ကလေးများတွင်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရန် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးစတင်တိုက်ကျွေး

မိုးညှင်း ၅ ဖေဖော်ဝါရီ

 

အသက်(၅)နှစ်အောက်ကလေးများတွင် ရိုတာဗိုင်းရပ်(စ်)ကြောင့်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ကာကွယ်နိုင်ရန်ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးစတင်တိုက်ကျွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် မိုးညှင်းမြို့ မိခင်နှင့်ကလေးအသင်းမူကြိုကျောင်း၌ ကျင်းပရာ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော် နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

 

အခမ်းအနားတွင် ခရိုင်ဆေးရုံအုပ်ကြီးက ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး တိုက်ကျွေးရခြင်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားရာတွင် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို တစ်နိုင်ငံလုံး အတိုင်းအတာအရ ယခုလမှစ၍ တိုက်ကျွေးနေပြီဖြစ်ကြောင်း၊ ယခုတိုက်ကျွေးသည့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးသည် အသက်(၅)နှစ်အောက်ကလေးများတွင် ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်တားဆီးနိုင်ကြောင်း၊ မြန်မာနိုင်ငံအတွင်း နှစ်စဉ်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် (၅)နှစ်အောက်ကလေး(၁၀ဝ)တွင် ၂၇ယောက် သေဆုံးလျက်ရှိပါကြောင်း၊ ယခုဆေးတိုက်ကျွေးပြီးပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ထက်ဝက်ကျော်ကို လျော့ချနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ကလေးများအား ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး တိုက်ကျွေးနေမှုများအား အခမ်းအနား တက်ရောက်လာသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။

 

ယခုတိုက်ကျွေးမည့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးကို ကလေးအသက် (၂)လသားမှစ၍ ပထမအကြိမ် တိုက်ကျွေးသွားမည်ဖြစ်ပြီး ကလေးအသက်(၄)လသားအရွယ်တွင် ဒုတိယအကြိမ်တိုက်ကျွေးပြီးပါက နောက်ထပ်တိုက်ကျွေးစရာမလိုကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)