ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအတွက် ဂုဏ်ယူဝမ်းသာမှု စကားသံများ

၁၃ ဇူလိုင်

 


အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့၌ ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးက ဇူလိုင်၆ ရက်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း ကြေညာခဲ့သည်။

 

ပျူမြို့ဟောင်းများဖြစ်သည့်  ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်းများကို ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်က  ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည့်အပြင် ယခု ပုဂံဒေသ  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရခြင်းသည်။ မြန်မာနိုင်ငံအတွက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခြင်းဖြစ်သည်။

 

ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသသည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်မှသည် ကမ္ဘာ့အမွေအနှစ်ဖြစ်လာ သည်နှင့်အမျှ မြန်မာနိုင်ငံအတွင်းရှိ ယဉ်ကျေးမှုအမွေအနှစ်များကို    ထာဝစဉ်တည်တံ့ခိုင်မြဲစေရေးအတွက် တစ်မျိုးသားလုံးက ဂုဏ်ယူဝင့်ကြွားစွာ ထိန်းသိမ်းကြရမည်ဖြစ်ရာ အဆိုပါကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့၏  ဝမ်းသာပီတိစကားများနှင့်အတူ ပုဂံဒေသကိုဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည့်  အခြေအနေတို့အား ကောက်နုတ်ဖော်ပြလိုက်ပါသည်-

 


ဒုတိယဝန်ကြီး ဦးကြည်မင်း(သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)


ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတဲ့အတွက်ကြောင့် ပုဂံဒေသကြီးဟာ  ကမ္ဘာမှာ ဂုဏ်ယူရမယ့်အနေ အထားတစ်ခုဖြစ်သွားတယ်။ ကမ္ဘာကလည်း စိတ်ဝင်စားမှုတွေပိုရှိလာတယ်။ ပြီးခဲ့တဲ့နှစ်ကို ပြန်ကြည့်လိုက်ရင် ကမ္ဘာ့အမွေအနှစ်ကိုတင်ထားတဲ့အချိန်မှာပဲ ပုဂံဒေသကို ဝင်ရောက်လာတဲ့  နိုင်ငံခြားသားဧည့်သည်တွေဟာ      ယခင်နှစ်တွေထက် နှစ်ဆနီးပါးလောက် တိုးတက်ပြီးဝင်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့် ပုဂံဒေသဟာ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည်ပါတယ်။ ပုဂံဒေသကြီးဖွံ့ဖြိုးတိုးတက်ဖို့ ဒေသခံပြည်သူတွေကလည်း ဝိုင်းဝန်းပြီး ကြိုးပမ်းဆောင်ရွက်ကြလိမ့်မယ်ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ လက်ရှိမှာလည်း ဒေသခံပြည်သူတွေရဲ့  ပူးပေါင်းပါဝင်မှုအနေအထားဟာ  ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာ ရှိပါတယ်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတာကြောင့်  ရှေ့ဆက်ဆောင်ရွက်ရမယ့်  အခြေအနေတွေက တော်တော်များပါတယ်။ အဲဒီအတွက်လည်း ရေရှည်စီမံကိန်းတွေရှိပါတယ်။ ဘက်စုံလွှမ်းခြုံတဲ့ စီမံကိန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။


လက်ရှိ  ပုဂံဒေသမှာရှိနေတဲ့ ပြည်သူတွေရဲ့  လူနေအဆောက်အဦတွေ၊ စီးပွားရေးလုပ်ငန်းတွေဟာ ဒီဒေသကို ယဉ်ကျေးမှုအမွေအနှစ်စာရင်း မသွင်းခင်ကတည်းက ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့် ဒါတွေ ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ရတဲ့   အနေအထားလည်းရှိပါတယ်။ ဆက်လက် တိုးတက်လာမယ့် လူဦးရေနဲ့အတူတူ တိုးပွား လာမယ့်အဆောက်အဦတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ စီးပွားရေးဇုန်တွေကိုလည်း နေရာပေးဖို့ New Town Plan ကို ရေးဆွဲဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ဖေဖော်ဝါရီ ၂၈ ရက်မှာထုတ်ပြန်ခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဆိုတဲ့ ဥပဒေရှိပါတယ်။ အဲဒီဥပဒေမှာလည်း လုပ်ရမယ့်လုပ်ငန်းစဉ်တွေကို အပိုင်းလိုက်ဖော်ပြထားတာရှိပါတယ်။ ဒါကြောင့်  ပုဂံဒေသကြီးအတွက် ရေရှည်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေလုပ်ရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ  ဒေသခံတွေပါဝင်ပြီး သန့်ရှင်းရေးလုပ်ငန်းတွေ၊  တိုးတက်လာမယ့်  ဟိုတယ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတွေကိုလည်း မလွဲမသွေ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ပုဂံဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တဲ့အနေအထားမှာ    ကျွန်တော်တို့က    ခိုင်ခိုင်မာမာနဲ့ပြနိုင်မှာဖြစ်ပါတယ်။    ဒါဟာ  ရေရှည်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေဖြစ်ပါတယ်။

 

ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်(ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)


ပုဂံဒေသကို  ကမ္ဘာ့အမွေအနှစ်တင်သွင်းဖို့အတွက်၂၀၁၄ ခုနှစ်လောက်ကတည်းက စတင်ဆောင်ရွက်ခဲ့တယ်။ သက်ဆိုင်ရာဌာနဆိုင်ရာတွေ ပူးပေါင်းပြီး    လိုအပ်တဲ့အချက်အလက်တွေ ပြုစုရတယ်။ မြေပုံတွေရေးဆွဲတယ်။ ဘုရားစေတီစာရင်းတွေ တိတိကျကျရအောင်လုပ်ရတယ်။ ဘုန်းတော်ကြီးကျောင်းတွေ၊    လူနေအိမ်စာရင်းတွေကို အတိအကျရေးဆွဲခဲ့ရပါတယ်။ ဒီလုပ်ငန်းစဉ်တွေကို အဆင့်ဆင့်လုပ်ခဲ့ရတယ်။    နိုင်ငံခြားသားပညာရှင်တွေ၊ ပြည်တွင်းပညာရှင်တွေနဲ့  သက်ဆိုင်ရာဝန်ကြီးဌာနက ဝန်ထမ်းတွေအကုန်လုံး ညှိနှိုင်းပြီးတော့မှ အစည်းအဝေးပေါင်း မြောက်မြားစွာ လုပ်ခဲ့တယ်။ ဒီကြားထဲမှာပဲ ငလျင်ဖြစ်ပေါ်ခဲ့တယ်။ ငလျင်ကိုလည်း နိ်ုင်ငံတကာက ထိန်းသိမ်းမှုတွေလုပ်တယ်။ ဒါတွေကလည်း ပူးပေါင်းပါဝင်မှုကောင်းတယ်။ ကမ္ဘာ့အမွေအနှစ်တင်သွင်းတဲ့နေရာမှာ အင်အားတစ်ခုဖြစ်လာတယ်။ အခုလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတဲ့အတွက် မြန်မာနိုင်ငံကို ကမ္ဘာက ပိုမိုသိရှိလာမယ်။ ခရီးသွားလုပ်ငန်းတွေ   ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကလည် အားကောင်းလာပြီး ပြည်သူတွေရဲ့လူနေမှုဘဝတွေ ပိုမိုတိုးတက်လာမယ်လို့မြင်ပါတယ်။ ပုဂံဒေသကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်မှုအပိုင်းအနေနဲ့ကတော့ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ပုဂံဒေသအတွက်ပြည်သူတွေပါဝင်တဲ့  ဥပဒေသစ်ရေးဆွဲထားပြီးပြီ။  အဲဒီအပေါ်မှာ  နည်းဥပဒေတွေထုတ်မယ်။    အဲဒီစည်းမျဉ်းစည်းကမ်းတွေကလည်း ပြည်သူတွေကိုချပြပြီး လုပ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေဖြစ်ပါတယ်။

 

ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး(ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)


၁၉၉၄ ခုနှစ်ကတည်းက အစဉ်အဆက်လုပ်ဆောင်ခဲ့တဲ့အကျိုးရလဒ်ပါ။  အခုပုဂံဆိုရင်  အဓိကကတော့  သူ့ရဲ့တန်ဖိုးရယ်၊ စီမံခန့်ခွဲမှုရယ် နှစ်ခုလုံးမှာ နိုင်ငံတော်အနေနဲ့အားလုံးစွမ်းဆောင်နိုင်တဲ့ အနေအထားပါ။ ပုဂံရဲ့တန်ဖိုးက ရှိပြီးသားပါ။  တစ်ချိန်တည်းမှာပဲ  ပြောင်းလဲလာတဲ့ လူမှုစီးပွားဘဝရယ်၊  နိုင်ငံသူ  နိုင်ငံသားတွေရဲ့  ယဉ်ကျေးမှုအမွေအနှစ်အပေါ်မှာထားတဲ့ စိတ်ထားတွေနဲ့အတူ အဖွဲ့အစည်းတွေ၊ အစိုးရနဲ့ပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့အတွက်ကြောင့် ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ရရှိခဲ့တာပါ။ အခုလို ပုဂံဒေသရရှိခြင်းဟာ ကျွန်တော်တို့နိုင်ငံသားအားလုံးအတွက်  ကမ္ဘာ့မိသားစုထဲမှာပါဝင်နိုင်သလို    မြန်မာနိုင်ငံသူ  နိုင်ငံသားတွေရဲ့စွမ်းဆောင်ရည်ကိုလည်း နိုင်ငံတကာက အသိအမှတ်ပြုတယ်။ လက်ခံတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့လည်း ကျွန်တော်တို့အနေနဲ့  ဆက်လက်ပြီးတော့   ပူးပေါင်း ဆောင်ရွက်ဖို့လိုတယ်။ ယဉ်ကျေးမှု၊ လူမှုစီးပွားဘဝနဲ့  အခြားသော နိုင်ငံရေးအခြေအနေတွေအပေါ် ကျွန်တော်တို့ကိုလက်ခံခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နှစ်နေရာရရှိသွားပြီ။  အဲဒီထဲက တစ်နေရာဖြစ်တဲ့ ပျူမြို့ဟောင်း သုံးမြို့ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်က  ဗုဒ္ဓဘာသာအခြေပြုခဲ့ပြီး  အဲဒီအပေါ်မှာမူတည်ပြီးတော့ မြို့ပြယဉ်ကျေးမှုတစ်ရပ်ထွန်းကားခဲ့တယ်။ ပုဂံကတော့ မြန်မာ့ရေမြေပေါ်မှာရှိတဲ့ ပုဂံဆိုတဲ့လူမှုအဖွဲ့အစည်းက ဖော်ဆောင်ပြီးတော့ အခုအထိတည်ရှိနေတယ်။ ရခိုင်ပြည်နယ်က  မြောက်ဦးကိုလည်း  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်။ စက်တင်ဘာမှာ မူကြမ်းတင်ပါမယ်။ ၂၀၂၀ ဇန်နဝါရီမှာ ပြီးပြည့်စုံအောင်တင်ပါမယ်။    မူကြမ်းအတွက်ကတော့ လိုအပ်တဲ့အချက်အလက်တွေ၊  အထောက်အထားတွေအားလုံးပြည့်စုံနေပါပြီ။

 

ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်း(သရေခေတ္တရာ ကမ္ဘာ့အမွေအနှစ်လုပ်ငန်းခွင်မန်နေဂျာ)


မြန်မာနိုင်ငံအတွက် ပုဂံကတော့ ကမ္ဘာ့အမွေအနှစ်အဖြစ် ဒုတိယအကြိမ် ရရှိခဲ့တာပါ။ ပထမအကြိမ်ကိုတော့၂၀၁၄ ခုနှစ်က ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ ပျူမြို့ဟောင်းတွေနဲ့ ရခဲ့တာပါ။ အခုဆိုရင် ငါးနှစ်သက်တမ်းရှိသွားပါပြီ။ ကမ္ဘာ့အမွေအနှစ်ယူကတည်းက ကမ္ဘာ့အမွေအနှစ်ရရင်  ဘယ်လိုထိန်းသိမ်းစောင့်ရှောက်မယ်ဆိုတဲ့ လုပ်ငန်းအစီအစဉ်တွေရှိတယ်။  အဲဒီလုပ်ငန်းအစီအစဉ်တွေထဲမှာ အစိုးရအဖွဲ့အစည်းတွေနဲ့အတူ အရပ်ဘက်အဖွဲ့အစည်းတွေလည်းပါတယ်။ သတ်မှတ်ညွှန်ကြားချက်တွေအတိုင်း  တစ်သဝေမတိမ်း  ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်။ အဲဒီသတ်မှတ်ညွှန်ကြားချက်တွေကနေ သွေဖည်သွားလို့မရပါဘူး။ ဒါကြောင့် အားလုံးဝိုင်းဝန်းပြီး ထိန်းသိမ်း ဖို့လိုပါတယ်။ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရတာဟာ ဒေသဖွံ့ဖြိုးမှုတွေကိုလည်း  အများကြီးဖြစ်ပေါ်စေတယ်။ ကမ္ဘာ့လှည့်ခရီးသွားဝင်ရောက်မှုတွေလည်း တိုးတက်လာတာကို တွေ့ရမယ်။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်လိုက်ခြင်းဟာ    ကျွန်တော်တို့အနေနဲ့    နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်ဖို့  အခွင့်အလမ်းတွေအများကြီးရသွားတယ်လို့ မြင်ပါတယ်။

 

္ိတန္တ

 

သရုပ်ဆောင် အေးဝတ်ရည်သောင်း


နှလုံးသားထဲကပုဂံအဖွဲ့နဲ့ လိုက်သွားဖြစ်တာပါ။ ဟိုရောက်တော့ ပုဂံဒေသကို  ကမ္ဘာ့အမွေအနှစ်အဖြစ်ကြေညာမယ်ဆိုတာကို အဲဒီနေ့ မတိုင်ခင်တစ်နေ့ကတည်းကကြားလို့ ညနေပိုင်းကတည်းက သွားစောင့်ကြတယ်။ ဒါပေမယ့် ညနေပိုင်းမှာပါမလာဘူး။ အဲဒီအစည်းအဝေးက မနက် ၉ နာရီကနေ ညနေ ၆ နာရီအထိလုပ်တာ။ နောက်တစ်နေ့မနက်ကျတော့လည်း တစ်ဖွဲ့လုံးကစိတ်လှုပ်ရှားပြီး အားလုံးသွားစောင့်ကြတယ်။ နေ့လယ်လောက်မှာ ဂျပန်တို့၊ ဖိလစ်ပိုင်တို့ကိုကြေညာတယ်။ အဲဒါပြီးရင် မြန်မာနိ်ုင်ငံအလှည့်ရောက်တော့မယ့်အချိန်မှာ  ထမင်းစားနားချိန်ရောက်သွားတယ်။  ကြေညာခါနီးအချိန်အထိ စိတ်တွေလှုပ်ရှားခဲ့ရတယ်။ ပုဂံလို့ပြောလိုက်တဲ့အချိန်မှာတော့တစ်ယောက်မှ  ကန့်ကွက်မယ့်သူမရှိဘူး။  အတိုက်အခံပြောမယ့်သူလည်းမရှိဘူး။  အကုန်လုံးက  ထောက်ခံကြတယ်။ တော်တော် စိတ်လှုပ်ရှားခဲ့ရတယ်။

 


ဦးဝင်းမြင့်(ရွှေအုန်းပင်ထမင်းဆိုင်ရှင်၊ ကျိုက်ထိုမြို့)


ပထမဆုံး ကမ္ဘာ့အမွေအနှစ်အဖြစ် ပျူသုံးမြို့ကိုရခဲ့ပြီးပါပြီ။ အခုဒုတိယအနေနဲ့ မြန်မာနိုင်ငံရဲ့ အထင်ကရနေရာ ဖြစ်တဲ့  ပုဂံဒေသရှေးဟောင်းအမွေအနှစ်ကြီးကို  ကမ္ဘာ့အမွေအနှစ်အဖြစ်   သတ်မှတ်ခံရတဲ့အတွက်  အများကြီး ဝမ်းသာပီတိဖြစ်ရပါတယ်။ အိမ်ရှင်နိုင်ငံအနေနဲ့ သဘာပတိကိုယ်တိုင်ကလည်း  ပုဂံရောက်ဖူးပါတယ်ဆိုတာကြောင့် ကျွန်တော်တို့ ဝမ်းသာခဲ့ရပါတယ်။ အဇာဘိုင်ဂျန်နိ်ုင်ငံက နိုင်ငံအကြီးအကဲတစ်ယောက် ပုဂံရောက်ဖူးတယ်ဆိုတဲ့စကားကြောင့် ဖြစ်ပေါ်ခဲ့တဲ့ပီတိဟာ ကျွန်တော် အဇာဘိုင်ဂျန်မှာ ကျခဲ့တဲ့မျက်ရည်ပါပဲ။  ပုဂံဒေသဟာ  ကျွန်တော်တို့တိုင်းပြည်အတွက် အများကြီး အထောက်အကူပြုပါတယ်။ အခုလို သတ်မှတ်လိုက်တဲ့အတွက် အရင်ထက်ပိုပြီး ကမ္ဘာလှည့်ခရီးသည်တွေလည်း  အများကြီးလာပါတော့မယ်။ နိုင်ငံတော်အတွက် ကမ္ဘာ့အမွေအနှစ်ကို  ချစ်မြတ်နိုးတဲ့ပြည်သူတစ်ယောက်အနေနဲ့  ကိုယ့်စရိတ်နဲ့ကိုယ် အခုလိုလိုက်ပါခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

 

တွေ့ဆုံမေးမြန်း - ဇော်ကြီး၊ ဓာတ်ပုံ - ဖေဇော်