ကိုလိုနီခေတ် မြန်မာနိုင်ငံရေးသမိုင်းတွင် အညီညွတ်ဆုံးကာလ (သို့မဟုတ်) ဂျီစီဘီအေ နဝမ ကွန်ဖရင့်

မြင့်ဆွေဦး

 

ဘကြီးဘဖေခေါ် ဦးဘဖေသည် သူငယ်ချင်းများဖြစ်သူ ဆာမောင်ကြီး၊ ဒေါက်တာဘရင်တို့နှင့် တစ်နေ့တွင် နံနက်စောစောအိမ်မှ ထွက်လာခဲ့ကြသည်။ ဗိုလ်ချုပ်လမ်းနှင့် လွစ္စလမ်းထောင့်တွင် ဝိုင်အမ်စီအေအသင်း (ခရစ်ယာန် ကလျာဏယုဝအသင်း) ကို သွားတွေ့လေသည်။ ထို့နောက် ဝိုင်အမ်စီအေကဲ့သို့ ဝိုင်အမ်ဘီအေအသင်း ထူထောင်ရန် အကြံရပြီး ၁၉၀၆ ခုနှစ်တွင် ဦးဘဖေတို့ လူငယ်တစ်စုသည် ဝိုင်အမ်ဘီအေအသင်း (Young Men's Buddhist Association) ကို ထူထောင်ကြလေသည်။ ဘာသာရေးကို ဦးတည်၍ စည်းဝေးရင်း စည်းရုံးလာခဲ့ရာ အသင်းသားဦးရေ တိုးပွားလာခဲ့လေသည်။

ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး စတင်ပေါ်ပေါက်လာခြင်း

၁၉၁၀ ပြည့်နှစ်သို့ ရောက်သည့်အခါ အနယ်နယ် အရပ်ရပ်ရပ်တွင် ဝိုင်အမ်ဘီအေအသင်းများ နေ့ချင်းညချင်းပေါ်ပေါက်လာခဲ့ပြီး ထိုအသင်းများ၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။

ထိုသို့ ပြည်လုံးကျွတ် အစည်းအဝေးကြီးများကို ပြုလုပ်ပြီး ဘာသာရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ တောင်းဆိုမှုများ ပြုလုပ်လာခဲ့လေသည်။ မြန်မာအမျိုးသားများ နိုးကြားလာအောင် လှုံ့ဆော်စည်းရုံးပေးနိုင်ခဲ့လေသည်။

ထို့နောက် ၁၉၂၀ ပြည့်နှစ် ပြည်မြို့တွင် ကျင်းပသော အဋ္ဌမအကြိမ် ပြည်လုံးကျွတ် အစည်းအဝေးကြီး၌တစ်နိုင်ငံလုံးရှိ အသင်းများကို စုပေါင်းပြီး နိုင်ငံရေးအသင်းအဖွဲ့ကြီး ထူထောင်လိုက်တော့သည်။ ၁၉၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၉ ရက်နေ့ ကျင်းပသော ထိုအဋ္ဌမအကြိမ်မြောက် ဝိုင်အမ်ဘီအေ အသင်းချုပ်ညီလာခံ၏ ဆုံးဖြတ်ချက်အရ ဝိုင်အမ်ဘီအေနှင့် အလားတူ အသင်းများ၏ အသင်းချုပ်ဟူသော အမည်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာအသင်းချုပ်ကြီး (GeneralCouncil of Burmese Associations) သို့မဟုတ်အင်္ဂလိပ်ဘာသာ အတိုအားဖြင့် ဂျီစီဘီအေ (G.C.B.A)ခေါ်တွင်ရန် ဟူ၍ဖြစ်သည်။

နဝမအကြိမ်ကွန်ဖရင့်

ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး၏ နဝမအကြိမ်မြောက် ကွန်ဖရင့်ကို ၁၉၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မန္တလေးမြို့ တာရဲတန်းတွင် အထူးဆောက်လုပ်ထားသော မင်္ဂလာမဏ္ဍပ်ကြီး၌ ကျင်းပခဲ့သည်။ မြန်မာ အမျိုးသမီး အဖွဲ့များ အပါအဝင် အသင်းခွဲပေါင်း တစ်သောင်းကျော်မှ ကိုယ်စားလှယ်များနှင့် ရှင်ရော၊ လူပါ ပရိသတ် တစ်သိန်း ကျော် တက်ရောက်ခဲ့သည်။

ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ပြုလုပ်သော အစည်းအဝေးကြီးများအနက် စည်းကမ်းကျန၍ အစည်ကားဆုံးအစည်းအဝေးကြီး တစ်ခုဖြစ်သည်။ မစ္စတာမောင်မှိုင်း (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) က ဂုဏ်ပြုဩဘာစာ ရေးသား၍ ကွန်ဖရင့်သို့ တင်ဆက်

ဖွင့်လှစ်ခဲ့သည်။

ထိုနဝမအကြိမ် ကွန်ဖရင့်ကြီးတွင် ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသူမှာ နေမျိုးသိဒ္ဓိကျော်ထင်ဘွဲ့ရ ဒီပဲရင်းဝန်ထောက် ဦးမြဲ ဖြစ်သည်။ ဒီပဲရင်းဝန်ထောက် ဦးမြဲမှာ အသက်၁၁ နှစ်အရွယ်ကပင် အိမ်ရှေ့မင်းသား ကနောင်မင်းသားထံ ဝင်ရောက်ခစားခဲ့ပြီး ၁၂၂၅ ခုနှစ်တွင် အိမ်ရှေ့မင်းသားက ဦးမြဲနှင့် အခြား လူငယ် ငါးယောက်တို့ကို ကာလကတ္တားမြို့ရှိ ကောလိပ်ကျောင်းသို့ ပညာသင်စေလွှတ်ခဲ့သည်။

အိမ်ရှေ့မင်း နတ်ရွာစံလွန်တော်မူသောအခါ မင်းတုန်းမင်းထံ ပြန်လာခဲ့သည်။ ထို့နောက် မင်းတုန်းမင်းက ဦးမြဲအား စစ်ဘက်ပညာ သင်ကြားရန်အ င်္ဂလန်ပြည် ဝူးလ်စစ်မြို့ရှိ စစ်ဘက်ဆိုင်ရာ ပညာသင်ကျောင်းသို့ ထပ်မံစေလွှတ်ခဲ့သည်။

32+

၁၂၃၃ ခုနှစ်တွင် ကင်းဝန်မင်းကြီးအမှူးရှိသော သံအမတ်များကို အင်္ဂလန်ပြည်သို့ စေလွှတ်သောအခါ ဦးမြဲလည်း ကင်းဝန်မင်းကြီးနှင့်အတူ စီမံဆောင်ရွက်ရမည်ဟု ဘုရင်မင်းမြတ်က အမိန့်တော်မြွက်လိုက်သဖြင့် ဦးမြဲသည် ကျောင်းမှထွက်ပြီး ကင်းဝန်မင်းကြီးနှင့်အတူ ဆောင်ရွက်ရန်ကိစ္စများကို ဆောင်ရွက်ပြီးနောက် အင်္ဂလန်နှင့် ပြင်သစ်ပြည်တို့သို့ လှည့်လည်ကြည့်ရှု ရလေသည်။

မြန်မာဘုရင် ကိုယ်စားလှယ်တော်ကြီးအဖြ စ် လန်ဒန်မြို့သို့ သွားရောက်ဆောင်ရွက်နေစဉ် နေမျိုးသိဒ္ဓိကျော်ထင်ဘွဲ့ဖြင့် ချီးမြှင့်ခြင်း ခံရသည်။ ဧဒွက်ဘုရင်မင်းမြတ်သည် အိမ်ရှေ့မင်းအဖြစ်နှင့် ကာလကတ္တားမြို့သို့ ရောက်လာရာ ကင်းဝန်မင်းကြီးနှင့် ဦးမြဲတို့ကို ကာလကတ္တားမြို့သို့ ကိုယ်စားသွားရောက်၍ နှုတ်ခွန်းဆက်သခဲ့ရလေသည်။

၁၂၃၈ ခုနှစ်နှင့် ၁၂၃၉ ခုနှစ်များတွင် ဦးမြဲသည် သံအမတ် ညောင်လှဝန်ထောက်နှင့်အတူ အီတလီ၊ စပိန်၊ပေါ်တူဂီနှင့် ပြင်သစ်နိုင်ငံတို့သို့ သွားရောက်ခဲ့ရသည်။ ထို့နောက် အီတလီနိုင်ငံ ရောမမြို့သို့ သွားရောက်၍ ကုန်ကူးသန်းရောင်းဝယ်ရေး စာချုပ်ရန်အတွက် ထပ်မံသွားရောက်ခဲ့ရသည်။ မြ န်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး မကြာမီ သီပေါမင်းနန်းတက်သောအခါ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ထမ်းရွက်ရလေသည်။

ဗြိတိသျှအစိုးရလက်ထက်တွင် ဝန်ထောက်ရာထူးချီးမြှင့်ခြင်းခံရသည်။ ၁၂၇၂ ခုနှစ်တွင် မြန်မာပြည်ဥပဒေပြု မင်းတိုင်ပင် အမတ်အဖြစ် ချီးမြှင့်ခန့်ထားခြင်း ခံရသည်။

ဂျီစီဘီအေ နဝမအကြိမ် ကွန်ဖရင့်တွင် ဥက္ကဋ္ဌအဖြစ်ဆောင်ရက်ခဲ့ပြီး တိုင်းရေးပြည်ရေးကိစ္စများကို ဟောပြောခဲ့သဖြင့် အင်္ဂလိပ်အစိုးရက ပင်စင်လစာငွေ မည်သည့်အတွက် ရပ်ဆိုင်းသင့်ကြောင်းကို ထုချေလွှာ တင်သွင်းရန် တောင်းဆိုခဲ့လေသည်။

ဒီပဲရင်းဝန်ထောက် ဦးမြဲ၏ ရဲရဲတောက်ဟောပြောချက်များ

ဂျီစီဘီအေ နဝမကွန်ဖရင့်၌ ဒီပဲရင်းဝန်ထောက် ဦးမြဲသည် ရဲရဲတောက် မကြောက်မရွံ့ ဟောပြောခဲ့ခြင်း ဖြစ်သည်။ ဦးမြဲ၏ ဟောပြောချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်-

ကျွန်ုပ်တို့ အထူးသဖြင့် ဝမ်းနည်းခြင်းဖြစ်ရသော အရာမှာ အစိုးရတို့သည် ဘာသာအယူဝါဒ၌ မလိမ့်တပတ် သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း၊ ရန်မူသော နည်းစနစ်တို့ဖြင့် ဝင်ရောက်စွက်ဖက်ခြင်း ဖြစ်သည်။ အချို့အနည်းငယ်သော အချက်တို့ကို ဖော်ပြရမည်ဆိုသော် အစိုးရတို့သည် ပြည်သူတို့က ကန့်ကွက်ကြသော်လည်း ကျွန်ုပ်တို့၏ ကိုးကွယ်ရာ အထွတ်အမြတ်ဖြစ်သော ဘုရားကျောင်းကန် ပရိဝုဏ်အတွင်းတို့၌ဖိနပ် စီးနင်းခြင်းများနှင့် စပ်လျဉ်း၍ ခြွင်းချက် ထားလျက် ခွင့်ပြုသည့်အပြင် ရွှေတိဂုံဘုရားပေါ်၌လည်း ဗုံးတပ်နှင့် ခံတပ်များကို တည်ထားရာ ပြည်သူတို့၏ ဘာသာအယူဝါဒအရေးနှင့် များစွာဆန့်ကျင်လျက်ရှိသည်။

ထို့နောက် နိုင်ငံခြား ကုန်ပစ္စည်းများကို သပိတ်မှောက်ရန် ဦးမြဲက ပြောကြားခဲ့သည်-

ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် အစားအသောက် လုံလောက်စွာရှိသည့်အပြ င် နိုင်ငံခြားသို့ တင်ပို့ရောင်းချရန်ပင် ပိုမိုလျက်ရှိသည်။ ထို့ပြင် ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် ဝါများလည်း ရရှိနိုင်လေသည်။ သို့ရာတွင် ကျွန်ုပ်တို့မှာ နိုင်ငံခြားမှလာသော အထည်အလိပ်တို့ကို သုံးဆောင်ဝတ်စားကြသဖြင့် များစွာဝမ်းနည်းဖွယ်ကောင်းလေသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့ ပြဋ္ဌာန်း ဆုံးဖြတ်ပြီးဖြစ်သော နိုင်ငံခြားကုန်များကို သပိတ်မှောက်ခြင်း ကိစ္စအတွက် ကောင်းစွာ ထမြောက်အောင် ဆောင်ရွက် ကြရပေလိမ့်မည်။

24+

တိုင်းရင်းသားတို့၏ လက်မှုပညာရပ်များကို တစ်ဖန်ပြန်၍ ကြီးပွားဖြစ်ထွန်းစေလိုလျှင် ယခင်ဆိုခဲ့သော နိုင်ငံခြားကုန်များကို သပိတ်မှောက်ခြင်း ကိစ္စသည် မလွှဲမရှောင်သာသော အမန်မုချ ဆောင်ရွက်ကြရမည့် တာဝန်ကြီးတစ်ခု ဖြစ်ပေသည်။

ဤသပိတ်မှောက်ခြင်းကိစ္စ တစ်စတစ်စ အောင်မြင်ထမြောက်လာသောအခါ ချည်လုပ်ခြင်းနှင့် ရက်ကန်းပညာရပ်တို့သည် အလိုအလျောက် ပေါ်ပေါက်ဖြစ်ထွန်းလာမည် ဖြစ်သည်။ များမကြာမီအတွင်း ကျွန်ုပ်တို့ မြန်မာလူမျိုးများ ဝတ်ဆင်ရန် အထည်အလိပ်တို့ကို ကျွန်ုပ်တို့ကိုယ်တိုင် ပြည့်စုံလုံလောက်အောင် ရက်လုပ်နိုင်သောအခြေ အနေသို့ရောက်အောင် အားထုတ်ကြိုးစားရပေလိမ့်မည်။ အမျိုးသားတို့ ကြီးပွားရာ ကြီးပွားကြောင်းကို လိုလားလျှင် တိုင်းသူပြည်သားတို့သည် တစ်အိမ်လျှင် ရက်ကန်းတစ်စင်ကျ တည်ထောင်ထားရန် စီမံကြရပေလိမ့်မည်။

ဒိုင်အာခီ အုပ်ချုပ်ရေးအပေါ်အမြင်

ဒိုင်အာခီအုပ်ချုပ်ရေးကို ဆန့်ကျင်ကန့်ကွက်ရန်လည်း ထည့်သွင်းပြောကြားသွားခဲ့လေသည်-

မြန်မာပြည်ကို ဂါဗနာမင်းကြီး အုပ်ချုပ်သော ပြည်နယ်အဖြစ်နှင့် စီမံအုပ်ချုပ်ရန် ပါလီမန်က ဆုံးဖြတ်ပြဋ္ဌာန်းပြီးဖြစ်၍ အိန္ဒိယပြည်တွင် နေရာတကျမရှိဘဲ အခက်အခဲတို့ဖြင့် ပြွမ်းလျက်ရှိသော ဒိုင်အာခီ အုပ်စိုးနည်းကို မြန်မာလူမျိုးအပေါ်သို့ စပ်ပေးလိမ့်မည်။ ထို့ပြင်လည်း မြန်မာပြည်ကို ပေးမည့် ဒိုင်အာခီ အုပ်စိုးနည်းသည် ဒိုင်အာခီထက် ညံ့ဖျင်းသေးသိမ်ပါသဖြင့် ဤကဲ့သို့ပေးခြင်းမှာ မြန်မာလူမျိုးတို့အား တိုက်ရိုက်စော်ကားရာ ရောက်သည်ဟု ကျွန်ုပ်က ပြောဆိုပါသည်။

မြန်မာလူမျိုးတို့သည် အင်္ဂလိပ်တို့က လုယူထားသော မိမိတို့ရသင့်ရထိုက်သည့် အခွင့်အရေးတို့ကို တောင်းဆိုရန် ဗြိတိသျှ ပါလီမန်လွှတ်တော်သို့ နှစ်ကြိမ်တိုင်တိုင် ကိုယ်စားလှယ်ကြီးစေလွှတ်၍ မမိမိတို့ တိုင်းပြ ည်ကို မိမိတို့ ကိုယ်တိုင်အုပ်ချုပ် နိုင်သော အရည်အချင်းရှိကြောင်း ပြသခဲ့သော်လည်း ဗြိတိသျှ ဗျူရိုကရက်တို့က အကန်းသဖွယ် မမြင်ဟန်ပြုကြပြီးလျှင် မြန်မာပြည်သားတို့ လွတ်လပ်ချမ်းသာရန် အားကြိုးမာန်တက် ဆောင်ရွက်ရခြင်းကို တစ်မျိုးပြီးတစ်မျိုး ရှာကြံနှောင့်ယှက် ဟန့်တားလျက်ရှိလေသည်။

21+

မြန်မာပြည်သို့ အုပ်ချုပ်ရေးတိုးမြှင့်ပေးသင့် မသင့်စုံစမ်းစစ်ဆေးရန် ဝှိုက်ကော်မတီ ဖွဲ့စည်းပေးခဲ့သည်။ ယင်းသဖို့ ဖွဲ့စည်းပေးပြီး မြန်မာနိုင်ငံသို့ လာရောက် စုံစမ်းစစ်ဆေးမည်ဟု ဆိုသည်ကိုလည်း ဒီပဲရင်းဝန်ထောက်ဦးမြဲက သပိတ်မှောက်ရန် တိုင်းသူပြည်သားတို့အား အတိအလင်း တိုက်တွန်းပြောကြားခဲ့လေသည် -

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အုပ်ချုပ်မှုဒိုင်အာခီအတွက် ဆန္ဒမဲပေး၍ မင်းတိုင်ပင်အမတ်များ ရွေးကောက်ခြင်းဆိုင်ရာ အစရှိသော လုပ်ငန်းဆောင်တာကို စပ်လျဉ်း၍ စုံစမ်းစစ်ဆေး မေးမြန်းရန် ကော်မရှင်လူကြီးများ ခန့်ထားလိုက်ကြသည်။ ပါလီမန်မှ လွှတ်မည်ဟု ပြောဆိုခဲ့သည်။ ယခုအခါ မစ္စတာဝှိုက် အမှူးရှိသော ကော်မတီလူကြီးများကို ရွေးကောက်၍ စေလွှတ်ခန့်ထားလိုက်ကြသည်။ သို့ရာတွင် ကော်မရှင်ကို သော်လည်းကောင်း၊ ကော်မတီကိုသော်လည်းကောင်း ပါလီမန်က စေလွှတ်သည်ဖြစ်စေ၊ အခြားက စေလွှတ်သည်ဖြစ်စေ အရေးမကြီးလှပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းအဖွဲ့မျိုးတွင် ပါဝင်သော လူကြီးများသည် ကျွန်ုပ်တို့ ကောင်းကျိုးချမ်းသာကို မည်သည့်နည်းနှင့်မျှ ပေးစွမ်းနိုင်သော တန်ခိုးအာဏာမရှိသောကြောင့် ဖြစ်သည်။

ထို့ပြင် သူတစ်ပါးက သနားမှ ချမ်းသာရမည်၊သူတစ်ပါးက ချီးမြှင့်မှ ကြီးမြင့်ရမည်ဆိုသော စကားသည် အလျဉ်းအားကိုး အားထားမပြုလောက်သော စကားဖြစ်စေသည်။ သို့ဖြစ်၍ မြန်မာအမျိုးသား ကြီးမားမြင့်မြတ်ရန် အရေး၌ ဝှိုက်ကော်မတီသည် အသုံးမဝင်တော့ပြီဖြစ်၍ကျွန်ုပ်မှာ မြန်မာအသင်းတို့၏ ဂျင်နရယ်ကောင်စီကြီးက သပိတ်မှောက်ထားရန် ပြုလုပ်ကြသည်ကို ထောက်ခခြင်းမှလွဲ၍ အခြားပြောဆိုရန် မရှိပေ။ ၎င်း ဝှိုက်ကော်မတီနှင့် ဝေးနိုင်သမျှဝေးစွာ ရှောင်ရှားရန် တာဝန်ကြီးမှာ မြန်မာအမျိုးသားတိုင်း၏ တာဝန်ပင် ဖြစ်ပေသည်။

ဝေလမင်းသားအား ကြိုသင့် မကြိုသင့်

ဝေလမင်းသား လာရောက်ခြင်းနှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံအတွက်၊ မြန်မာ လူမျိုးများအတွက် အကျိုးဖြစ်ထွန်းရန် မရှိသဖြင့် ကြိုဆိုခြင်း မပြုသင့်ကြောင်းကိုလည်း ဒီပဲရင်းဝန်ထောက် ဦးမြဲက ပြောကြားခဲ့လေသည်-

မြန်မာနိုင်ငံသို့ ဝေလမင်းသား အလည်အပတ်ကြွရောက်မည့်ကိစ္စနှင့် စပ်လျဉ်း၍ ကြိုသင့်/ မကြိုသင့် စသည်ဖြင့် များစွာငြင်းခုံလျက်ရှိကြသည်။ အခမ်းအနားနှင့် ကြိုဆိုစီမံရခြင်းအတွက်လည်း ငွေကြေးများစွာ ကုန်ကျလျက်ရှိကြသည်။ ငွေအမြောက်အမြား အကျိုးမဲ့ အလဟဿကုန်ကျရသည့်အပြင် ထိုကဲ့သို့ အလည်အပတ်လာသော မင်းသားကို ကြိုဆိုခြင်း သည် ကျွန်ုပ်တို့စိတ်တွင်း၌ လက်အောက်ခံကျေးကျွန်များ ဟူသော သဘောပေါက်စေရန် အကြောင်းဖြစ်ပေသည်။ ယခုကြွလာမည့် မင်းသားသည် ဗျူရိုကရေစီအစိုးရ၏ ကိုယ်စားလှယ်ဖြစ်၍ ၎င်းမင်းသားအား ဧည့်ခံကြိုဆိုခြင်းဖြင့် အကျိုးထူး ဝိသေသ မရှိပေ။

လွတ်လပ်ရေးနှင့် ပတ်သက်၍ သဘောထား

လွတ်လပ်ရေးနှင့် ပတ်သက်၍လည်း ရဲရဲတောက် ဟောပြောခဲ့လေသည် -

ကျွန်ုပ်တို့ လိုလားတောင့်တကြသော လွတ်လပ်ခြင်းသည် အလွန်ပင်တရား၏။ မျှတခြင်းသဘောလည်း ရှိ၏။ ကျွန်ုပ်တို့ ယခုကြိုးစား အားထုတ်ကြသည်မှာ သူတစ်ပါးအပေါ်၌ အနိုင်အထက် ဖိနှိပ်စိုးမိုးခြင်းကို တွန်းလှန်ဖြိုဖျက်ရန် ရည်ရွယ်ချက် ရှိသည့်အတိုင်း ကျွန်ုပ်တို့ အားထုတ်ခြင်းသည် မွန်မြတ်သော အားထုတ်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ယခုအခါ ကျွန်ဘဝ၌ တည်ကြကုန်၏။ ယခုအခါ အနှောင်အဖွဲ့ခံနေရ၍ လွတ်လပ်ချမ်းသာခြင်းသို့ မရောက်သမျှ ကာလပတ်လုံး ပျော်ရွှင်နိုင်ကြမည် မဟုတ်ပေ။

ကျွန်ုပ်တို့အားလည်း တစ်သက်ပတ်လုံး ကျွန်ဘဝလက်အောက်ခံဘဝ၌ မထားနိုင်ပေ။ တစ်နေ့နေ့၌ ကျွန်ုပ်တို့ လွတ်မြောက် ရမည် ဖြစ်သည်။ သို့ရာတွင် မည်ကဲ့သို့သောနည်းဖြင့် လွတ်လပ်ခြင်းကိုရအောင် မည်သို့ဆောင်ရွက်ကြမည်နည်း။

ကျွန်ုပ်တို့ မြန်မာလူမျိုးသည် ရာဇဝင်တွင် ထင်ရှားကျော်ကြားခဲ့သည်ဖြစ်၍ ယခုအခါ အရေးကြီးသော အချိန်တွင် လက်လျှော့၍ နောက်ဆုတ်ရန်မသင့်၊ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဆောင်ရွက်ရန် ဝတ္တရားရှိလေသည်။

တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ရာ၌ စည်းလုံးညီညွတ်၍ အမျိုးကို ချစ်ခင်လေးမြတ်ကြရန်နှင့် အကျိုးတူ ပေါင်းဖက်ရမည့် မဟာမိတ်နိုင်ငံများရှိရန် အရေးကြီးလေသည်။

ရှင်းရှင်းပြောရလျှင် အကြင်လူမျိုးတစ်မျိုးက အခြားလူမျိုးတစ်မျိုးအား အနိုင်အထက် စိုးမိုးအုပ်ချုပ်ရန် မည်သည့်အခွင့်တရားမှ မရှိပေ။

ထို့ကြောင့် ကျွန်ုပ်တို့အမျိုးသားနှင့် တိုင်းပြည်ကြီး၏ လွတ်လပ်ရေးအတွက် အပ္ပမာဒေနသမ္မာ ဒေထဟူသော ဒေသနာတော်နှင့်အညီ မမေ့မလျော့ဘဲ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ရန် ကျွန်ုပ်က တိုက်တွန်းပါသည်။

နဝမအကြိမ် ကွန်ဖရင့်မှ ချမှတ်နိုင်ခဲ့သော အရေးပါသော ဆုံးဖြတ်ချက်များ

အထက်ပါအတိုင်း ဒီပဲရင်းဝန်ထောက် ဦးမြဲက ဥက္ကဋ္ဌ မိန့်ခွန်းပြောကြားခဲ့လေသည်။ ထိုအချိန်က ဂျီစီဘီအေ အသင်းကြီးမှာ မြန်မာနိုင်ငံရေးသမုင်းတွင် အစည်းလုံး၊ အညီညွတ်ဆုံး အချိန်အခါ ဖြစ်သဖြင့် အောက်ပါအတိုင်း ဆုံးဖြတ်ချက်များ ချမှတ်ခဲ့လေသည်-

၁။ ဟုမ္မရူး(ကိုယ်ပိုင်အုပ်ချုပ်ရေး)ပြန်ပေးရမည်။

၂။ ဝှိုက်ကော်မတီကို သပိတ်မှောက်ရန်၊

၃။ ဝေလမင်းသား လာသောအခါ ကြိုဆိုခြင်းမပြုရန်၊

၄။ လူခွန်တော်နှင့် သဿမေဓ အခွန်များ ကောက်ခံခြင်းကို ပယ်ဖျက်ရန်၊

၅။ သင့်လျော်သော ရက် ၁ ရက်ကို အမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်ရန်တို့ ဖြစ်သည်။

ထို့ကြောင့် ဂျီစီဘီအေ မြန်မာအသင်းချုပ်ကြီး၏ နဝမအကြိမ်မြောက် ကွန်ဖရင့်သည် မြန်မာနိုင်ငံရေးသမိုင်းတွင် စည်းလုံးညီညွတ်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် အရေးပါသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်ကို တွေ့ရပေသည်။

ရည်ညွှန်းချက်

၁။ ဒီပဲရင်းဝန်ထောက် ဦးမြဲ၏ အတ္ထုပ္ပတ္တိ၊ သူရိယမဂ္ဂဇင်း၊ ဇန်နဝါရီလ၊ ၁၉၂၅၊ စာ ၄၄-၄၇။

၂။ ဦးလေးမောင်။ မြန်မာနိုင်ငံရေးသမိုင်း ပထမတွဲ၊ ရန်ကုန်စာပေဗိမာန် ၁၉၇၃။ စာ ၁၈၄-၂၁၈။

၃။ မန္တလေးကွန်ဖရင့်တွင် ပြိစိဒင့်၏ ဟောပြောချက်၊ ပညာအလင်းမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၁၉၂၁။ စာ ၈၁-၉၄။