ကိုယ့်မှာ နှလုံးရောဂါရှိနေတာ သိနိုင်မယ့် လက္ခဏာ (၉) ခု

၂၈  စက်တင်ဘာ

 

နှလုံးရောဂါရှိနေပြီလားလို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အချိန်တွေရှိတတ်ပါတယ်။ မောတယ်၊ ရင်ဘတ်အောင့်တယ်(တခါတလေ လေထိုးတာဖြစ်နေတတ်တယ်) ဆိုရင် ငါတော့နှလုံးရောဂါဖြစ်နေပါပြီဆိုပြီး စိတ်ပူနေတတ်တာက ပြဿနာမရှိပေမယ့် တကယ်တမ်း ဆေးကုသဖို့လိုအပ်နေတဲ့သူတွေက ရောဂါကိုစောစောမသိလို့ အချိန်မီမကုသနိုင်တာမျိုး၊ ရုတ်တရက် နှလုံးရပ်မှသိရတာမျိုးက အန္တရာယ်ကြီးပါတယ်။

 

နှလုံးရောဂါရှိနေနိုင်တာ ဘယ်လိုသိမလဲ

 

ဒီလက္ခဏာတွေဖြစ်လာတယ်ဆိုရင် နှလုံးကျန်းမာရေးကို စစ်ဆေးကြည့်ဖို့ အချက်ပြနေတာပါ။

 

(၁) အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်တာ (ညအိပ်ချိန် တအားဟောက်တာ)

 

ကိုယ့်ရဲ့ဟောက်သံကျယ်ကျယ်ထွက်နေတယ်ဆိုတာ အသက်ရှူခေတ္တရပ်တာကြောင့်ပါ။ အဲဒီအချိန်ဆိုရင် ဦးနှောက်ကို အောက်ဆီဂျင်အလုံအလောက်မရောက်တော့ပါဘူး။ ဒီလိုဖြစ်ရင် သွေးလည်ပတ်စေဖို့ နှလုံးနဲ့ သွေးကြောတွေကို ပိုအလုပ်လုပ်စေပါတော့တယ်။ ရလဒ်ကတော့ သွေးဖိအားကို မြင့်စေနိုင်တယ်၊ နှလုံးခုန်စည်းချက် မူမမှန်ဖြစ်စေတယ်၊ လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက်ပျက်စီးခြင်းတို့ ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက ဟောက်တတ်တဲ့အကျင့်ဆိုတာ ကုသလို့ရပါတယ်။

 

(၂) အနီရောင်သမ်းတဲ့ရည်ကြည်ဖုတွေထွက်တာ

 

သွေးတွင်းအဆီဓာတ် triglyceride ပမာဏအရမ်းများနေရင် လက်ဆစ်၊ခြေဆစ်နဲ့ တင်ပါးမှာ ရည်ကြည်ဖုလေးတွေဖြစ်လာတဲ့ လက္ခဏာရှိတတ်ပါတယ်။ သွေးထဲမှာ ဒီအဆီတွေများနေတဲ့အခါ သွေးကြောမာစေတာနဲ့ နှလုံးရောဂါ၊ လေဖြတ်ခြင်း အန္တရာယ်တွေပါ စိုးရိမ်ရပါတယ်။

 

(၃) လက်ရဲ့ ဆုပ်ကိုင်နိုင်စွမ်း အားနည်းတာ

 

လက်ရဲ့ဆုပ်ကိုင်နိုင်အားက နှလုံးကျန်းမာရေးကို တစ်စိတ်တစ်ပိုင်းဖော်ပြနိုင်တာ သင်သိပါသလား။ သုတေသနတွေအရ လက်ရဲ့ဆုပ်ကိုင်နိုင်စွမ်း၊ ဖျစ်ညှစ်နိုင်အားကောင်းတယ်ဆိုရင် နှလုံးရောဂါ အန္တရာယ်နည်းပါတယ်တဲ့။ အရာဝတ္တုတစ်ခုခုကို ဆုပ်ကိုင်နိုင်ဖို့မလွယ်ဘူး၊ လက်မမြဲဘူး၊ မဖျစ်ညှစ်နိုင်ဘူး ဆိုရင် ကိုယ့်မှာပြဿနာတစ်ခုခုရှိနေဖို့ ရာခိုင်နှုန်းများပါတယ်။

 

(၄) လက်သည်းအောက်မှာ အမည်းစက်လေးတွေပေါ်နေတာ

 

ထိမိခိုက်မိတာလည်း မဟုတ်ဘဲ လက်သည်းမှာ အမည်းစက်လေးတွေပေါ်လာတာက endocarditis လို့ခေါ်တဲ့ နှလုံးနံရံ သို့မဟုတ် အဆို့ရှင်ပိုးဝင်ခြင်းရောဂါဖြစ်နေတာကို ဖော်ပြတာဖြစ်နိုင်ပါတယ်။ ကိုယ့်မှာ ဆီးချိုသွေးချိုရှိနေရင်လည်း ဒီလက္ခဏာဖြစ်တတ်တယ်။ ဆီးချိုရှိနေရင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းအန္တရာယ်ဖြစ်နိုင်ခြေ နှစ်ဆပိုများပါတယ်။

 

(၅) ခေါင်းမူးတာ

 

ခေါင်းမူးတာ(ခေါင်းထဲပေါ့ခနဲဖြစ်သွားတာ)ဟာ ဦးနှောက်ဆီကို နှလုံးက သွေးအလုံအလောက် မပို့နိုင်တာကြောင့်ဖြစ်ပါတယ်။ ခေါင်းမူးတာက နှလုံးခုန်စည်းချက်မမှန်ခြင်း(arrhythmia)ရဲ့ လက္ခဏာ တစ်ခုဖြစ်ပါတယ်။ နှလုံးကြွက်သားအားနည်းခြင်းကြောင့်လည်း နှလုံးခုန်မမှန်ဖြစ်စေနိုင်ပါတယ်။

 

(၆) အသားအရောင် ပြောင်းလဲတာ

 

လက်ချောင်း၊ ခြေချောင်းတွေ ပြာနေတာ၊ ညိုလာတာတွေက နှလုံးသွေးကြောကျဉ်း သို့မဟုတ် ပိတ်ဆို့နေတဲ့အတွက် သွေးလည်ပတ်မှုမကောင်း၊ အောက်ဆီဂျင်မလုံလောက်တာကြောင့်ပါ။ ကိုလက်စထရောအဆီချေးတွေ စုလာတဲ့အခါ သွေးကြောငယ်တွေထဲမှာ ပိတ်ဆို့လာပြီး ဒီလက္ခဏာ ဖြစ်စေတာပါ။ လက်ဖဝါး၊ ခြေဖဝါးအရေပြားအောက်မှာ သွေးယိုသလို အကွက်အပြောက်တွေ ဖြစ်လာနိုင်ပါတယ်။

 

(၇) အသက်ရှူရအဆင်မပြေတာ

 

အသက်ရှူမဝတာက နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးခုန်စည်းချက်မူမမှန်ခြင်း၊ နှလုံးလုပ်ဆောင်ချက်ရုတ်တရက်ရပ်ဆိုင်းခြင်း တို့ရဲ့လက္ခဏာဖြစ်နေနိုင်ပါတယ်။ အရင်လုပ်ဆောင်ရ အဆင်ပြေနေကျ အလုပ်တွေကို အခုလုပ်တဲ့အခါ အသက်ကို မနည်းလုရှူနေရတာမျိုး ဒါမှမဟုတ် လှဲအိပ်လိုက်ရင် အသက်ရှူရခက်တာမျိုးဆို ဆရာဝန်ပြပါ။

 

(၈) ခြေထောက်အောက်ပိုင်းဖောရောင်တာ

 

အချိန်ကြာကြာ မတ်တပ်ရပ်နေတဲ့အခါ ဒါမှမဟုတ် ထိုင်နေတဲ့အခါမျိုးမှာ ခြေထောက် ရောင်လာတတ်သလို ကိုယ်ဝန်ဆောင်ကာလမှာလည်း ဖြစ်တတ်ပါတယ်။ ဒီလိုအရည်တွေစုတယ်ဆိုတာ နှလုံးလုပ်ဆောင်ချက်ပျက်ယွင်းတာနဲ့ ခြေထောက်မှာသွေးလည်ပတ်မှုမကောင်းရာက အရင်းခံတာပါ။ ခြေထောက်ဖောရောင်ခြင်းက ခြေထောက်အောက်ပိုင်းကနေ နှလုံးဆီကိုသွေးပြန်မပို့နိုင်အောင် ပိတ်ဆို့မှုရှိနေတာကောင့်ဖြစ်ပါတယ်။ ရုတ်တရက် ခြေထောက်ရောင်လာရင် နောက်ခံအကြောင်းရင်းကို သိနိုင်ဖို့ ဆရာဝန်ပြသင့်ပါတယ်။

 

(၉) မောဟိုက်ခြင်း

 

အိပ်ရေးပျက်ထားတာကြောင့် ချည်းပဲမထင်ပါနဲ့။ နှလုံးကြွက်သားအားနည်းရင်လည်း လူကိုပင်ပန်းစေပြီး ဒေါင်းသွားစေနိုင်ပါတယ်။ ဒီလက္ခဏာသက်သာသွားချိန်မှာ ချောင်းဆိုးတာ၊ ဖောရောင်တာလိုမျိုး တခြားလက္ခဏာတွေရှိသလား သတိထားကြည့်ပါ။

 

ကိုယ့်ကိုယ်ကိုချစ်တယ်ဆို ဘယ်လိုလက္ခဏာမျိုးနဲ့မှ မပေါ့ဆပါနဲ့။ ပုံမှန်ထက် ထူးခြားနေတာရှိရင် ဟိုဟာကြောင့်နေမှာပါ၊ ဒီဟာကြောင့်နေမှာပါ တွေးပြီး ကိုယ့်ဘာသာမဆုံးဖြတ်ပါနဲ့။ ကျန်းမာရေး စစ်ဆေးပြီး စောစောကုသလေ အန္တရာယ်ဖြစ်နိုင်ခြေနည်းလေပါပဲ။ ဖြစ်လေ့ဖြစ်ထရှိတာတွေကို လေ့လာ၊ ဖတ်ရှု၊ မှတ်သားရင်း ကျန်းမာရေးဗဟုသုတတွေ စုဆောင်းသင့်ပါတယ်။

 

 

ရေးသားသူ -Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”