ကိုဗစ်ကပေးတဲ့ သင်ခန်းစာများ

နိုက်

 

၂၀၁၉ နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါဟာ အချိန်လေးလကျော် ငါးလတာအတွင်းမှာ ကမ္ဘာတစ်ဝန်းကို အရှိန်ပြင်းပြင်း ခရီးနှင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ၂၀၂၀ ပြည့်နှစ် မတ်လမှာ ကူးစက်ဖြစ်ပွားသူ စတင်တွေ့ခဲ့တာပါ။ ဂူဟန်က အနောက်နဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို ကူးစက်၊ အဲဒီကတစ်ဆင့် မြန်မာနိုင်ငံကို ကူးစက်ခဲ့တယ်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် နိုင်ငံအသီးသီးမှာ နည်းလမ်းအမျိုးမျိုးကို အသုံးပြုဆောင်ရွက်ကြတယ်။ တချို့နိုင်ငံတွေက တစ်နိုင်ငံလုံး ဝင်၊ ထွက်သွားလာခွင့် ကန့်သတ်တဲ့ စနစ်ကိုသုံးတယ်။ တချို့နိုင်ငံတွေက နယ်မြေဒေသ သတ်မှတ်ပြီးတော့ သွားလာခွင့်ကန့်သတ်တယ်၊ လူစုလူဝေး မပြုလုပ်စေဖို့ နိုင်ငံတိုင်း နိုင်ငံတိုင်းက ထိန်းသိမ်းဆောင်ရွက်လျက်ရှိတယ်။ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ Social Distincing ခြောက်ပေခွာဖို့ တစ်ကမ္ဘာလုံး လုပ်ဆောင် ခဲ့ကြတယ်။

 

ကမ္ဘာတစ်ဝန်းလုံးမှာ မေလ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၄၄၄၀၉၈၉ ဦး၊ သေဆုံးသူ ၃၀၂၃၇၆ ဦး ရှိသွားခဲ့ပါပြီ။ မြန်မာနိုင်ငံမှာလည်း မေလ ၁၅ ရက်နေ့အထိ ရောဂါပိုးတွေ့ရှိသူ ၁၈၁ ဦး၊ သေဆုံးသူ ခြောက်ဦးရှိနေပြီ ဖြစ်ပါတယ်။ ။

 

သဘာဝဘေးအန္တရာယ်တွေ၊ ကပ်ရောဂါတွေ ဖြစ်ပွားလာတဲ့အခါ ဒါမှမဟုတ် ဖြစ်ပွားပြီးတဲ့အခါမှာ လူအတော်များများဟာ စိတ်ဖိစီးမှုဒဏ်တွေ ခံကြရပါတယ်။ စိုးရိမ်ပူပင်မှုတွေ များလာတတ်တာလည်း သဘာဝပါ။ အီတလီမှာဆိုရင် တစ်နိုင်ငံလုံး Social Distincing နေခိုင်းတဲ့ နှစ်လနီးပါးအတွင်းမှာ အတော်များများ စိတ်ဝေဒနာကို စခံစားနေကြရပြီ။ ICU အခန်းက သူနာပြုဆရာမ နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်သွားကြတယ်။ အဲဒီအထဲက တစ်ယောက်က နေမကောင်းဖြစ်လာပြီးတော့ သူကနေ လူနာတွေကို ကူးစက်မှာ စိုးရိမ်လာတာကြောင့်တဲ့ (တကယ်တော့ ဗိုင်းရပ်စ်အကူးမခံခဲ့ရပါဘူး)။ မတ်လကုန်လောက်မှာ ဂျာမနီက ပြည်နယ်ဘဏ္ဍာရေး ဝန်ကြီးတစ်ယောက် စီးပွားရေး ထိခိုက်မှုတွေအတွက် စိတ်ပူတယ်ဆိုပြီး သူ့ကိုယ်သူ သတ်သေသွားခဲ့တယ်။ အီတလီဝန်ကြီးချုပ်က မိန့်ခွန်းပြောရင်း စိတ်ထိခိုက်ကြီးစွာ မျက်ရည်ကျတယ်။ အစိုးရတွေအပါအဝင် လူအတော်များများဟာ စိတ်ဒုက္ခရောက်နေကြပြီဆိုတဲ့ သင်္ကေတတွေပါ။

 

ဗိုင်းရပ်စ်မပြန့်အောင် တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေကြရတာတွေ၊ တစ်ကမ္ဘာလုံးနီးပါး ပိတ်ထားရတာတွေဟာ တကယ်တော့လူ့သဘာဝနဲ့ ကိုက်မှ မကိုက်ညီတာကိုး၊ လူဆိုတာ ပေါင်းသင်းဆက်ဆံရေး သတ္တဝါ၊ အဲဒီတော့ ပူပင်သောကတွေ၊ အလိုမကျတာတွေ များလာပြီး စိုးရိမ်စိတ်တွေလည်း မြင့်တက်လာကြတယ်။

 

ကြောက်တဲ့သူကလည်း တော်တော် ကြောက်ကြတယ်

 

ဒီ ဗိုင်းရပ်စ်က အန္တရာယ်များတော့၊ ကူးစက်နှုန်း မြန်တော့ တစ်ကမ္ဘာလုံးက ကြောက်ကြတယ်။ ငါကိုယ်တိုင်၊ ငါ့မိသားစု၊ ငါ့အသိုင်းအဝိုင်းနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဒီရောဂါပိုး ကူးစက်ခံရမှာလား၊ ဒီလိုမျိုး ကူးစက်ခံရပြီးရင် အခြေအနေ ကောင်းနိုင်ပါ့မလား၊ အသက်အန္တရာယ် ထိခိုက်သွားနိုင်သလား။ stay at Home ကြောင့် အလုပ်ထွက်မလုပ်ရရင် ငါတို့မိသားစုစားဝတ်နေရေး အခြေအနေ မကောင်းနိုင်တော့ဘူး၊ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကရော ဒီအခြေအနေတွေ လွန်ပြီးလို့ ပြန်လည်ထူထောင်ရေး ကာလကရော ဘယ်လောက်အထိ ကြာမြင့်မှာလဲစသည်ဖြင့် ... စသည်ဖြင့် သောကတွေရောက်ရ စိတ်ဓာတ်တွေကျကြရတယ်။

 

တကယ်တော့ ကိုဗစ်ကို ကြောက်ရမှာ မှန်တာပေါ့။ သို့သော်စိတ်ဓာတ်တွေ ကျသွားတဲ့အထိတော့ ပြိုင်ကြောက်နေဖို့၊ တွေးကြောက်ဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ၊ ကိုယ့်ရဲ့ စက်ကွင်းထဲမှာ ဒီအကြောက်တရားတွေ လွှမ်းမိုးနေတာဟာ အန္တရာယ်များပါတယ်။ အကြောက်တရားဟာ မသိစိတ်ထဲရောက်သွားရင်၊ ကြောက်စိတ်တွေကိုပဲ ဆုံချက် လုပ်မိသွားရင် ဗိုင်းရပ်စ်လည်းကြောက်၊ လေတိုက်လည်း ကြောက်ရ ဖြစ်နေကြလိမ့်မယ်။

 

အလွန်ကြီးမကြောက်နဲ့လို့ပြောတာဟာ ပေါ့ပေါ့နေဖို့ ပြောတာမဟုတ်ပါဘူး။ ကိုဗစ်က လူတွေကို ကောင်းကောင်းကြီး ဒုက္ခပေးတယ်။ စီးပွားရေး ဗိုင်းရပ်စ်တွေကလည်း တစ်ကမ္ဘာလုံး အကိုက်ခံနေရပါပြီ။ Global change ပါ။

 

သို့သော် အတော်ကြီးကြောက်နေကြရင် လူတွေအားလုံးရဲ့ သောကတွေ၊ စိုးရိမ်မှုတွေ၊ ပူပန်မှုတွေ ပေါင်းမိသွားပြီး မကောင်းတဲ့ အားထုတ်မှုတွေ များလာခဲ့ရင်ပိုဆိုးမယ်နော်၊ ပြင်ပမှာ ဗိုင်းရပ်စ်တွေ ကိုက်နေတယ်။ အရေးကြီးတာက ကိုယ့်စိတ်ကို အကိုက်မခံရဖို့လိုတယ်။

 

မကြောက်နဲ့လို့ပြောတာဟာ ပေါ့ပေါ့နေပါလို့ ပြောတာမဟုတ်ပါဘူး

 

တချို့လူတွေက တော်တော်လေး ပေါ့ကြပါတယ်။ ကျန်းမာရေးအသိ လျော့တာလား၊ အသိကင်းမဲ့တာလား၊ ငါ့ကိုတော့ မကူးနိုင်ပါဘူးလို့ တွက်ထားတာလား၊ ဒါမှမဟုတ် ကူးစက်မှုကို ထိန်းနိုင်သွားပြီလို့ သေချာသွားတာလား မသိဘူး။ တစ်ဖက်စွန်းရောက်တဲ့အထိ ကြတယ်။ တချို့ကလည်း မျက်ကန်းတစ္ဆေမကြောက်တာတွေ တွေ့ရပါတယ်။ နှာခေါင်းစည်းတွေ မတပ်တော့တာ။ Social interaction ပြန်ရှိနေတယ်ဆိုတာကို တွေ့နေရတယ်။

မေလ ၁၁ ရက်နေ့ကစပြီး ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ လျော့ပါးလာလို့ ချထားတဲ့ ကန့်သတ်ချက်တွ ေပြေလျော့ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ဖို့ စဉ်းစားလာခဲ့ကြတယ်။ ဗိုင်းရပ်စ်ကြောင့် လူသန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်ကြရပြီး စီးပွားရေးလုပ်ငန်းတွေ ပြိုလဲခဲ့ကြတာကြောင့် အခုလိုအချိန်မှာ နိုင်ငံတချို့ဟာ ဗိုင်းရပ်စ်ကူးစက်မှု ပြန်ဖြစ်လာမှာကို စိုးရိမ်စိတ်နဲ့ သတိကြီးကြီး တစ်လှမ်းချင်း လှမ်းနေတာကို တွေ့ရပါတယ်။

 

ဗိုင်းရပ်စ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့တဲ့ ဂူဟန်မြို့နဲ့ တောင်ကိုရီးယားနိုင်ငံတို့မှာ ဗိုင်းရပ်စ်ကူးစက်တာ မရှိတော့ဘူးဆိုကာမှ ကူးစက်ခံရတဲ့သူတွေ ပြန်တွေ့လာရတာဟာ အာရှဒေသတွင်းမှာ ဗိုင်းရပ်စ်ရဲ့ ဒုတိယအကျော့ အချက်ပေးခေါင်းလောင်းထိုးသံပါ။ ဘယ်လိုနည်းနဲ့မှပေါ့လို့ မရသေးပါဘူး။ အန္တရာယ်စက်ကွင်းထဲက မလွတ်သေးပါဘူး။

 

နှာခေါင်းစည်း ယဉ်ကျေးမှု

 

ဂျပန်မှာက ကိုဗစ် မတိုင်ခင်ကတည်းက နှာခေါင်းစည်း ယဉ်ကျေးမှု ထွန်းကားနေခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ဧပြီလဆန်းဆိုရင် ချယ်ရီပန်းတွေအပါအဝင် ပန်းပေါင်းစုံ ပွင့်တာကြောင့် အဲဒီပန်းတွေကထွက်တဲ့ ဝတ်မှုန်လေးတွေ၊ တိရစ္ဆာန် အမှုန်အမွှားတွေဟာ လူတွေကို ဓာတ်မတည့် ဖြစ်တတ်လို့ နှာခေါင်းစည်းတပ်တဲ့ အလေ့အထရခဲ့တာပါ။ ဂျပန်မှာ ဟိုးအရင်အချိန်တွေကတည်းက နှာစေး၊ ချောင်းဆိုးတစ်ခုခုဖြစ်တာနဲ့ နှာခေါင်းစည်းတပ်တယ်ဆိုတဲ့အကျင့် မိသားစုတိုင်းက လက်ခံကျင့်သုံးခဲ့ကြတယ်။ ကိုဗစ်ဖြစ်တော့ ဝန်ကြီးချုပ် အာဘေးဟာ အိမ်ထောင်စုတစ်စုစီကို ပြန်သုံးလို့ရတဲ့ နှာခေါင်းစည်းနှစ်ခုစီ (ဘီလီယံ ၅၀) ဝေမယ်လို့ပြောတယ်။ ပြောရမယ်ဆိုရင် ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင် စတဲ့နိုင်ငံတွေဟာ ကိုဗစ်ကို စောစောစီးစီး အောင်နိုင်ခဲ့တဲ့ အခြေခံအကြောင်းရင်းတစ်ချက်က နှာခေါင်းစည်း တပ်ဆင်ခြင်းကြောင့်ပါပဲ။

 

ဒါကြောင့် ကမ္ဘာ့နိုင်ငံအတော်များများဟာ နှာခေါင်းစည်းတပ်တဲ့လှုပ်ရှားမှုတွေ အတော်များများ ဆောင်ရွက်ခဲ့ကြတယ်။

 

အခုဆိုရင် ကိုဗစ်အလွန် လူနေမှုပုံစံတွေမှာ နှာခေါင်းစည်းတပ်ရမယ်ဆိုတဲ့ ထည့်သွင်းစဉ်းစားမှုတွေ ရှိနေပါပြီ။ ဘာလို့လဲဆိုတော့ ကိုဗစ်ဟာ ကူးစက်ပျံ့နှံ့မှုအဆင့် ကျဆင်းသွားမယ်ဆိုရင်တောင် ဗိုင်းရပ်စ်ဟာ ကမ္ဘာမြေပေါ်မှာ အခြေအနေတစ်ခု၊ ပုံစံတစ်ခုအနေနဲ့ ရှိနေနိုင်သေးတယ်ဆိုတဲ့ ခန့်မှန်းမှုတွေကြောင့်ပါ။

 

ဘာပဲဖြစ်ဖြစ် အခုကာလအတွင်း အာရှဒေသအတွင်း ဒုတိယအကြိမ် ဗိုင်းရပ်စ်ကူးစက်မှုအတွက် အချက်ပေးသံကြောင့်ရော၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်သေးတဲ့ အချက်ကြောင့်ရော ဘယ်လို အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေဟာ နည်းနည်းလေးမှ ပေါ့လို့မရသေးပါဘူး။

 

ကိုဗစ်-၁၉ကိုကာကွယ်ဖို့၊ ထိန်းချုပ်ဖို့၊ ကုသဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျလိုက်နာဖို့ အလွန်အရေးကြီးပါတယ်။ ကြောက်သင့်တာကို ကြောက်သတိနဲ့ကြောက်ပြီး လုပ်သင့်တာကို တိတိကျကျလုပ်ရမယ်။ တိတိကျကျ လိုက်နာရမယ်။ တကယ်တမ်းတော့ ယူတတ်မယ်ဆိုရင် ကိုဗစ်က ကျွန်တော်တို့တစ်တွေကို သင်ပေးခဲ့တာတွေ သင်ပေးနေ တာတွေ အများကြီးပါ။

 

(က) ချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ အားလုံးညီညွတ်တတ်အောင်သင်ပေးခဲ့တယ်။ သင်ပေးနေတယ်။

(ခ) ဘယ်အရာမှ မမြဲဘူးဆိုတာ လက်တွေ့ကျကျ သင်ပေးခဲ့တယ်။

(ဂ) အတိတ်ကနေထိုင်ပုံ အမှားတွေကို ထောက်ပြနေတယ်၊ ဘယ်လိုနေထိုင် ရှင်သန်ရမလဲဆိုတာ သင်ပေးနေတယ်။

(ဃ) မိသားစုဘဝ ဘယ်လောက်တန်ဖိုးရှိသလဲဆိုတာ သင်ပေးတယ်။

(င) စည်းကမ်းလိုက်နာတတ်အောင်၊ အမိန့်နာခံတတ်အောင် သင်ပေးတယ်။

(စ) ခံစားချက်တွေ ထိန်းချုပ်တတ်အောင်၊ အပြစ်တင်တာတွေ မလုပ်အောင်၊ ဆင်ခြင်တုံတရား ရှိအောင်၊ သတိတရားကြီးအောင် သင်ပေးခဲ့တယ်၊ သင်ပေးနေတယ်။

 

stay at Home ကာလတွေမှာ ကျွန်တော်တို့တစ်တွေ အပြင်ကိုသွားလို့မရတော့ အတော်များများက ကိုယ့်အတွင်းထဲကို ပြန်သွားကြတယ်။ ဒါဟာ အင်မတန်ရခဲတဲ့အကျိုးကြီးပါ။ တရားအားထုတ်ကြတယ်။ ရတန သုတ်တွေ၊ ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ကြတော့ ကိုယ့်ခန္ဓာကိုယ်ထဲက အင်ဒိုဖင်းတွေ ထွက်လာတယ်၊ ခုခံအားတွေ တက်လာတယ်။ ယုံကြည်မှုတွေ မြင့်လာတယ်။ စွမ်းအားတွေ မြင့်လာတယ်။ ဒီလိုပေါင်းစပ်ထားတဲ့ အားထုတ်မှုတွေနဲ့ ယုံကြည်မှုဟာ ရောဂါပိုးကို ကာကွယ်ပြီးသား ခုခံနိုင်ပြီးသား ဖြစ်နေတော့တယ်။ မြတ်စွာဘုရားရှင် လက်ထက်တော်က ဝေသာလီပြည်ငတ်မွတ် ခေါင်းပါးတဲ့ ဘေးဖြစ်ပြီး ကပ်ဆိုက်ခဲ့တယ်။ မြတ်စွာ ဘုရားနဲ့ ရဟန္တာ ၅၀၀ ဟာ ဝေသာလီမြို့အဝင်မှာ ရတနသုတ်ကို ရွတ်ဖတ်ခဲ့ကြတယ်။ ကပ်ကြီးကို ပရိတ်တော်နဲ့ကျော်လွှားခဲ့တဲ့ သမိုင်းကြောင်း တိတိကျကျရှိခဲ့တယ်။ အခုလည်း မြန်မာနိုင်ငံတစ်ဝန်းလုံး နေရာဒေသအသီးသီးက ဆရာတော်၊ သံဃာတော်တွေ၊ သာသနာတော်ကို ချစ်မြတ်နိုးစွာ စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်တွေဟာ ရတနသုတ်နဲ့ ပရိတ်တရားတော်တွေကို နေ့ညမပြတ် ရွတ်ဖတ် သရဇ္ဈာယ်ကြတယ်။ မြန်မာပြည်ကြီးကို မေတ္တာဓာတ် တွေနဲ့လွှမ်းခြုံခဲ့ကြတယ်။ ဆရာတော်၊ သံဃာတော်တို့ရဲ့ ရင်ဘတ်နဲ့ မြန်မာပြည်ကြီးကို ကာကွယ်ပေးထားတာဟာ ကမ္ဘာအရပ်ရပ် ဘယ်တိုင်းပြည်မှာမှ မရနိုင်တဲ့ အင်မတန်ကြီးမားတဲ့ စွမ်းအားပါ။ အခွင့်အရေးကြီးပါ။ နောက်ပြီး ရှေ့တန်းက ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ကျေးဇူးလည်း ကြီးမားလှပါတယ်။ အရေးရယ်အကြောင်းရယ်ကြုံတိုင်း ပရဟိတ အဖွဲ့အသီးသီး ရဲ့ ကူညီဖေးမမှုတွေကလည်း တစ်တပ်တစ်အားပါပဲ။

 

ဘယ်လိုပဲဖြစ်ဖြစ် ယူတတ်ခဲ့မယ်ဆိုရင် ကိုဗစ်က ပေးခဲ့တာတွေ ပေးနေတာတွေ အများကြီးပါ၊ လူတွေ အနေနဲ့ စည်းလုံးညီညွတ်ရမယ်ဆိုတာ နှလုံးသားနဲ့ ရင်းပြီးသိသွားတယ်။ ဒီခွန်အားသာလျှင် ရောဂါကပ်ကြီးကို အောင်နိုင်တယ်ဆိုတာ သိသွားတယ်။ သတိတရား ကြီးကြဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့၊ လောကကြီးနဲ့ ပတ်ဝန်းကျင်ကို မညှာမတာမသုံးဖို့၊ ကျန်းမာရေးလိုက်စားဖို့၊ လူသားကျင့်ဝတ်တွေ မျက်ကွယ်မပြုဖို့၊ လိုက်နာဖို့၊ အရေးအကြီးဆုံးက ငါးပါးသီလ လုံတတ်ဖို့၊ စိတ်စွမ်းအား ကြီးတတ်ဖို့၊ မေတ္တာထားတတ်ဖို့ ကိုဗစ်က သင်ပေးနေတယ် သင်ပေးခဲ့တယ်။

 

ပြောရမယ်ဆိုရင် အများကြီးပါပဲ၊ ကိုဗစ်က မပြီးသေးပါဘူး၊ ကိုဗစ်ကို ဒီကမ္ဘာမြေပေါ်က အပြီးတိုင် တိုက်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ အဲဒီအတွက်ဘယ်လိုနည်းနဲ့မှ၊ ဘယ်လိုအကြောင်းနဲ့မှ ပေါ့လို့မဖြစ်သေးတဲ့ အကြောင်း အဓိကထားပြောလိုရင်းပါ။ ။ ။