ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် အောက်စီဂျင် ပြတ်လပ်မှုမရှိစေရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၂၄

 

ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အောက်စီဂျင်လိုအပ်ချက် မြင့်တက်မှုရှိလာသည်နှင့်အမျှ ပြည်နယ်အတွင်း အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦခက်ထိန်နန်က ကိုဗစ်-၁၉ ဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ နေ့စဉ် အောက်ဆီဂျင်လိုအပ်ချက်သည် မြင့်တက်လာပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အတွင်း အောက်စီဂျင် လုံလောက်မှုရှိစေရေးနှင့် ပြတ်လပ်မှု မဖြစ်ပေါ်စေရေး လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် မဖြစ်မနေ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ အဖွဲ့အစည်း အသီးသီးအနေဖြင့် လည်းလိုအပ်ချက်များကို ပံ့ပိုးကူညီပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

 

ယင်းနောက် ကော်မတီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်လင်းအောင်က ပြည်နယ်အတွင်း အောက်စီဂျင် စုဆောင်းထားရှိမှု၊ လှူဒါန်းလက်ခံရရှိမှုနှင့် ပြည်နယ်အတွင်းရှိ စက်ရုံ (၃) ရုံတွင် လည်ပတ်ထုတ်လုပ်ပေးနိုင်မှု အခြေအနေများ၊ စက်ရုံများ တိုးချဲ့ဆောက်လုပ်နိုင်နှင့် အောက်စီဂျင် လိုအပ်ချက် ပြည့်မီစွာ ဖြည့်ဆည်းနိုင်ရေး တရုတ်နိုင်ငံနှင့် ချိတ်ဆက်မှာယူ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် တက်ရောက်လာကြသည့်  မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်နယ်စက်မှု ကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြစ်ကြီးနားမြို့ရှိ စိန်ကမ္ဘာ အောက်စီဂျင်စက်ရုံပိုင်ရှင်၊ ပေးဆပ်သူ လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြည်နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများအတွင်း တက်ရောက်ကုသမှု ခံယူနေသည့် အခြေအနေ၊ လူနာများအား အောက်စီဂျင်ပေးနေမှုနှင့် လိုအပ်ချက်ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ လူမှုကူညီရေးအသင်းနှင့် စက်ရုံများရှိ အောက်စီဂျင် ထုတ်လုပ်ဖြန့်ဖြူးနိုင်မှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ဆွေးနွေးမှုများအပေါ် ပြည်နယ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လေးက မြို့နယ်များအလိုက် ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများ၊ အောက်စီဂျင်လိုအပ်ချက်အတွက် စက်ရုံများ ဆောက်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများနှင့် ပြည်နယ်ကော်မတီအတွင်းရေးမှူးက အောက်စီဂျင်စက် (၂) လုံး မကြာမီရရှိနိုင်တော့မည် ဖြစ်သည့်အတွက် လတ်တလော စက်ရုံ (၃) ရုံမှ ထွက်ရှိမှုကို ဖြန့်ဝေသုံးစွဲသွားနိုင်ရေးတို့နှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးတင်ပြကြသည်။  

 

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အောက်စီဂျင်ပြတ်လပ်မှု မဖြစ်ပေါ်စေရေး ဖြည့်ဆည်းနိုင်ရန်အတွက် အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်သွားရေး၊ စက်ရုံများ အမြန်ဆုံးတိုးချဲ့ဆောက်လုပ် သွားနိုင်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်သွားရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားသည့် မေလနောက်ဆုံးအပတ်မှ ဇူလိုင် ၂၃ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၇၃၂ ဦး၊ သေဆုံးသူ ၁၂၀ နှင့် ကုသမှုခံယူဆဲ ၂၂၈၀ ၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၃၂ ဦးရှိကြောင်း၊ မြစ်ကြီးနားမြို့နယ်သည် ၈၅၈ ဦးဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့ပြားမှု အများဆုံးမြို့နယ်ဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင် အောက်စီဂျင်စက်ရုံ မြစ်ကြီးနားတွင် ၁ ရုံ၊ ဖားကန့်တွင် ၂ ရုံဖြင့် စုစုပေါင်း ၃ ရုံရှိပြီး နေ့စဉ် ၄၀ လီတာဆံ့အောက်စီဂျင်အိုး အလုံးရေ ၂၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အောက်စီဂျင်စက်ရုံအသစ်များ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။  

 

ပြည်နယ်(ပြန်/ဆက်)