ကျိုတိုမှ ပေးစာများ - ၇ (ကျိုတိုတစ်နေ့တာ ခရီးစဉ်)

၁၇ ဒီဇင်ဘာ

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် ကျိုတိုမြို့၌ နေထိုင်သော စာရေးသူထံ ဧည့်သည် နှစ်ဦး သီးခြားရောက်ရှိလာပါသည်။ တစ်ဦးမှာ မြန်မာနိုင်ငံမှ ယခင်လုပ်ဖော်ကိုင်ဖက်ဟောင်း နိုင်ငံခြားသား မိတ်ဆွေတစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာ အမေရိကန်နိုင်ငံတွင် နေထိုင်သော စာရေးသူ၏ညီ ဖြစ်ပါသည်။

နှစ်ဦးစလုံးမှာ ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ကြခြင်းဖြစ်ပြီး ဂျပန်နိုင်ငံရောက်ရှိခိုက် စာရေးသူရှိရာ ကျိုတိုမြို့သို့ လာရောက်ကြခြင်း ဖြစ်သည်။ တစ်ဦးမှာ နိုင်ငံခြားသားဖြစ်ပြီး တစ်ဦးမှာ မြန်မာဖြစ်သော်လည်း စာရေးသူအဖို့ နှစ်ဦးစလုံးမှာ မြန်မာနိုင်ငံမှလာရောက်ကြသည်ဟု သာခံစားရပါသည်။ စာရေးသူအောက်တိုဘာလတွင် ကျိုတိုမြို့သို့ ရောက်ရှိပြီးနောက် စာရေးသူထံ ပထမဆုံးလာရောက်လည်ပတ်ကြသော ဧည့်သည်နှစ်ဦးလည်း ဖြစ်ပါသည်။ သူတို့နှစ်ဦးထံမှ ကျိုတိုသို့လာရောက်မည့် နေ့ရက်များ အတိအကျ ရရှိပြီးသည့်နောက် သူတို့နှစ်ဦးအတွက် တစ်ရက်တာ ခရီးစဉ်များကို သီးခြားရေးဆွဲဖြစ်ခဲ့သည်။ အဆိုပါ တစ်ရက်တာခရီးစဉ်မှာ စာရေးသူနေထိုင်သည့် အဆောင်အနီးဝန်းကျင်နှင့် စာရေးသူ လုပ်ကိုင်သည့် ရုံးအနီးဝန်းကျင်တွင် ခြေကျင် လမ်းလျှောက်ရောက်ရှိနိုင်သည့် အကွာအဝေးအတွင်း တည်ရှိသော ထင်ရှားသည့် အဆောက်အဦများအား လည်ပတ်ရန် အခြေပြု ရေးဆွဲထားခြင်းဖြစ်သည်။ ။

စာရေးသူ လက်ရှိနေထိုင်သော ကျိုတိုတက္ကသိုလ်၏ အိုကာဇာကီအဆောင်ဝန်းကျင်နှင့် လက်ရှိအလုပ်လုပ်နေသော ကျိုတိုတက္ကသိုလ်၏ အရှေ့တောင်အာရှဒေသ လေ့လာရေးစင်တာဝန်းကျင်မှာ သစ်ပင်ပန်းမန်များ၊ ချောင်း၊မြောင်းများဖြင့် သာယာ လှပဆွဲဆောင်မှုရှိပြီး အနားဝန်းကျင်တွင်လည်း ကျိုတိုမြို့၏ နာမည်ကြီး သမိုင်းဝင် အဆောက်အဦ အများအပြားတည်ရှိ ပါသည်။ သို့ဖြစ်ရာ အိမ်အနား၊ ရုံးအနားဟု ဆိုသော်လည်း တစ်နေ့တာခရီးစဉ်မှာ အကြားအလပ်မရှိ နံနက်မှ ညနေအထိ အချိန်ပြည့် ဖြစ်ပါသည်။ ။

ခရီးစဉ်မှာ ဤသို့ဖြစ်သည်။ နံနက်ရှစ်နာရီခွဲခန့်တွင် စာရေးသူနေထိုင်သော အဆောင်အနီးငါးမိနစ်လမ်းလျှောက်အကွာ အဝေးရှိကျိုတိုမြို့အား စတင်တည်ထောင်သူ ဖြစ်သော ဂျပန်နိုင်ငံ၏မင်းဆက် ၅၀ မြောက် ဘုရင်ဧကရာဇ် (Emperor Kanmu) နှင့် ကျိုတိုမြို့တွင် နောက်ဆုံးစိုးစံအုပ်ချုပ် ခဲ့သည့် ဂျပန်နိုင်ငံ၏ မင်းဆက် ၁၂၁ ဆက်မြောက် ဘုရင်ဧကရာဇ် ခိုမဲ့ (Emperor Komei) တို့အား ရည်စူးကိုးကွယ်သည့် ဟေရန်ဂျင်းဂုနတ်ကွန်း(Heian Jingu Shrine) ရှေ့တွင် ဆုံတွေ့ကြမည် ဖြစ်သည်။ ။

ဟေရန်ဂျင်းဂု နတ်ကွန်းဆိုလျှင် ကျိုတိုတွင် လူတိုင်းသိပါသည်။ ထို့နောက် နတ်ကွန်း အတွင်း ဝင်ရောက်လေ့လာကြမည် ဖြစ်သည်။ နတ်ကွန်းမှာ သမိုင်းကြောင်းအရ မရှည်ကြာ လှသော်လည်း ကျိုတိုမြို့ သမိုင်း၏ ထင်ရှားလှသော ဂျပန်ဘုရင်နှစ်ပါးအား ရည်စူးထား ရှိရာနေရာဖြစ်သဖြင့် ကျိုတိုမြို့ တွင် အထူးထင်ရှားလှပါသည်။ နတ်ကွန်းအတွင်းသို့ အခမဲ့ ဝင်ရောက်နိုင်ပြီး အတွင်းရှိ ပန်းဥယျာဉ်သို့ ဝင်ရောက်လေ့လာပါက ဝင်ကြေးပေးရပါသည်။ ထို့နောက် နတ်ကွန်းမှ စာရေးသူနေထိုင်သည့် အိုကာဇာကီအဆောင်အခန်း ၃၀၁ သို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ အဆောင်၏သုံးလွှာတွင်တည်ရှိသော အခန်းဝရန်တာမှ အဆောင်ရှေ့ရှိ သာမောဖွယ် တူးမြောင်းရေကန်နှင့် ရေကန်အနီး ရာသီကာလအလိုက် ဖူးပွင့်နေသော ပန်းရောင်စုံနှင့် ဝေဆာနေသော သစ်ပင်များကို ရှုစားကြမည် ဖြစ်သည်။ ထို့နောက် အဆောင်အတွင်း အနည်းငယ် လိုက်လံကြည့်ရှုမည် ဖြစ်သည်။ (အဆောင်တာဝန်ခံထံ သတင်းပို့ပြီး ဖြစ်ပါသည်)။

ထို့နောက် အဆောင်မှ အနီးအနားရှိ ဂျပန် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း (Myodenjitemple) သို့ သွားရောက်လေ့လာကြမည် ဖြစ်သည်။ ကျောင်းဝင်းမှာ မည်သူမဆိုအခမဲ့ ဝင်ရောက်နိုင်ပြီး ဝင်းအတွင်း အပင်များ အနီးတွင် သပ္ပာယ်လှသော စကျင်ကျောက်သား မတ်တတ်ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိပါသည်။

အဲကန်ဒိုဘု စာရေးသူ အလုပ်အသွားတွင် တစ်ခါတစ်ရံ ဝင်ရောက်ဖူးမြော်လေ့ရှိပါသည်။ ကျောင်းဝင်း အတွင်း အတန်အသင့်ကြီးမားသော ဂျပန်သင်္ချိုင်းတစ်ခုရှိပြီး ထိုသင်္ချိုင်းနှင့် ကပ်လျက် တည်ရှိနေသည်မှာ စာရေးသူ၏ အဆောင် ဖြစ်ပါသည်။ ထိုမှ ဟေရန်နတ်ကွန်းဘက်ဆီ ပြန်သွားကာ နတ်ကွန်းမှ ၁၅ မိနစ်ခန့်လမ်းလျှောက်ရသော နန်ဇန်ဂျီဘုရားကျောင်း (Nanzenji Temple) သို့ သွားရောက်လေ့လာမည် ဖြစ်သည်။

နန်ဇန်ဘုရားကျောင်းမှာ ကျိုတိုမြို့၏ သမိုင်းဝင် ဘုရားကျောင်းတစ်ခုဖြစ်ပြီး ကျောင်းဝင်းအတွင်း မြင့်မားခံ့ထည်လှသော ရှေးဟောင်းနှစ်ထပ် ဘုရားကျောင်းအဆောင်ကြီး တစ်ဆောင်နှင့် လှပသော ပန်းဥယျာဉ်တစ်ခု ရှိပါသည်။ ဘုရားကျောင်းဝင်းအတွင်း ဝင်ကြေးမှာ ပေးရန်မလိုသော်လည်း ကျောင်းဝင်းအတွင်းရှိ အဆောင်ကြီးသို့ ဝင်ကြေးမှာ ယန်း ၅၀၀ ပေးရပြီး ပန်းဥယျာဉ် ဝင်ကြေးမှာ ယန်း ၅၀၀ ထပ်မံပေးရပါသည်။

ထို့နောက် နန်ဇန်ဂျီဘုရားကျောင်းအနီး ၁၀ မိနစ်ခန့် လမ်းလျှောက်ရသော ထို့ထက် များစွာ သာယာလှပသော အဲကန်ဒိုဘုရား (EikandoZenrin-Ji Temple) သို့ သွားရောက်ကြပါမည်။ အဲကန်ဒိုဘုရားကျောင်းမှာမူ အတွင်းသို့ဝင်သည်နှင့် ဝင်ကြေး ယန်း ၁၀၀၀ ပေးရပါသည်။ သို့သော် အဲကန်ဒိုသို့ သွားရောက်လည်ပတ်ရသည်မှာ တန်လှပါသည်။ အတွင်းတွင် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား အင်မတန်သာယာလှပါသည်။

စာရေးသူတို့ သွားရောက်ချိန်မှာ ဆောင်းဦးကာလ နိုဝင်ဘာလဖြစ်သဖြင့် ပန်းများအရောင်မျိုးစုံဖြင့် ဝေဆာနေချိန် မို့လည်း ဖြစ်ပါလိမ့်မည်။ ဂျပန်နိုင်ငံတွင် ပုံမှန်အားဖြင့် နတ်ကွန်းများ၊ ဘုရားကျောင်း များ ဝင်းအတွင်းသို့ ဝင်ရောက်ပါက ဝင်ကြေး မပေးရသော်လည်း အတွင်းရှိ အချို့သော အဆောက်အဦများ၊ ပန်းဥယျာဉ်အများစုမှာ ဝင်ကြေးပေးရသည်ဖြစ်ရာ ဝင်ကြေးငွေ ချွေတာလိုပါက အကြံပြုလိုသည်မှာ နန်ဇန် တွင် ပန်းဥယျာဉ်ရှိသော်လည်း အနီးရှိ အဲကန်ဒီမှာ ပိုမိုသာယာသဖြင့် နန်ဇန်ဂျီပန်းဥယျာဉ်သို့ ဝင်ရောက်မည့်အစား ပိုမိုကြီးမားဆွဲဆောင် မှုရှိသည့် အဲကန်ဒိုပန်းဥယျာဉ်သို့ ဝင်ရောက် လေ့လာရန် ဖြစ်သည်။ အဲကန်ဒိုဝင်ကြေးတွင် ဘုရားကျောင်း၊ ပန်းဥယျာဉ်ဝင်ကြေးအားလုံး ပါဝင်ပြီး ဖြစ်ပါသည်။ နန်ဇန်တွင် ကျောင်းဝင်းအတွင်းနှင့် ဝင်ကြေးပေးရသော နှစ်ထပ်ကျောင်းဆောင် အပေါ်ထပ်သို့ သွားရောက် လေ့လာနိုင်ပါသည်။

ထို့နောက်စာရေးသူတို့ အဲကန်ဒိုဘုရားကျောင်းမှ စာရေးသူ၏ အလုပ်တည်ရှိရာ သုတေသနစင်တာသို့ လမ်းလျှောက် ပြန်လာပါမည်။ နာရီဝက်ခန့် လျှောက်ရပါသည်။ စာရေးသူ အလုပ်ရုံးခန်းတည်ရှိရာ စင်တာရှိ ပင်မအဆောက်အဦ ဒုတိယထပ် အခန်း

အမှတ် ၂၀၃ သို့ သွားရောက်လည်ပတ်ပါမည်။ ထို့နောက် စင်တာရှိ စာကြည့်တိုက်သို့ သွားရောက်လေ့လာပြီး စကြည့်တိုက်ပထမထပ်ရှိ (ဒေါ်) အောင်ဆန်းစုကြည် အမှတ်တရ ကွန်နာသို့လည်း သွားရောက်ကြည့်ရှုပါမည်။

အဆိုပါနေရာနှင့် စာကြည့်တိုက်အတွင်းမှာတော့ ဓာတ်ပုံရိုက်ကူးခွင့်မရှိပါ။ ရုံးနှင့် စာကြည့်တိုက်တို့ထံ စာရေးသူ၏ မိတ်ဆွေ များ လာရောက်လည်ပတ်မည်ဖြစ်ကြောင်း အကြောင်းကြားထားပြီး ဖြစ်ပါသည်။ ထို့နောက် အလုပ်အနီးရှိ တက္ကသိုလ် ကင်န်တင်းတွင် နေ့လယ်စာ သွားရောက် စားသောက်ကြပါမည်။ ထို့နောက် ရုံးအရှေ့ မျက်စောင်းထိုးတွင်တည်ရှိသော သာယာလှပသည့် မြစ်ကမ်းပါးတစ်လျှောက် အနီး ဝန်းကျင်အား သွားရောက်လေ့လာပါမည်။ မြစ်အတွင်းတစ်နေရာတွင် မြစ်ဖြတ်ကူးကျောက်တုံးအစီအရီဖြင့် အထူးပင် ဆွဲဆောင်မှုရှိပြီး တစ်ခါတစ်ရံ ကမ္ဘာလှည့် ခရီးသည်များပင် တကူးတကလာရောက် ကြည့်ရှုလေ့ရှိသည့်နေရာ ဖြစ်သည်။

လေ့လာမှတ်သားစရာများစွာရှိ ထိုမှ နောက်ထပ် ၁၅ မိနစ်ခန့် လျှောက်ရသော ကျိုတိုဘုရင့်နန်းတော်ဟောင်း (Kyoto Imperial Palace) သို့ သွားရောက်လေ့လာပါမည်။ ရှေးနှစ်ရာပေါင်း များစွာတည်တံ့ခဲ့ပြီး ဂျပန်မင်းဆက်ပေါင်းများစွာ စိုးစံခဲ့သည့် အဆိုပါနန်းတော်တွင် လေ့လာမှတ်သားစရာ များစွာရှိပါသည်။ နန်းတော်ဝင်ကြေးမှာ အခမဲ့ဖြစ်ပါသည်။

နန်းတော်မှာ ကျယ်ဝန်းလှသော ကျိုတိုဘုရင့် အမျိုးသားပန်းဥယျာဉ် (Kyoto Gyoen National Garden) အတွင်း၌ တည်ရှိသည်ဖြစ်ရာ နန်းတော်မှအပြန် အဆိုပါဥယျာဉ်ကြီးအတွင်း အချိန်ဖြုန်းနိုင်ပါသည်။ ထို့နောက် နန်းတော်မှ မိနစ် ၂၀ခန့်လျှောက်ရသော ကျိုတို တက္ကသိုလ် (ပင်မ) (Kyoto University-Main Campus) သို့ သွားရောက်လေ့လာပါမည်။ (စာရေးသူ၏ အလုပ်မှာ ကျိုတိုတက္ကသိုလ်၏ အခြား ပရဝဏ်တစ်ခုဖြစ်သော တက္ကသိုလ် ဆေးရုံပရဝဏ်တွင် တည်ရှိပါသည်။

ဝင်ရောက် လေ့လာကြည့်ရာ အထူးပင် ဂျပန်ဆန် လှပြီး သန့်ရှင်းသပ်ရပ်လွန်းလှပါသည်။ ပုံမှန် ဂျပန်နိုင်ငံတွင် ဈေးနှုန်းသက်သာသော ကျော တစ်နေရာစာ တည်းခိုခန်းများမှာ ယန်း ၂၀၀၀ မှ ၃၀၀၀ ခန့် ပေးရပါသည်။ အခန်းခဈေးနှုန်းမှာ လာရောက်လည်ပတ်သည့် အချိန်ကာလအပေါ် တွင်လည်း မူတည်ပါသည်။ )

ကျိုတိုတက္ကသိုလ် (ပင်မ)တွင် လည်ပတ်ကြည့်ရှု ပြီးနောက် တက္ကသိုလ်စားသောက်ဆိုင်တွင် ညစာ စားကြပါမည်။ ဤတွင် တစ်နေ့တာ ခရီးစဉ်ပြီးဆုံးပါမည်။ ရန်ကုန်မှ စာရေးသူ၏ နိုင်ငံခြားသား မိတ်ဆွေ လာရောက်လည်ပတ်သည့်အခါ အဆိုပါ ခရီးစဉ်အတိုင်း ပို့ဆောင်ပေးခဲ့ပါသည်။ (ကျိုတို တက္ကသိုလ်သို့မူ သွားရောက်လည်ပတ်ခြင်းမရှိခဲ့ပါ)

သွားရောက်လေ့လာကြ

စာရေးသူ၏ ညီ လာရောက်လည်ပတ်သည့်အခါ အဆိုပါ ခရီးစဉ်အပြင် အဲကန်ဒိုဘုရားကျောင်းမှအပြန်တွင် စာရေးသူ၏ အလုပ်ရှိရာ သို့မသွားဘဲ အနီးရှိ နာမည်ကျော် သာယာလှပသည့် ဖီလော်ဆော်ဖီလျှောက်လမ်း (Philosophers Path)မှတစ်ဆင့် နာရီဝက်ခန့် လမ်းလျှောက်ပြီး ကျိုတိုမြို့၏ နာမည်ကျော် ယူနက်စကိုအသိအမှတ်ပြု ဂင်ခခုဂျိဘုရားကျောင်း (Ginkakuji Temple) (Silver Pavilion) သို့ သွားရောက်လေ့လာကြပါသည်။

စာရေးသူ၏ ညီဖြစ်သူနှင့် လည်ပတ်ချိန်တွင် ခရီးစဉ်အတွင်း လေ့လာရေး ဖီလော်ဆော်ဖီ လျှောက်လမ်းနှင့် ဂင်ခါဘုရားကျောင်း အစီအစဉ် နှစ်ခုတိုးလိုက်သည့်အတွက် ကျိုတိုနန်းတော်သို့ မရောက်ရှိဖြစ်တော့ဘဲ တက္ကသိုလ်ကင်န်တင်းများတွင် ဝင်ရောက်စားသောက်မည့်အစား လမ်းတစ်လျှောက် ဂျပန်စားသောက်ဆိုင်များတွင် နေ့လယ် စာ၊ ညနေစာ စားသောက်ဖြစ်ခဲ့သည်။

ဧည့်သည်များ မလာရောက်မီ လိုအပ်ပါက စာရေးသူ၏ အဆောင်အနီး တည်းခိုနေထိုင်နိုင်ရန် အနီးဝန်းကျင်ရှိ ဈေးနှုန်းသက်သာသော တည်းခိုခန်းများဆီသို့ သွားရောက်လေ့လာဖြစ်ခဲ့သည်။ အဆောင်အနီး ၁၀ မိနစ်ခန့် လမ်းလျှောက်ရပြီး ကျိုတိုတက္ကသိုလ်နှင့် နီးစပ်သည့် ဧရိယာတွင် တည်ရှိသောGuest House Waraku-An သို့ အခန်းခ သွားရောက်မေးမြန်းရာ အခွန်အခများ အပါအဝင် တည်းခိုခ ပျမ်းမျှ တစ်နေ့ ယန်း ၄၀၀၀ နီးပါး ကျသင့်ပါမည်။ သီးသန့်အခန်းရမည်မဟုတ် ဘဲ အခန်းတစ်ခန်းတွင် လိုက်ကာများခြားလျက် တစ်နေရာစာ အိပ်စက်ရမည်ဖြစ်သည်။ အိမ်သာ ရေချိုးခန်းမှာ စုပေါင်းဖြစ်ပြီး တည်းခိုခတွင် နံနက်စာ မပါဝင်ပါ။ အဆိုပါ တည်းခိုခန်းအား အတွင်းသို့ ဝင်ရောက် လေ့လာကြည့်ရာ အထူးပင် ဂျပန်ဆန်လှပြီး သန့်ရှင်းသပ်ရပ်လွန်းလှပါသည်။ ပုံမှန် ဂျပန်နိုင်ငံတွင် ဈေးနှုန်းသက်သာသော ကျောတစ်နေရာစာ တည်းခိုခန်းများမှာ ယန်း ၂၀၀၀ မှ ၃၀၀၀ ခန့် ပေးရပါသည်။ အခန်းခဈေးနှုန်းမှာ လာရောက်လည်ပတ်သည့် အချိန်ကာလအပေါ် တွင်လည်း မူတည်ပါသည်။ )

ဆေးတောင့်ပုံစံ အခန်းငယ်လေးများ

ထို့အပြင် စာရေးသူအဆောင်မှ ၁၅ မိနစ်ခန့် လျှောက်ရသော အခြားတစ်နေရာရှိ မြို့ထဲ ဧရိယာနှင့် နီးသော Cabin Inn သို့ ဝင်ရောက် လေ့လာရာ ကပ်ဆူးဟိုတယ် (Capsule Hotel) အမျိုးအစားဖြစ်သည်ကို တွေ့ရသည်။ ကပ်ဆူး ဟိုတယ်အမျိုးအစားဆိုသည်မှာ အခန်းတစ်ခု အတွင်း ဆေးတောင့်ပုံစံ အခန်းငယ်လေးများတွင် လူတစ်ကိုယ်စာ အိပ်စက်ရခြင်းဖြစ်သည်။ အတွင်း သို့ဝင်ရောက်လေ့လာကြည့်ရှုရာ အခန်းကျယ်ကြီး တစ်ခုတွင် နှစ်ထပ်အိပ်စင်များ ထည့်သွင်းထားပြီး အပေါ်၊ အောက် နှစ်တန်း၊ မျက်နှာချင်းဆိုင်တွင် အပေါ်၊ အောက် နှစ်တန်း စုစုပေါင်း လေးတန်း၊ တစ်တန်းလျှင် ဆေးတောင့်သဖွယ် အခန်းငယ် ( ၁၅ ခန်းခန့် စုစုပေါင်း ဆေးတောင့်အခန်းငယ် ၆၀ ခန့် စုပေါင်းထားသည့် စုပေါင်းအခန်းကြီး တစ်ခုအဖြစ် တွေ့ရသည်။

အခန်းအရေအတွက်မှာ မျက်မြင်ဖြစ်သော်လည်း ခန့်မှန်းဖြစ်ပါသည်။ ဆေးတောင့် အခန်းတစ်ခုချင်းစီအတွင်း ဂျပန်စတိုင် ဂွမ်းကပ်မွေ့ရာနှင့် အိပ်ရာဝင်ပစ္စည်း အပြည့်အစုံပါရှိပြီး ပစ္စည်းထည့်သိမ်းဆည်းရန် နေရာငယ်နှင့် နံရံတွင် တီဗွီအသေးတစ်လုံး တပ်ဆင်ပေးထားသည်ကို တွေ့ရသည်။ တစ်ဦးချင်းအခန်းတံခါးများ သီးသန့်မရှိဘဲ လိုက်ကာများဖြင့်သာ ကာရံထားပါသည်။ ခရီးဆောင်အိတ်များကြီးမားပါက စုပေါင်းအခန်းအပြင်တွင် အပ်နှံထားရမည်ဖြစ်သည်။

တည်းခိုစဉ်တွင် မျက်နှာသုတ်ပဝါ၊ ကိုယ်သုတ် ပဝါ၊ သွားတိုက်တံ၊ သွားတိုက်ဆေး အစရှိသည်တို့ အခမဲ့ပေးသည်ဟု သိရသည်။ နံနက်စာ မပါဝင်သော်လည်း လက်ဖက်ရည်၊ ကော်ဖီ အခမဲ့ သောက်သုံးနိုင်သည်ဟု ဆိုသည်။ အများသုံး အိမ်သာ၊ ရေချိုးခန်းများသို့ ဝင်ရောက်လေ့လာရာ ခေတ်မီအိမ်သာ၊ ရေချိုးခန်းများဖြစ်ပြီး အထူးပင် သန့်ရှင်းသပ်ရပ်လှပါသည်။ အခန်းခဈေးနှုန်းမှာ အမျိုးအစားအပေါ်မူတည်ပြီး ကွဲပြားကာ အနည်း ဆုံးအခန်းခမှာ အခွန်အခ အပါအဝင် ယန်း ၃၀၀၀ ခန့် ကျသင့်မည်ဟု ဆိုသည်။

ဆိုခဲ့သလို အချိန်ကာလနှင့် ဈေးနှုန်းချသည့် ကာလများအပေါ်တွင်လည်း မူတည်ပါလိမ့်မည်။ Cabin Inn တွင် ဝင်ရောက်ကြည့်ရှုလေ့လာရင်း စာရေးသူ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်သို့ သွားရောက်လည်ပတ်စဉ် တည်းခိုခဲ့သည့် တည်းခိုခန်း အခင်းအကျင်းကို သတိရမိသည်။ ထိုစဉ်က တည်းခဲ့ရသည့် အခန်းမှာ အပေါ်၊ အောက် နှစ်ထပ် အိပ်စင် သုံးစင်ရှိပြီး တစ်ခါတည်းလျှင် ခြောက်ဦး တစ်ပြိုင်တည်း တည်းနိုင်ပါသည်။ အိပ်စင်များမှာ အပွင့်ဖြစ်သဖြင့် ကိုယ်အိပ်သည့်နေရာမှ အခြား အိပ်စင်များကို မြင်နေရပြီး အမျိုးသား၊ အမျိုးသမီး လည်း ခွဲခြားမထားပေ။ ယခု Cabin Inn ကပ်ဆူး ဟိုတယ်အမျိုးအစားမှာ ပိုမိုလုံခြုံ၊ နွေးထွေးမှုရှိသည်ဟု ခံစားရသည်။ ညဘက်ယောင်တတ်ပါက အကြီးအကျယ် ပြဿနာတက်ပါလိမ့်မည်။

ဤဆောင်းပါးရေးသားရခြင်း၏ရည်ရွယ်ချက်မှာ စာဖတ်သူများအနေဖြင့် ကျိုတိုမြို့ တစ်နေ့တာ လမ်းလျှောက်ခရီးစဉ် တစ်ခုအား မြင်သိမှန်းဆနိုင်ရန် ဖြစ်ပါသည်။ ထို့အပြင် စာရေးသူအနေဖြင့် ဤကျိုတိုမြို့တွင် ဧည့်သုတေသီအဖြစ် ခြောက်လကြာ ရောက်ရှိနေသည်ဖြစ်ရာ များစွာလွတ်လပ် ပေါ့ပါးလှပါသည်။ ဆရာမဟုတ်သဖြင့် အတန်းဝင် စာပြရန်မလိုသလို ကျောင်းသား မဟုတ်သဖြင့် အတန်းသွား ကျောင်းတက်ရန်လည်း မလိုအပ်ပါ။ ကိုယ်ရေးသားရမည့် စာတမ်းအား အချိန်မီ ပြီးစီး ရန်သာဖြစ်သဖြင့် အချိန်ပြည့် စာရေးသားခြင်း၊ စာဖတ်ခြင်း၊ ဗဟုသုတလေ့လာခြင်းတို့ကို လုပ်ဆောင်ရန်သာ ဖြစ်ပါသည်။ ထို့အပြင် နေထိုင်သည့်နေရာနှင့် လုပ်ကိုင်သည့်နေရာများအနီးတစ်ဝိုက် လမ်းလျှောက် အကွာအဝေးအတွင်း လည်ပတ်လေ့လာစရာများစွာရှိသည့်အတွက် ရခဲလှသော အခွင့်အရေးတစ်ခုလည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ (စာရေးသူနှင့် သိသူ၊ မသိသူ မည်သူမဆို) စာရေးသူ ကျိုတိုမြို့တွင် ဧည့်သုတေသီအဖြစ် ရှိနေစဉ်ကာလအတွင်း ကျိုတို မြို့သို့ လာရောက်လည်ပတ်ငြားအံ့။ အထက်ပါ ခရီးစဉ်များအတိုင်း သွားလိုသည့် နေရာများသို့ နေ့တစ်ဝက် သို့မဟုတ် တစ်နေ့တာ ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးပါမည်။ ။

အောင်အောင် IR