ကလေးကြီးထွားဖွံ့ဖြိုးမှု မနှေးစေဖို့

ကိုယ့်ရင်သွေးကိုကောင်းကောင်းမွန်မွန်ကြီးပြင်းစေချင်တယ်ဟုတ်။ မမွေးခင် မျက်နှာမမြင်ခင် ကတည်းက ကျန်းမာဖို့နေတိုင်းဆုတောင်းခဲ့မှာပါ။ ဒီလောက်ထိအာရုံစိုက်ထားတဲ့ ကိုယ့်ရဲ့ကိုယ်ပွား လေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးမကြီးထွား ဘူးဆိုရင်မေမေတွေ ဘယ်လောက်တောင် စိတ်ညစ်လိုက်မလဲနော်။ ဒီပြဿနာတွေက ကင်းဝေးစေဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေ အတိုင်းလိုက်လုပ်ကြည့်နော်။

 

ကလေးတစ်ယောက်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်

 

ကလေးတစ်ယောက်ဟာ အသက်အရွယ်အလိုက် ပုံမှန်ကြီးထွားဖို့လိုအပ်ပါတယ်။ တကယ်လို့ကလေးက ရွယ်တူကလေးတွေလောက် ကြီးထွားဖွံ့ဖြိုးတာမျိုးမရှိဘူးဆိုရင် အာဟာရ လိုအပ်နေတာကြောင့် ဖြစ်နိုင်ပါတယ်။ တတ်သိနားလည်တဲ့သူတွေနဲ့ သွားရောက်ပြသဖို့လိုအပ်မှာပါ။

 

မွေးစကနေ ၁ နှစ်အတွင်း

 

ကလေးတွေကမွေးစကနေ ၁ နှစ်အရွယ်မှာ သာမန်အားဖြင့်က အရပ်အမြင့်က ၂၅ စင်တီမီတာ ရှိရမှာဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကတော့ကလေးတစ်ယောက်က အသက် ၆ လကနေ ၁ နှစ်အတွင်းမှာ တစ်ပတ်ကို ၂အောင်စကနေ ၄အောင်စအထိတိုးလာရပါမယ်။ မိခင်နို့နိုင်လို့ မိခင်နို့တစ်မျိုးတည်း သောက်ခွင့်ရတဲ့ ကလေးတွေကမွေးပြီးစအချိန်မှာ နို့မှုန့်သောက်ရတဲ့ ကလေးတွေထက်ပိုပြီး ကိုယ်အလေးချိန်တိုးတာမြန်ပါတယ်။ ဒါပေမယ့် အသက် ၆ လနောက်ပိုင်းမှာတော့ နို့မှုန့်သောက်တဲ့ ကလေးတွေက အထွားပိုမြန်လာကြပါတယ်။ ကလေးဟာ ထွားတာမြန်မြန်၊နှေးနှေး ကျန်းမာတဲ့ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် အသက်တစ်နှစ်ပြည့်ချိန်မှာ ကိုယ်အလေးချိန်က မွေးစအလေးချိန်ရဲ့ ၃ ဆဖြစ်ဖို့လိုပါမယ်။ တကယ်လို့ ကလေးက ကိုယ်အလေးချိန် ရှိသင့်တာလောက် ဖြစ်မလာရင်တော့ ကလေးဆရာဝန်နဲ့ပြသကြည့်ဖို့လိုပါမယ်။

 

အသက် ၁ နှစ်ကနေ ၃ နှစ်အတွင်း

 

ဒီအရွယ်မှာ ကလေးက မိခင်နို့အပြင် အစားအစာတွေကို စစားနေပါပြီ။ လမ်းလျှောက်တတ်စ အရာရာကို စူးစမ်းစအရွယ်ပေါ့။တော်တော်လေးလည်း ဂရုစိုက်ရတဲ့အရွယ်ပါ။ ဒီအချိန်မှာ ကလေးရဲ့ လက်မောင်းတုတ်တုတ်လေးတွေ၊ ခြေထောက်တုတ်တုတ်လေးတွေက စပြီးပြေပြစ်လာပြီ၊ ဗိုက်လေးတွေက ချပ်ရပ်လာပြီ။ အရပ်ကလည်း ၂၉ လက်မ ကနေ ၃၇ လက်မလောက်ရှိလာပြီဖြစ်ပြီး ကိုယ်အလေးချိန်ကလည်းပေါင်  ၃၀ လောက်ကိုရှိလာရပါမယ်။

 

အသက် ၄ နှစ်ကနေ ၉ နှစ်အတွင်း

 

ကိုယ်အလေးချိန်ရော အရပ်ပါတဖြည်းဖြည်းချင်းတိုးလာရမယ့်အချိန်ပါ။ ဒီအရွယ်မှာ အရပ်က မတိုးဘူး ဆိုရင်တောင် ၂ လက်မ ကနေ ၃လက်မတော့တိုးရမှာပါ။ အသက် ၄ နှစ်ကနေ ၉ နှစ်အရွယ် ကလေးတစ်ယောက်က အရပ် ၃ပေ ၅ လက်မလောက်ကနေ ၄ပေ ၄ လက်မလောက်ရှိရမှာပါ။ ကိုယ်အလေးချိန်ကလည်း တဖြည်းဖြည်းတိုးလာရမယ့်အရွယ်ပေါ့။

 

ဘယ်လိုအချိန်မှာ ကိုယ်အလေးချိန်တိုင်းတာမလဲ

 

ကလေးကို နေ့တိုင်း ကိုယ်အလေးချိန်တိုင်းနေဖို့တော့မလိုပါဘူး။ ဒါပေမယ့် ပုံမှန်ကိုယ်အလေးချိန်ကို တိုင်းဖို့လိုအပ်တဲ့ အချိန်ကာလ အပိုင်းအခြားလေးတွေ ရှိနေပါတယ်။

 

•           မွေးပြီး တစ်ပတ် ကနေ ၂ ပတ်အတွင်မှာ တစ်ကြိမ်

•           ပထမ ၁ တစ်လမှာတစ်ကြိမ်

•           ဒုတိယတစ်လမှာတစ်ကြိမ်

•           ၄ လမြောက်မှာ တစ်ကြိမ်

•           ၆ လမြောက်မှာတစ်ကြိမ်

•           ၉ လမြောက်မှာတစ်ကြိမ်

•           တစ်နှစ်အရွယ်မှာ တစ်ကြိမ်

•           တစ်နှစ်ခွဲမှာ တစ်ကြိမ်

•           နှစ်နှစ်အရွယ်မှာ တစ်ကြိမ် ပုံမှန်ကိုယ်အလေးချိန်တိုင်းပေးဖို့လိုအပ်ပါမယ်

•           အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းမှာတော့ တစ်နှစ်ကို တစ်ကြိမ်လောက်ပဲ ကိုယ်အလေးချိန်တိုင်းပေးရင်ကိုလုံလောက်ပါပြီ။ ကလေးက ပုံမှန်ဖွံ့ဖြိုးမှုမရှိဘူးဆိုရင်တော့ မိဘတွေအနေနဲ့သေချာဂရုစိုက်ပေးရမှာပါ။

 

ကလေးကိုကြီးထွားဖွံ့ဖြိုးမှုမနှေးစေချင်ရင် ဒီအချက်လေးတွေဂရုစိုက်ပေးပါ

 

ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အချက်တွေအများကြီးပါ။ ကလေးကို အခြားကလေးတွေ နည်းတူ ကျန်းမာဖွံ့ဖြိုးစေချင်တယ်ဆိုရင်တော့မေမေဖေဖေတို့အနေနဲ့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ပြောပါရစေ။

 

 

အစာအာဟာရမျှတအောင်ကျွေးမွေးပေးပါ – ကလေးကိုနေ့စဉ်ပြင်ဆင်ပေးတဲ့အစားအစာတွေထဲမှာ အသီးအရွက်၊ အသား၊ငါးနဲ့ အခြားအာဟာရဖြစ်စေတဲ့ အရာတွေ သင့်တင့်မျှတစွာပါဝင်အောင် ထည့်သွင်းပြင်ဆင်ပေးပါ။

 

ပြည့်ဝတဲ့ အိပ်စက်ချိန်ထားပေးပါ – ကလေးကို တီဗွီတွေ၊ဖုန်းတွေ တစ်ချိန်ကုန်ပေးသုံးတာမျိုး မလုပ်ပါနဲ့။ ညဘက်မှာ အိပ်ချိန် ၈ နာရီပြည့်ပြည့်ဝဝလေးအိပ်စက်တတ်တဲ့ အလေ့အထမွေးမြူပေးပါ။

 

ကိုယ်လက်လှုပ်ရှားမှုရှိပါစေ – ကလေးကိုပြေးပြေးလွှားလွှားဆော့ခွင့်ပေးပါ။ ကလေးကို ကိုယ်လက်လှုပ်ရှားမှု ရှိစေတာ ကိုယ်ခန္ဓါကို ကြီးထွားစေတဲ့အပြင် ကျန်းမာရေးကောင်းစေနိုင်ပါတယ်။

 

စိတ်ဖိစီးမှုကင်းအောင်ထားပေးပါ -ကလေးတွေမှာလည်း သူတို့အတိုင်းအတာနဲ့သူတို့ စိတ်ဖိစီးမှု ရှိနေတတ်ပါတယ်။ ဒါကြောင့် ကလေးကို အချိန်ပေးပြီး စကားပြောပေးပါ။ သူ့ခံစားချက်လေးတွေကို နားထောင်ပေးပါ။ ကိုယ်ကစိတ်ဖိစီးမှုထပ်မပေးမိအောင်လည်း သတိထားပါ။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Aye Thi Mon

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”