ကြက်ဝက် သားငါးများကို ဘယ်လိုအန္တရာယ်ကင်းအောင် စားသောက်ကြမလဲ

၂၆  စက်တင်ဘာ

 

အန္တရာယ်ကင်းသောအစားအစာ ရရှိရေး နည်းလမ်း ၉ သွယ်

 

သင့်အနေနှင့် အစာအဆိပ်သင့်ခြင်းအကြောင်း ကြားဖူးပါလိမ့်မည်။

 

အဓိကဖြစ်ရခြင်းမှာ ဘက်တီးရီးယား၊ ဗိုင်းရစ်ပိုး၊ ကပ်ပါးပိုးပါသော အစားအစာများ စားသုံးမိသောကြောင့်ဖြစ်ပြီး ဝမ်းလျှောခြင်း၊ ဖျားခြင်း၊ အန်ခြင်းတို့မှတစ်ဆင့်  ရေဓာတ် ခန်းခြောက်ခြင်း၊ နောက်ဆက်တွဲ ဆိုးရွားသော ပြဿနာခံစားရခြင်း တို့ဖြစ်စေသည်။

 

အသား၊ ငါးအစိမ်းများမှာ ထိုပိုးမွားများ ကပ်ပါနိုင်ပါသည်။

 

ဥပမာ_ အသား၊ ငါး၊ ဝက်သားထို့ကြောင့် အစာအဆိပ်သင့်ခြင်း မဖြစ်စေရန် နည်းလမ်းများ ဖော်ပြလိုက်ပါသည်။

 

(၁) ဈေးဝယ်ထွက်ခြင်း

 

ပထမဦးဆုံးအေးခဲထားသော အသား၊ ငါး၊ နို့ထွက် ပစ္စည်းများမှာ အခန်းအပူချိန်တွင် ပိုးမွှားပေါက်ပွား နိုင်ပါသည်။ ထို့ကြောင့် ဈေးဝယ်ထွက်ပါက ထိုအသား၊ ငါးများကို လုံခြုံစွာ အပေါက်အပြဲမရှိ ထုတ်ပိုးထားမှသာ ဝယ်ယူသင့်ပါသည်။ အိမ်ရောက်ရောက်ခြင်း ရေခဲသေတ္တာသို့တက်နိုင်သမျှ မြန်မြန်ထည့်ပါ။

 

(၂) အခြား ပစ္စည်းများနှင့် မရောပါနှင့်။

 

အသား၊ ငါးမှ ထွက်သော အရည်များအား အခြားဈေးဝယ်ထားသော ကုန်ပစ္စည်း၊ အိုးခွက်များနှင့် ရောနှောထားပါက ပိုးကူးစက်နိုင်သည်။ ထို့ကြောင့် ပလပ်စတစ်နှင့်သီးခြားထုတ်ပိုး သယ်ဆောင်ပြီး ရေခဲသေတ္တာထဲတွင် သီးသန့်ဘူးများဖြင့် ထည့်ထားခြင်းဖြင့် ရောဂါကူးစက်ခြင်း ကာကွယ်ပြီး အခြားပစ္စည်းများ နှင့် အိမ်အပြန်လမ်းတွင်ဖြစ်စေ၊ ရေခဲသေတ္တာထဲတွင်ဖြစ်စေ မထိတွေ့နိုင်တော့ပါ။

 

(၃)မီးဖိုချောင်ကို သန့်ရှင်းအောင်ထားပါ။

 

သန့်ရှင်းခြင်းမရှိသော မီးဖိုချောင်မှတစ်ဆင့် ပိုးမွားများသည် လှီးဖြတ်သောအခံများ၊ ထည့်စရာပစ္စည်း၊ ခွက်များမှ ကူးစက်နိုင်ပါသည်။ အသား၊ ငါး အစိမ်းများကိုင်ပြီးတိုင်းလက်နှစ်ဖက်အား ရေနွေး၊ ဆပ်ပြာတို့ဖြင့် စင်ကြယ်အောင်ဆေးသင့်သည်။ မချက်ပြုတ်ခင် မကိုင်တွယ်ခင် အစားမစားခင် လက်စင်ကြယ်နေပါစေ။

 

သုံးပြီးသား အိုးခွက်တို့အား ပြန်မသုံးပါနှင့်။ သန့်ရှင်းသော အိုးခွက်များကို သုံးပါ။

 

အိုးတိုက် ရေမြှုပ်များကို သန့်ရှင်းအောင်ထားပါ။

 

လက်နှီးများကို သန့်ရှင်းနေပါစေ။

 

မီးဖိုချောင် မျက်နှာပြင်များကို ပိုးသတ်ဆေးနှင့်သေချာသန့်ရှင်းပါ။

 

(၄) လျင်မြန်စွာအအေးခံပါ။

 

အစားအစာများကို လျင်မြန်စွာ ရေခဲထားပါ။ အေးနေခြင်းဟာ ပိုးမွှားပွားခြင်း၊ ကြီးထွားခြင်းကို တားပေးသည်။ ပိုးမွှားများသည် အပူချိန်အန္တရာယ်ဇုန် ၄၀ ဒီဂရီ ဖာရင်ဟိုက် မှ ၁၄၀ ဒီဂရီ ဖာရင်ဟိုက် တွင် အများဆုံးပွားများကြသည်။ ဒါကြောင့် အစားအစာ စနစ်တကျ သိုလှောင်ရန် ရေခဲသေတ္တာအား ၄၀ ဒီဂရီဖာရင်ဟိုက်အောက်သာလျှင် သို့ သုည ဒီဂရီ ဖာရင်ဟိုက် အောက်သာ ထားသင့်ပါသည်။ ထိုအပူချိန်များကို အခါအားလျော်စွာ ပြဒါးတိုင်နှင့် စစ်ဆေးသင့်ပါသည်။

 

(၅) လတ်ဆတ်ခြင်းသည်ပိုကောင်း၏။

 

အစားအစာလက်ကျန်များကို အရင်စားသုံးဖြစ်အောင် အရှေ့တွင်ထားသင့်သည်။ အလွယ်ဆုံးနည်းမှာ အစားအစာတစ်ထုပ်ချင်းစီကို နေ့စွဲများတပ်ထား၍ သတ်မှတ်ချိန်အတွင်း စားသုံးဖြစ်ရန်သတိထားနိုင်ပါသည်။ ပြန်လည်သုံးနိုင်သော ပလပ်စတစ်အိတ်ကို သုံးစွဲခြင်းသည် လွယ်ကူသက်သာစေသော ရွေးချယ်နည်းဖြစ်သည်။ အကြောင်းမှာ အိတ်အပေါ်တွင် နေ့စွဲ၊ ပါဝင်ပစ္စည်းကို ရေးထားနိုင်၍ ဖြစ်သည်။

 

(၆) မည်သည့်အခြေအနေမျိုးမဆို အစားအစာများ သန့်ရှင်းစိတ်ချခြင်းရှိမရှိကို မြည်းစမ်းခြင်းမပြုသင့်ပါ။

 

အစားအဆိပ်သင့်ခြင်းအများစုမှာ အနံ့ခံခြင်း၊ မြင်ရခြင်း၊ မြည်းစမ်းခြင်း ပြုလုပ်၍ မသိနိုင်ပါ။ အန္တရာယ်ကင်းစေရန်မှာ သံသယရှိသောအစားအစာများကို ထုတ်ပိုးပြီးလွင့်ပစ်ခြင်းဖြစ်ပြီးတိရစ္ဆာန်များ၊ မိသားစုဝင်များ မစားနိုင်တော့အောင် ပြုလုပ်ပါ။

(၇) ချက်ပြုတ်ခြင်း

 

ကောင်းမွန်စွာချက်ပြုတ်ခြင်းဟာအလွန်အရေးကြီးလှပါသည်။ အကြောင်းမှာ ကောင်းစွာ အပူပေးခြင်းသည် အန္တရာယ်ရှိသော ပိုးမွှားများဖြစ်သည့် Ecoli ၊ salmonella တို့ကို သေစေနိုင်မှာ ဖြစ်ပါတယ်။ အသားအစိမ်းများ_ အမဲသား၊ သိုးသား၊ ဝက်သားအစိမ်းများအား အပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက် ရောက်သည်အထိ အပူပေးပြီး အစားအစာအပူချိန်တိုင်း သာမိုမီတာနှင့်တိုင်းပါ။

 

အသားများအညိုရောင်ပြောင်းသည်ထိ ချက်ပြုတ်ရပါမည်။ လှီးပြီးသောအသားများ- ထိုအသားများကို အပူချိန် ၁၆၅ ဒီဂရီဖာရင်ဟိုက် ရောက်သည်ထိ အပူပေးချက်ပြုတ်ပြီး အစားအစာအပူချိန်တိုင်း သာမိုမီတာနှင့်တိုင်းပါ။ အရည်များအားလုံးကြည်သည်ထိချက်ပါငါးများ_ ငါးများအားလည်း အတွင်းအပူချိန် ၁၆၀ ဒီဂရီဖာရင်ဟိုက် ထိရောက်အောင် ချက်ပြုတ်ရပါမည်။ အစားအစာအပူချိန်တိုင်း သာမိုမီတာနှင့်တိုင်းပါ။

 

(၈) အောက်ဆီဂျင် မရှိအောင်ထားပါ။

 

အသား၊ ငါးများအား ပျက်စီးစေသော ဗီတာမင်တန်ဖိုးနည်းစေသော အကြောင်းရင်းမှာ အောက်ဆီဂျင်ကြောင့် ဖြစ်ပါသည်။ အောက်ဆီဂျင် ရှိပါက ပျက်စီးစေပါသည်။ ထို့ကြောင့် ပလတ်စတစ်အိတ်၊ဘူး၊ ခွက်များတွင် ထည့်သိမ်းမည်ဆိုပါက လေကိုဦးစွာ ထုတ်သင့်ပြီး အဖုံးကိုသေချာ တင်းကျပ်စွာ အုပ်သင့်သည်။ အစားအစာများကို အဖုံးပါသောခွက်တွင် သိမ်းသင့်သည်။   အသား၊ ပင်လယ်စာများကို ပလစ်စတစ်နှင့် တင်းကျပ်စွာပတ်၍ အနံ့အသက်၊ အရသာများပြောင်းခြင်းနည်းရန် ပြုလုပ်နိုင်သည်။ နောက်တွင် ပန်းကန်ပြားပလစ်စတစ်အိတ်တွင်ထည့်၍ ရေခဲသေတ္တာတွင်းအရည်ကျခြင်း၊ အခြားအစားအစာများနဲ့ ထိခြင်း၊ ပေကျံခြင်းတို့ မဖြစ်အောင် ထားနိုင်သည်။

 

(၉) ဟင်းကျန်များ

 

အခန်းအပူချိန်တွင် ကျန်ရှိနေသော အစားအစာများ ၂ နာရီကျော်ပါက စွန့်ပစ်ပါ။  ဇောက်မနက်သော ဘူးတွင်ထည့်၍ ရေခဲသေတ္တာထဲ စားသုံးပြီးသည်နှင့် ချက်ချင်းထည့်ပါ။ ချက်ချင်း အအေးခံပါ။ နူးနေအောင် ချက်ထားသော အစားအစာဖြစ်ပါက ၃၊ ၄ရက်ခန့်ထားနိုင်သည် ။ ပြန်နွေးမည်ဆိုပါက ၁၆၀ ဒီဂရီဖာရင်ဟိုက် ရအောင်အပူပြန်ပေးသင့်ပါသည်။ အစာအဆိပ်သင့်ခြင်းသည် လူတိုင်းတွင်ဖြစ်နိုင်သည်။ သင်သည် အစားအသောက် အန္တရာယ်ကင်းစွာကိုင်တွယ်စားသုံးနည်းကိုသိ၍ လိုက်နာကျင့်သုံးသင့်ပါသည်။ သို့မှသာ မကောင်းသော အစာကိုစားမိ၍ နေမကောင်းဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။

 

ရးသားသူ - Dr. Kaung Thar

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. K Zin Thwe

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”