ကိုရိုနာဗိုင်းရပ်စ် (COVD-19) ကြောင့် ရိုက်ခတ်လာမည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့် နိုင်ငံရေးအကျိုးဆက်များ

 

mdn

တက္ကသိုလ်ဟန်စိုးဦး

 

(ဧပြီ ၂၂ ရက်မှ အဆက်)

 

အခုဆိုရင် တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိန်းချုပ်ထားနိုင်တဲ့အ နေအထားကို ရရှိလာခဲ့ပြီ ဖြစ်သော်လည်း ကျန်ကမ္ဘာ့နိုင်ငံ အများအပြားမှာတော့ အရှိန်အဟုန်နဲ့ ဆက်လက်ပြန့်ပွားနေဆဲ ရှိပါတယ်။ ဥရောပနိုင်ငံတွေ၊ တောင်ကိုရီးယား၊ အီရန်၊ အမေရိကန် ပြည်ထောင်စုနဲ့ အခြားနိုင်ငံတွေမှာ ဒီကူးစက်ရောဂါကို ထိန်းချုပ်နိုင်ဖို့ လိုအပ်တဲ့ကန့်သတ်မှုတွေ၊ အရေးယူဆောင်ရွက်မှုတွေ အလေးအနက် ဆောင်ရွက်နေကြရတာကို တွေ့မြင်နိုင်ပါတယ်။ ကုန်သွယ်မှုအပေါ် အဓိက မှီခိုနေကြရတဲ့ ဥရောပနိုင်ငံတွေနဲ့ ဂျပန်နိုင်ငံတို့ကတော့ စီးပွားရေးကျဆင်းမှုကို ခံစားနေကြရပြီဖြစ်ပါတယ်။ စီးပွားရေးအရ ကမ္ဘာလုံးဆိုင်ရာ အကျိုးသက်ရောက်မှုတွေအပေါ် ခန့်မှန်းချက်တွေကတော့ အများအပြားထွက်ပေါ်လာခဲ့ပါတယ်။ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကြီး (Organization for Economic Cooperation and Development OECD) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ၂ ဒသမ ၄ ရာခိုင်နှုန်းကနေ ၂ ဒသမ ၉ ရာခိုင်နှုန်းအထိ လျော့နည်းသွားဖွယ် ရှိတယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။ Bloomberg သတင်းဌာနကြီးရဲ့ ခန့်မှန်းချက်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါအခြေအနေ အဆိုးဆုံးအထိ ဖြစ်ပွားလာခဲ့ရင် ကမ္ဘာလုံးဆိုင်ရာ နှစ်အပြည့် ဂျီဒီပီ တိုးတက်မှုဟာ သုညအထိ ရောက်ရှိသွားနိုင်တယ်လို့ ဖော်ပြထားပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးမှာ ကုန်ချောပစ္စည်း ဝယ်ယူလိုမှုအပြင် ကုန်ကြမ်းပစ္စည်း ထောက်ပံ့ပေးအပ်နိုင်မှု အပေါ်မှာပါ အကြီးအကျယ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြင်ပက စီးပွားရေးအရ အဓိကနိုင်ငံကြီးတွေ (ဥပမာအားဖြင့် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနိုင်ငံ)ရဲ့ စီးပွားရေးဟာ တရုတ်နိုင်ငံအပေါ် ထဲထဲဝင်ဝင် မှီခိုဆက်စပ်နေကြတာကြောင့် ဒီနိုင်ငံတွေရဲ့ စီးပွားရေးဟာ သိသာစွာပဲ ရိုက်ခတ်မှုဒဏ်ကို ခံစားကြရမယ်လို့ OECD ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဥရောပဒေသက စီးပွားရေးအရ အင်အားကြီးနိုင်ငံတွေဟာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ဆက်လက်ပြန့်ပွားနေမှုကြောင့် ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းတွေ လျှော့ချခြင်း အပါအဝင် ထိန်းချုပ်မှုတွေကို ဆောင်ရွက်နေကြရတဲ့အတွက် အီတလီနိုင်ငံ မြောက်ပိုင်းလို ဒေသတွင်း စက်မှုအချက်အချာ နေရာတွေဟာ နေရာပြောင်းရွှေ့လာမယ့် အနေအထားမှာလည်း ရှိနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေ တုံ့ဆိုင်းမှု ဖြစ်စဉ်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်ခြင်းကလည်း ၂၀၀၈-၂၀၀၉ ကမ္ဘာ့ငွေကြေး အကျပ်အတည်း နောက်ပိုင်း အနိမ့်ဆုံး အနေအထားအဖြစ် ငါးရာခိုင်နှုန်း ကနေ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျသွားဖို့ရှိတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ခန့်မှန်းထားပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ မပြန့်ပွားဖို့ တစ်ကမ္ဘာလုံးမှာ ခပ်ခွာခွာနေခြင်း (Social distancing)၊ လူစုလူဝေး မပြုလုပ်ဘဲ မိမိအိမ်မှာပင် နေထိုင်ခြင်း (Stay at home) စတာတွေကို တိုက်တွန်းနေမှုနဲ့အညီ အထိခိုက် အခံစားရဆုံး လုပ်ငန်းတွေကတော့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေပဲဖြစ်ပါတယ်။  ပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့ကြီး (International Air Transport Association-IATA) ကလည်း တစ်ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းတွေ အနေနဲ့ ၆၃ ဘီလီယံ ဒေါ်လာကနေ ၁၁၃ ဘီလီယံ ဒေါ်လာ အထိ ထိခိုက်နစ်နာမှု ခံစားကြရနိုင်ကြောင်း ပြောကြားခဲ့သလို နိုင်ငံတကာ ရုပ်ရှင်ဈေးကွက်မှာလည်း ဝင်ငွေ ငါးဘီလီယံဒေါ်လာအထိ ဆုံးရှုံးနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အလားတူ ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်းတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေ၊ စားသောက်ဆိုင် လုပ်ငန်းတွေ၊ အားကစား အစီအစဉ်တွေမှာလည်း ဆုံးရှုံးမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံအချို့မှာ ဟိုတယ်အများအပြားဟာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းခဲ့ကြတာကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် လူပေါင်း ၂၄ သန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်းမှာပင် ၃ ဒသမ ၉ သန်း အလုပ်လက်မဲ့ဖြစ်ခဲ့ကြပါတယ်။ လူမှုရေးအရ ထိတွေ့မှုတွေနဲ့ မသက်ဆိုင်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာတော့ သက်ရောက်မှုတွေ ကြီးကြီးကျယ်ကျယ် မရှိနိုင်သော်လည်း ဈေးကွက်လိုအပ်မှု လျော့နည်းသွားခြင်းဟာလည်း ဒီကဏ္ဍအတွက် စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်။

 

အခုလို စီးပွားရေးလုပ်ငန်းတွေ နှောင့်နှေးလာတာကြောင့် စွမ်းအင်လိုအပ်မှုလည်း နည်းပါးသွားခဲ့တဲ့အတွက် လောင်စာဆီဈေးနှုန်းတွေလည်း ကျဆင်းလာခဲ့ပါတယ်။ ပုံမှန်အားဖြင့် လိုအပ်ချက် လျော့နည်းလာခဲ့ရင် ဈေးနှုန်းကို ထိန်းသိမ်းထားနိုင်ဖို့ ထုတ်လုပ်သူတွေဟာ ထုတ်လုပ်မှုပမာဏကို လျှော့ချလေ့ရှိကြပါတယ်။

 

ဒါကြောင့် ရေနံတင်ပို့ရောင်းချသည့် နိုင်ငံများအဖွဲ့ (အိုပက်) နဲ့ အခြားရေနံထုတ်လုပ်တဲ့ နိုင်ငံအချို့အကြား အစည်းအဝေး ကျင်းပပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာ ရေနံစိမ်း ထုတ်လုပ်မှုကို ဇွန်လအထိ တစ်ရက်ကို ရေနံစိမ်းစည်ပေါင်း ၁ ဒသမ ၅ သန်း လျှော့ချထုတ်လုပ်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ သို့သော်လည်း ရုရှားနိုင်ငံက ရေနံစိမ်းလျှော့ချထုတ်လုပ်ဖို့ သဘောမတူညီလို့ ဆွေးနွေးညှိနှိုင်းမှု မအောင်မြင်ခဲ့ပြီးနောက်ပိုင်း ဆော်ဒီအာရေဗျနိုင်ငံဟာ ရေနံစိမ်းပမာဏကို ပိုမိုထုတ်လုပ်ခဲ့သလို ရေနံ ဈေးနှုန်းကိုလည်း လျှော့ချခဲ့ပါတယ်။

 

mdn

 

ဒီလိုဆောင်ရွက်တာဟာ ရုရှားနိုင်ငံကို အထိနာစေဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပေမယ့် ရေနံစိမ်း ဈေးနှုန်းဟာ ၂၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်နောက်ပိုင်း တစ်ရက်အတွင်း အနိမ့်ဆုံးဈေးနှုန်း ကျဆင်းမှုဖြစ်ခဲ့ပါတယ်။ ထပ်မံကျဆင်းသွားဖို့ အလားအလာတွေရှိတယ်လို့လည်း လေ့လာသူတွေကသုံးသပ်ကြပါတယ်။ ဆော်ဒီအာရေဗျနဲ့ ရုရှားနိုင်ငံအကြားက ဈေးနှုန်းအားပြိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်တွေဟာ ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားနေတဲ့ကာလမှာ မူဝါဒကို ညှိနှိုင်းဆောင်ရွက်စေလိုတဲ့ စွမ်းအင်ဈေးကွက်ကို စိတ်ပျက်အားလျော့စေခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရေနံ အများဆုံးထုတ်လုပ်တဲ့ အိုပက်အဖွဲ့ကြီးနဲ့ မဟာမိတ်နိုင်ငံတွေ၊ G-20 အဖွဲ့ကြီးအကြား ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး ကမ္ဘာ့ရေနံထုတ်လုပ်မှု ပမာဏကို ၁၀ ပုံ ၁ ပုံ အထိ လျှော့ချသွားဖို့ ဧပြီလ ၁၃ ရက်နေ့က သဘောတူညီခဲ့ကြတဲ့အတွက် ရေနံဈေးနှုန်း လွန်ဆွဲပွဲက ပြီးဆုံးသွားခဲ့ပါတယ်။

 

ရေနံဈေးနှုန်းကျဆင်းမှုတွေကြောင့် အမေရိကန် နိုင်ငံအပါအဝင် ရေနံထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေဟာ ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချခြင်း၊ ထုတ်လုပ်မှုတွေ ကိုလျှော့ချခြင်း၊ ကြွေးတင်နေတဲ့ ကုမ္ပဏီတွေအဖို့ အလုပ်သမားများ လျှော့ချခြင်း၊ ပေါင်းစည်းခြင်း၊ လူမွဲစာရင်းခံခြင်း စတဲ့အခြေအနေအထိ ဖြစ်လာနိုင်ပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် ရေနံစိမ်းဈေးနှုန်းတွေ ကျဆင်းတဲ့အခါ ရေနံစိမ်း ဝယ်ယူတင်သွင်းနေတဲ့ နိုင်ငံတွေအတွက် အကျိုး ရှိစေမှာဖြစ်ပေမယ့် အခုအချိန်မှာ နိုင်ငံတိုင်းလိုလိုဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို ခံစားနေကြရတဲ့အတွက် ဒီအကျိုးကို ခံစားနိုင်ခြေလည်း နည်းပါးနေပါတယ်။

 

ဒါ့အပြင် မကြာသေးမီနှစ်များအတွင်းက အမေရိကန်နိုင်ငံမှာ ပြည်တွင်းသုံးစွဲမှုအတွက် ရေနံစိမ်းပိုမိုထုတ်လုပ်ခဲ့မှုကြောင့် ယခုရေနံ ဈေးနှုန်းကျဆင်းမှုကို ယခင်အကြိမ်တွေတုန်းက ဖြစ်ပွားခဲ့တဲ့ စီးပွားရေးအကျပ်အတည်း ကာလတုန်းကလို ရှုမြင်မှာမဟုတ်မှာလည်း သေချာပါတယ်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှုမရှိသေးလို့ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ စီးပွားရေးအရ အကျိုးသက်ရောက်မှုတွေကလည်း ငွေကြေးဈေးကွက်အပေါ် ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ မတ်လ ၉ ရက် ဈေးကွက် အဖွင့်မှာ S & P 500 ကုမ္ပဏီကြီးရဲ့ ရှယ်ယာဈေးနှုန်းတွေဟာ ခုနစ်ရာခိုင်နှုန်း ကျဆင်းသွားခဲ့တဲ့အတွက် ၁၉၉၇ ခုနှစ် ကမ္ဘာ့ငွေကြေး အကျပ်အတည်းကာလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် S & P 500 ကုမ္ပဏီဟာ သူ့ရဲ့ ရှယ်ယာတွေ ရောင်းချမှုကို ခေတ္တရပ်နားခဲ့ပါတယ်။ ငွေကြေး ဈေးကွက်ကို အကြမ်းဖျင်းခြုံပြောရရင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ အမြင့်ဆုံး အနေအထားရှိခဲ့ရာကနေ ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အခုလိုအစုရှယ်ယာဈေးနှုန်းတွေ ကမောက်ကမဖြစ်နေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေဟာ ပိုမိုစိတ်ချရတဲ့ အမေရိကန်နိုင်ငံရဲ့ ငွေချေးစာချုပ်တွေ ဝယ်ယူတဲ့ဘက်ကို ပြောင်းခဲ့ကြတာတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

 

(ဆက်လက်ဖော်ပြပါမည်)

 

mdn

 

(မှတ်ချက်။ ယခုဆောင်းပါးတွင် ဖော်ပြထားသော အချက်အလက်များသည် စာရေးသူ၏ သဘောထားအမြင်၊ အဖွဲ့အစည်းတစ်ရပ်၏ သဘောထားအမြင်ကို ထင်ဟပ်ခြင်းမရှိဘဲ သက်ဆိုင်ရာနိုင်ငံများ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ၏ အယူအဆများကို လေ့လာစုစည်း ရေးသားထားခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။)