပေအီမြို့ကို ချော်ရည်တွေနဲ့ မီးခိုး ပြာတွေအနှံ့ ဖုံးလွှမ်းသွားတယ်။ မြို့တစ်နေရာမှာ တာဝန် ကျစောင့်နေရတဲ့ စစ်သားလေးတစ်ဦးက အသက်ဘေး အတွက် ကစဉ့်ကလျား ပြေးလွှားနေကြတဲ့ မြို့သူမြို့သား တွေကြား တစ်ဦးတည်း တည်တည်ငြိမ်ငြိမ် ရပ်ကျန်ခဲ့ တယ်။ သူ့အတွက်တော့ အသက်ထက် ယူထားတဲ့တာဝန် နဲ့ မိမိလိပ်ပြာသန့်မှုက ပိုအရေးကြီးပါတယ်။ နောက် မြို့ကိုဖော်တဲ့အခါ အဲဒီစစ်သားကို သူ့တာဝန်ကျရာနေရာ မှာ မီးခိုးပြာတွေ မဝင်အောင် လက်တစ်ဖက်နဲ့ နှာခေါင်း ကိုပိတ် ရင်ကော့သေနေတာ တွေ့ကြရတယ်။ ရောမ စစ်သားလေးရဲ့ သူ့တာဝန်အပေါ် အဆုံးစွန် သစ္စာရှိသွားမှု သမိုင်းမှတ်တမ်းပါပဲ။

(၄)
ဆရာကြီးမင်းသုဝဏ်ရဲ့ နာမည်ကျော် ‘သူ့မှာတမ်း’ ကဗျာမှာ လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း ရန်သူတွေ မြှုပ်ခဲ့တဲ့ဗုံးနင်းမိပြီး အသက်ထွက်လုဆဲဖြစ်နေတဲ့ ပြောက်ကျားရဲဘော်ကို ယမ်းငွေ့တွေကြား ရွာသားတွေက တစ်စုံတစ်ရာ မှာခဲ့ဖို့မေးခဲ့၊ သူက ပြန်ပြောခဲ့တဲ့ ကဗျာလေး ဟာ တိုင်းပြည်ကို ချစ်သူတိုင်း လူ့အဖွဲ့အစည်းကို ကူညီ လိုသူတိုင်းရဲ့ စိတ်နေစိတ်ထားကို ထင်ဟပ်ထားတယ်။


“အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို

ဘာများ မှာခဲ့လိုသနည်း။

“ခရီးမတ်တတ်၊ လမ်းခုလတ်တွင်

ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍

အားနာခဲ့ကြောင်း ပြောပါလေ။

 

ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါဆိုးကို ရှေ့တန်းက ခုခံကာကွယ်ရင်း လမ်းခုလတ်မှာ ကူးစက် ရောဂါရသွားတဲ့၊ အသက်ဆုံးရှုံးသွားတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးက သူတို့တာဝန် ပြီးမြောက်အောင် ဆက်မထမ်းဆောင်နိုင်တဲ့ အတွက် ပြည်သူတွေကို အားနာနေပါလိမ့်မယ်။ ပြည်သူ တွေကလည်း သူတို့ကို အားနာသောအားဖြင့် ခဏတာ အိမ်ထဲနေကြဖို့ လိုလိမ့်မယ်။ ကိုဗစ်-၁၉ ဟာ ကူးစက် ပိုးမွှားပြဿနာမျှသာမကဘဲ စည်းကမ်း၊ ကိုယ်ချင်းစာ စိတ်၊ လူ့ဂုဏ်သိက္ခာနဲ့ ရင့်ကျက်တဲ့ လူသားစိတ်ဓာတ်တွေ ကို တောင်းဆိုလာနေတာ ဖြစ်ပါတယ်။ တစ်ဖက်မှာ လူချင်း ခွဲခွာနေရချိန် (social distancing)၊ တစ်ဖက်မှာ မမြင်ရတဲ့ ရန်သူဗိုင်းရပ်စ်ကို လူအားလုံးက စိတ်ဓာတ်ပိုင်း သွေးစည်းညီညွတ်မှု (social solidarity) ပြသနိုင်ဖို့ လိုပါတယ်။ ။