ကမ္ဘာ့ ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ပျံ ပျံသန်းမှု စတင်

အော်စလို ၁၉ ဇွန် 

 

လျှပ်စစ်ကားများထုတ်လုပ်မှုဖြင့် နာမည်ကျော်ကြားသည့် နော်ဝေနိုင်ငံသည် ပထမဆုံး လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ပျံအား တနင်္လာနေ့က ပျံသန်းမှု ပြုလုပ်ခဲ့သည်။ Alpha Electro G2  ဟု အမည်ပေးထားသည့် အဆိုပါ လေယာဉ်သည် ထိုင်ခုံနှစ်လုံး တပ်ဆင်ထားပြီး အော်စလိုလေဆိပ်မှာ စတင်ပျံသန်းခဲ့ခြင်းဖြစ်သည်။ နော်ဝေနိုင်ငံလေဆိပ် အော်ပရေတာ အဗီနော်မှ စီအီးအို ဒတ်ဂျ်ဖော့ခ် က မောင်းနှင်ပြီး နော်ဝေနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ကတ်တယ်လ် စောလ်ဗစ် အိုလ်ဆန် က ခရီးသည်အဖြစ် လိုက်ပါစီးနင်းခဲ့သည်။

 

 

နော်ဝေအစိုးရက လျှပ်စစ်လေယာဉ်များ စီးပွားဖြစ်ထုတ်လုပ်ရေး အစီအစဉ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နော်ဝေလေဆိပ် အော်ပရေတာ အဗီနော် အား တာဝန်ပေးထားကြောင်း စောလ်ဗစ် အိုလ်ဆန်၏ ပြောကြားချက်အရ သိရသည်။

 

 

“ ဒါဟာ လေကြောင်းလောက ဖွံ့ဖြိုးတိုးတက်မှု ဆင့်ကဲဖြစ်စဉ်မှာ သက်သေအဖြစ်နဲ့ အတွေ့အကြုံကောင်းတစ်ခုပါပဲ”  ဟု ၎င်းကပြောသည်။ 

 

 

နော်ဝေလေဆိပ် အော်ပရေတာ အဗီနော်သည် နော်ဝေနိုင်ငံအား ကမ္ဘာ့ပထမဆုံး လျှပ်စစ်စွမ်းအင်သုံးလေယာဉ် ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရန် အစိုးရထောက်ပံ့မှု ရယူကာ Wideroe၊ SAS အစရှိသည့် လေကြောင်းလိုင်းများနှင့် ပူးပေါင်းကာ အကောင်အထည် ဖော်နေခြင်းဖြစ်သည်။

 

 

လျှပ်စစ်စွမ်းအင်သုံး လေယာဉ်တွေဟာ ဈေးကွက်မှာ အသုံးပြုနိုင်ပြီဖြစ်ကြောင်းနဲ့ နော်ဝေနိုင်ငံဟာ လျှပ်စစ်ကားလောကမှာ ရှေ့ဆောင်ဖြစ်သလို လျှပ်စစ်လေကြောင်းလောကမှာလည်း ရှေ့ဆောင်ဖြစ်စေချင်ပါတယ်ဟု နော်ဝေနိုင်ငံ လေဆိပ် အော်ပရေတာ အဗီနော်မှ စီအီးအို ဒတ်ဂျ်ဖော့ခ် ကပြောသည်။

 

MDN
ကိုကား- Xinhua