ကိုယ်ဝန်ဆောင်ကျန်းမာရေးနဲ့ အိမ်မွေးကြောင်လေးများ

ရေးသားသူ Dr. Thiha Phyo Myint ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို သူတို့ရဲ့မိဘတွေကပဲဖြစ်ဖြစ်၊ တခြားလူကြီးတွေကပဲဖြစ်ဖြစ် ကြောင်လေးတွေ မမွေးထားဖို့၊ ပွတ်သီးပွတ်သပ်မလုပ်ဖို့ ပြောတတ်ကြပါတယ်။ ဒါက တကယ်ရော မှန်ပါရဲ့လား။ ကြောင်လေးတွေမှာ မိခင်ကိုယ်ဝန်ကို တစ်ခုခုထိခိုက်စေနိုင်တဲ့ ရောဂါမျိုး သယ်ဆောင် ထားလို့လား။ ဆက်ပြီးလေ့လာကြည့်ရအောင်နော်။

 

ကိုယ်ဝန်ဆောင်တွေရဲ့ ကျန်းမာရေးထိခိုက်မှာစိုးတဲ့အတွက် ကိုယ်ဝန်ရှိချိန်မှာ အနေအထိုင်၊ အသွားအလာဆင်ခြင်ဖို့ လူကြီးတွေကဆုံးမကြတာ ဓမ္မတာပါပဲ။ မှန်လည်းမှန်ပါတယ်။ မိခင် ကျန်းမာရေးကောင်းမှ ကျန်းမာသန်စွမ်းတဲ့ ကလေးလေးမွေးနိုင်မှာကိုး။ ဒါပေမဲ့  တချို့ကိစ္စလေးတွေက နည်းနည်းအစွန်းရောက်သွားတယ်ပြောရမှာပေါ့နော်။ အခု ကိုယ်ဝန်ဆောင်ချိန်မှာ ကြောင်လေးတွေ မမွေးခိုင်းတာလည်း အယူအဆလွဲလေးတစ်ခုပါပဲ။

 

တကယ်တော့ ကိုယ်ဝန်ရှိလို့ဆိုပြီးအိမ်မှာမွေးထားတဲ့ကြောင်လေးကို သူများပေးပစ်လိုက်ဖို့မလိုပါဘူး။ ကြောင်ကို ပွတ်သပ်ကိုင်တွယ်ရုံနဲ့လည်း ရောဂါမကူးပါဘူး။ အရင်လိုကိုင်တွယ်နိုင်တယ်၊ အစာကျွေး လို့ရတယ်၊ ဆော့ကစားလို့ရပါတယ်။ ဒါပေမဲ့ ကြောင်လေးတွေနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်တွေ သိသင့်တာက ကြောင်တွေမှာ toxoplasmosis လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးရှိနိုင်ပါတယ်။ ကြောင်တိုင်းတော့ မဟုတ်ဘူးပေါ့နော်၊ ဒီကပ်ပါးပိုးကူးစက်ခံထားရမှာပါ။ ကြောင်တွေက အသားစား သတ္တဝါဖြစ်လို့ မြေအောင်းအကောင်လေးတွေ၊ ငှက်လေးတွေ လျှောက်စားတတ်တယ်မဟုတ်လား။ စားလိုက်တဲ့အခါမှာ ဒီအကောင်တွေကိုယ်ထဲက Toxoplasmosis ကပ်ပါးကောင်က ကြောင်ရဲ့ခန္ဓာကိုယ် အထဲရောက်သွားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ တကယ်သတိထားရမှာက အဲ့ဒီ Toxoplasmosis ကပ်ပါးကောင်ပါ။

 

Toxoplasmosis ကပ်ပါးကောင်ကူးစက်ခံရတဲ့သူမှာ ပြတဲ့လက္ခဏာတွေက တုပ်ကွေးနဲ့ နည်းနည်းဆင်တူပါတယ်။ များသောအားဖြင့် ခေါင်းကိုက်မယ်၊ ကိုယ်လက်ကိုက်ခဲမယ်၊ ဖျားမယ်၊ ခန္ဓာကိုယ်က နုံးလာပါမယ်။ အစကတည်းက ခုခံအားသိပ်မကောင်းတဲ့သူဆိုရင်တော့ အသက်ရှုရ ခက်တာ၊ အမြင်ဝေဝါးတာ၊ ကြွက်သားကြွက်တက်တာအထိ ခံစားရနိုင်ပါတယ်။  တစ်ခုရှိတာက ကိုယ်ကအရင်က toxoplasmosis ကူးစက်ခံရဖူးရင် ခုခံအားစနစ်ကပြင်ဆင်ပြီးသားဖြစ်သွားတဲ့အတွက် နောက်တစ်ခါ ထပ်ကူးစက်ခံရရင် ပြဿနာမရှိတော့ပါဘူး။ ဒါပေမဲ့ အရင်ကမကူးစက်ခံရဘူးဘဲ ကိုယ်ဝန်ရှိချိန်မှ ကူးစက်ခံရရင်တော့ အန္တရာယ်ရှိပါတယ်။ မွေးလာတဲ့ကလေးမှာ အမြင်အာရုံနဲ့ ဆိုင်တဲ့ပြဿနာတွေပါလာနိုင်သလို ဦးနှောက်ဖွံ့ဖြိုးမှု မမှန်တာမျိုးလည်း ခံစားရနိုင်ပါတယ်။ မွေးကင်းစမှာ ဘာမှမဖြစ်ရင်တောင် နောက်ပိုင်းအသက်ကြီးလာတော့မှ ခံစားရတာလည်း ရှိတတ်ပါတယ်။

 

ကြောင်လေးရဲ့ကိုယ်ထဲက toxoplasmosis ကပ်ပါးကောင်က ကြောင်ရဲ့ အညစ်အကြေးထဲမှာ ပါဝင်နိုင်ပါတယ်။ ကြောင်လေးကို ချစ်လို့ဆိုပြီး အညစ်အကြေးတွေ သိမ်းဆည်းတာမျိုးလုပ်တဲ့အခါ အညစ်အကြေးတွေကို မတော်တဆ ထိမိပြီး ကပ်ပါးပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို မှာချင်တာက

 

  ကိုယ်ဝန်ရှိနေတုန်း ကြောင်ရဲ့အညစ်အကြေးဗန်းကိုလဲပေးတာမျိုး လုံးဝမလုပ်ပါနဲ့

 

 ကြောင်လေးတွေဆက်မွေးထားလို့ရပါတယ်၊ သူများပေးပစ်စရာမလိုပါဘူး

 

Toxoplasmosis ကပ်ပါးကောင်က အသားစိမ်း၊ငါးစိမ်းတွေမှာပါဝင်တတ်တာမို့ ကြောင်လေးတွေကို စည်သွပ်ဗူးပဲကျွေးပေးပါ၊ ဒီလိုဆို ကြောင်လေးတွေမှာလည်းရောဂါမကူးစက်ခံရတော့ဘူးပေါ့

 

ဖြစ်နိုင်ရင် ကြောင်လေးတွေကို အိမ်ထဲမှာပဲထားပါ

 

အရင်က ကြောင်တစ်ခါမှမမွေးဘူးဘဲ ကိုယ်ဝန်ဆောင်ချိန်မှ ကြောင်စမမွေးပါနဲ့၊ ရောဂါတစ်ခုခုရှိနေတဲ့ ကြောင်ဖြစ်နေတာ ဒါမှမဟုတ် ကြောင်နဲ့ ဓာတ်မတည့်တာမျိုး ဖြစ်မှာစိုးတဲ့အတွက်ဖြစ်ပါတယ်

 

နောက်ဆုံးတစ်ခုမှာချင်တာက Toxoplasmosis ကပ်ပါးကောင်က မြေကြီးထဲမှာလည်း ဥတွေဥချ ထားတတ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ သစ်ပင်ပန်းမန်တွေစိုက်ပျိုးတာမျိုးမလုပ်ပါနဲ့။ မတော်တဆ ကိုင်တွယ်မိသွားရင်တောင် လက်ကို ဆပ်ပြာနဲ့သေသေချာချာ တိုက်ချွတ် ဆေးကြောပေးပါလို့ မျှဝေအကြံပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်နော်။

 

ရေးသားသူ – Dr.Htoo Tint

 

 “ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်