ကလေးသူငယ်များကို စောင့်ရှောက်ရန်အတွက် ပညာပေးအဖြစ် အဓိကထားရိုက်ကူး "သမီးကလေးရဲ့ရွာ" ရုပ်ရှင်ဇာတ်ကား

၂၄  ဒီဇင်ဘာ 

 

ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးမှထုတ်လုပ်၍ ဝတ္ထု ဈာန်သစ်သွေး၏ (ဖြစ်ရပ်မှန်) ဇာတ်လမ်းကို ဇာတ်ညွှန်း နေစိုးသော်ရေးသားပြီး ဒါရိုက်တာ စတီးလ်ရိုက်ကူးထားသည့် "သမီးကလေးရဲ့ရွာ"ရုပ်ရှင်ကားကြီး အထူးပွဲကို သမ္မတအဆင့်မြင့် ရုပ်ရှင်ရုံကြီးတွင် ဒီဇင်ဘာ ၂၃ ရက် နံနက်(၇)နာရီကပြသခဲ့သည်။

 

"ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးသူငယ်များကို ကျွန်တော်တို့အားလုံး ဝိုင်းဝန်းစောင့်ရှောက် ကြပါစို့ဆိုတဲ့ စာတန်းလေးကို ထိုးထားပါတယ်။ ဥပမာ - ကိုယ့်အိမ်ရဲ့ နှစ်အိမ်ကျော်က ကလေးကို ကိုယ်သိသည်ဖြစ်စေ၊ မသိဘူးဖြစ်စေ၊ အဲကလေးကို မသိသူတစ်ယောက်က စကားပြောနေမယ်။ အရက်မူးသူတစ်ယောက် စကားပြောနေရင် ကျွန်တော်တို့ ဝင်ရောက်ဟန့်တားရမယ်။ ဒီထက်အန္တရာယ်ပြု မယ်ဆိုရင်တော့ ဘေးကလူတွေကို ဝိုင်းအကူအညီတောင်းရမယ်။ ဒါကိုပြောတာပါ။ မဆီမဆိုင်တဲ့ကိစ္စတွေမှာ ဝင်ပါပြီးတော့ တကယ်ဝင်ပါသင့်တဲ့ နေရာမှာတော့ မပါဘဲနေတာမကောင်းဘူး"ဟု  ဒါရိုက်တာစတီးလ် (ဒွေးမေ တ္တာ) ကပြောဆိုသည်။

 

အဆိုပါဇာတ်ကားကြီးကို  ဇာတ်လမ်း ဈာန်သစ်သွေး၏ (ဖြစ်ရပ်မှန်)၊ ဇာတ်ညွှန်းနေစိုးသော်၊ စကားလုံး လွမ်းဝေအောင်  ရေးသားပြီး ဒါရိုက်တာစတီးလ်က  သရုပ်ဆောင်များအနေဖြင့် အကယ်ဒမီခန့်စည်သူ၊ ထွန်းကိုကို၊ ရွှေမှုံရတီ၊ သွန်းဆက်၊ ဘေဘီမောင်၊ ဆုရှိုင်း စသည့် အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင် ထားသည်။

 

" ဒီလိုကားမျိုးမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူပါတယ်။ အခုဖြစ်နေတဲ့သက်ငယ်မုဒိန်း နဲ့ပတ်သက်ပြီး ပညာပေးလေးရသွားတယ်။ လူကြီးတွေကလည်း ကိုယ့်ရဲ့သားသမီးကို ကိုယ့်ရဲ့မျက်စိအောက် မှာသာ ထားပြီး ကိုယ်တိုင်စောင့်ရှောက်သင့်ပါတယ်လို့ ထင်ပါတယ်။ ခုလိုသက်ငယ်မုဒိမ်းမှုတွေကို ကြားလာရတော့ မေမေတို့ခေတ်တုန်းက စက်ဘီးတွေစီးပြီးတော့ သူငယ်ချင်းတွေနဲ့လျှောက် သွားကြတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် အခုခေတ်မှာကျတော့ ဒီလိုဖြစ်တေယ်ဆိုတော့ ကိုယ့်ကိုကိုယ် သိပ်ပြီးတော့ မလုံခြုံတော့ဘူး။ ဒီလိုကလေးသူငယ်လေးတွေဆိုတာ လူကြီးတွေ ကိုပြန်မလုပ်နိုင်ဘူး၊ အင်အားချင်းလည်း မမျှဘူး။ ဒီလိုမျိုးမလုပ်သင့်ပါဘူးလို့ ပြောချင်ပါတယ်။ မှတ်မှတ်ရရဆိုရင်တော့ ဦးခန့်နဲ့ မကြီးရွှေမှုံရတီကြားမှာ ရှူးပေါက်ချရတဲ့အခန်းပေါ့။ အခန်းကလည်းရိုက်နေတယ်၊ ရှူးကလည်းပေါက်ချင်နေပြီ။ လိမ်နေတာ အဲ့ဒီအခန်းလည်း ရိုက်ပြီးရော ရှူးတွေတကယ် ပေါက်ချပြီး ပတ်ပြေးနေတာ၊ ဦးဆာမိက ဗီဒီယိုလိုက်ရိုက်ပြီး တော့ ရယ်တာတအားပဲ"ဟု ချစ်စနိုး(ကလေးသရုပ်ဆောင်)ပြောသည်။

 

"သမီးကလေးရဲ့ရွာ"ဇာတ်ကားကြီးကို ဇန်နဝါရီ ၄ ရက်တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုလင်း