ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်

နေပြည်တော် ၂၉ ဇန်နဝါရီ

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၇ နာရီ  ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော် တို့တွင်တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနေသည်။

ယနေ့ညနေအထိခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်သည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်သည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်မှာ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်သည်။

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိခန့်မှန်းချက်မှာ အများအားဖြင့် သာယာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


MDN