ကမ္ဘာမြေပေါ်က ရေတွေရဲ့အပြောင်းအလဲကို ခြေရာခံဖို့ ပြိုင်ကားအရွယ် ဂြိုဟ်တုနှစ်စင်း လွှတ်တင်မယ်

၂၂ မေ

 

ကမ္ဘာမြေအနီးအနားတစ်ဝိုက် ရေပြင်၊ ရေခဲပြင်နဲ့ ကမ္ဘာကြီးပူနွေးလာမှု၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုစတဲ့ အပြောင်းအလဲတွေကို ခြေရာခံဖို့အတွက် ကိုယ်ထည်နိမ့် ပြိုင်ကားအရွယ်အစားရှိ အမွှာဂြိုဟ်တုနှစ်စင်းကို လွှတ်တင်သွားဖို့ရှိတယ်လို့ အမျိုးသားအာကာသနဲ့ လေကြောင်းအုပ်ချုပ်ရေး အဖွဲ့(နာဆာ) က တနင်္လာနေ့မှာ ပြောပါတယ်။

 

 

မြေအောက်ရေ၊ သမုဒ္ဒရာ၊ ရေကန်၊ မြစ်တွေနဲ့ ရေခဲချပ်အလွှာတွေကို (GRACE-FO) လို့ခေါ်တဲ့ the Gravity Recovery and Climate Experiment Follow-On အဖွဲ့က စောင့်ကြည့်သွားမယ်လို့သိရပါတယ်။အဲဒီအဖွဲ့ဟာ ဂျာမန် ဘူမိသိပ္ပံသုတေသနဌာန(GFZ) နဲ့ အမေရိကန် အာကာသအေဂျင်စီတို့ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

 

ဂြိုဟ်တုနှစ်စင်းကို ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဗာ့ဂ် လေတပ်အခြေစိုက် စခန်းကနေပြီး ပစိဖိတ်စံချိန်အရ အင်္ဂါနေ့ နေ့လယ် ၁၂ နာရီ ၄၇ မိနစ်အချိန်မှာ လွှတ်တင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ အဆိုပါ ဂြိုဟ်တုတွေကို ကမ္ဘာမြေပြင်အထက် မိုင်ပေါင်း ၃၁၀ ခန့်အကွာက ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ဖို့အတွက် Space X Falcon 9 ဒုံးပျံတစ်စင်းကနေ တွန်းတင်ပေးသွားမှာဖြစ်ပါတယ်။

 

အမွှာဂြိုဟ်တု နှစ်စင်းဟာ အကွာအဝေး ၁၃၇ မိုင်အထိ ပျံသန်းနိုင်မှာဖြစ်ပြီး အဲဒီအကွာအဝေးဟာ လော့စ်အိန်ဂျလိစ်ကနေ ဆန်ဒီယေဂိုအထိ အကွာအဝေးနဲ့ ညီမျှပါတယ်။ နာဆာအဖွဲ့ဟာ အဲဒီမစ်ရှင်အတွက် အမေရိကန် ဒေါ်လာသန်းပေါင်း ၄၃၀ အကုန်အကျခံခဲ့ပြီး ဂျာမနီဘက်ကတော့ ၉၁ သန်း ကုန်ကျခဲ့တယ်လို့ သိရပါတယ်။

 

(MDN)
ကိုးကား-AFP