ကမ္ဘာ့ဖလားပြိုင်ပွဲသို့ သွားရောက်သူများ၏ ဖုန်းနှင့် ကွန်ပျူတာများအား ချိုးဖောက် ဝင်ရောက်ခံရနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေးက သတိပေး

၁၄ ဇွန်

 

၂၀၁၈ ခုနှစ် ရုရှားနိုင်ငံ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲသို့ လာရောက်လည်ပတ်သူ ဘောလုံး ဝါသနာရှင်များ၏ ဖုန်းများနှင့် ကွန်ပျူတာများအား ရုရှားဆိုက်ဘာ သူလျှိုများက ချိုးဖောက်ဝင်ရောက်ပြီး အချက်အလက် ခိုးယူမှုများ ပြုလုပ်နိုင်ကြောင်း အမေရိကန်ထိပ်တန်း စုံစမ်းထောက်လှမ်းရေးက သတိပေးလိုက်သည်။

 

အမေရိကန်ကို ပြည်ပကနေ စုံစမ်းထောက်လှမ်းမှုများအား တန်ပြန်ထောက်လှမ်း ဖော်ထုတ်နိုင်သည့် အမျိုးသား တန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာ ညွှန်ကြားရေးမှူး ဝီလီယံ  အီဗာနီနာက “ အရမ်း အရေးမကြီးပါဘူးလို့ ထင်တဲ့လူတွေကိုတောင် ပစ်မှတ်ထားပြီး ဆိုက်ဘာချိုးဖောက်မှုတွေ ပြုလုပ်နိုင်တယ်။ တကယ်လို့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲထဲကို ဖုန်း၊  လက်တော့ပ်နဲ့ အခြား အီလက်ထရောနစ် ပစ္စည်းတွေ ယူဆောင်သွားမယ်ဆိုရင် အဲဒီ ပစ္စည်းတွေထဲမှာ သိမ်းဆည်းထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို အထူးသတိထားသင့်ပါတယ်။ တစ်စုံတစ်ရာ အမှားမလုပ်မိပါစေနဲ့။ ရုရှား အစိုးရ ဒါမှမဟုတ် ဆိုက်ဘာချိုးဖောက်သူတွေရဲ့ ဝင်ရောက်ခိုးယူခြင်းခံရနိုင်ပါတယ်။” လို့ သတိပေးထားသည်။

 

ဖြစ်နိုင်ပါက အီလက်ထရောနစ်ပစ္စည်းတွေကို ယူမသွားကြဖို့နဲ့ မဖြစ်မနေ ယူဆောင်သွားရမည်ဆိုပါက အသုံးမပြုချိန်မှာ ဘတ္ထရီဖြုတ်ထားဖို့ တိုက်တွန်းထားသည်။ “အစိုးရနဲ့ ပူပေါင်းဆောင်ရွက်နေတဲ့ အရာရှိတွေအတွက် ပိုပြီး အန္တရာယ်ရှိတယ်။ ကိုယ့်ကိုကိုယ် ပစ်မှတ်ထားခံရလောက်အောင် အရေးမကြီးဘူးလို့ မယူဆကြပါနဲ့” ဟု သတိပေးထားသည်။

 

ဘာသာပြန် - SMZaw ( MDN)
ကိုးကား - AFP