ကျန်းမာ လန်းဖြာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲက သူတို့ကမ္ဘာ

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါက မတ်လအတွင်းမှာ ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီး မြန်မာနိုင်ငံတွင်းမှာပါ ကိုဗစ်-၁၉ ကပ်ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စတင်တွေ့ရှိလာခဲ့သည်။ မြန်မာနိုင်ငံတွင်း အတည်ပြုလူနာ တွေ့ရှိပြီးနောက် လူစုလူဝေးနှင့် လူအများသွားလာသည့်နေရာများ မသွားကြ ရန် ကန့်သတ်ခဲ့ကြရာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သည်လည်း မတ် ၂၆ ရက်မှစတင်ကာ အများပြည်သူ လာရောက်ကြည့်ရှုလေ့လာခွင့်အား ပိတ်ခဲ့ရပြီး မတ် ၂၇ ရက်မှာ ဝန်ထမ်းမှအပ ပြင်ပပြည်သူများ ဝင်ခွင့်မပြုခဲ့ တော့ပေ။

 


ယခုအခါ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ အများပြည်သူ လာရောက်ခွင့် ပိတ်ခဲ့ရသည်မှာ နှစ်လနီးပါးရှိလာခဲ့ပြီဖြစ်သည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ကိုဗစ်ကာလ မည်သို့ ဖြတ်သန်းလျက်ရှိသည်ကို သွားရောက် လေ့လာမေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ဥယျာဉ်အတွင်း လှည့်လည်ပြသကာ ရှင်းလင်းပြောပြခဲ့သည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း နို့တိုက်သတ္တဝါ ၄၇ မျိုး၊ ကျေးငှက် ၇၂ မျိုးနှင့် တွားသွားသတ္တဝါ ၁၉ မျိုးတို့ အပါအဝင် မျိုးစိတ် ၁၃၈ မျိုး၊ တိရစ္ဆာန်ကောင်ရေ ၁၄၀၀ ကျော်အား ဝန်ထမ်းအင်အား ၂၁၇ ဦးတို့က ထိန်းသိမ်း ပြုစုလျက်ရှိသည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ကိုဗစ်ကာလ ပိတ်ထားခဲ့ရာ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသော လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ငန်းခွင်အား ဆက်လက်တာဝန် ထမ်းဆောင်လျက်ရှိသည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ် စီမံမန်နေဂျာ ဦးမျိုးကျော်သူ က “ကျွန်တော်တို့ ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာန အလိုက် မဖြစ်မနေထုတ်ရမယ့် အင်အားကို တွက်ချက်ပြီး လုံလောက်တဲ့ အနားယူမှုတွေ စီစဉ်ပေးပါတယ်။ နောက် ကိုဗစ်ကာလ အဓိကလိုအပ်တဲ့ တစ်ဦးနဲ့တစ်ဦးကြား ၃ ပေ၊ ၆ ပေကွာဖို့၊ လက်ဆေးဖို့၊ နှာခေါင်းစည်း တပ်ဖို့ကအစ အကုန်စီစဉ်ပေးပါတယ်။ လစာဖြတ်တောက်တာမျိုး၊ လူလျှော့တာမျိုး မရှိပါဘူး”ဟု ပြောသည်။

 

လက်ရှိ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း တိရစ္ဆာန် များအား ကျွေးမွေးရန်အတွက် ရိက္ခာများကို တင်ဒါစနစ်ဖြင့် ခေါ်ယူဝယ်ထားခြင်းဖြစ်သည့်အတွက် အခက်အခဲမရှိဘဲ နေ့စဉ်ရရှိကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း ယခင်ကျွေးမွေးသည့် စနစ်အတိုင်း တစ်ရက်လျှင် ပျမ်းမျှ ငွေကျပ် ၁၀ သိန်းခန့် ကျွေးမွေးနေကြောင်း၊ အချို့သော ကုသိုလ်ပြုလိုသူများက ဆက်သွယ်လာခြင်းကြောင့် ကုသိုလ်ပြု အစာကျွေးမှုများလည်းရှိကြောင်း၊ ထိုသို့ ကျွေးမွေးမှုများကို အုပ်ချုပ်ရေးဌာနနှင့် ညှိနှိုင်းကာ ကူညီဆောင်ရွက်ပေးပါကြောင်း၊ ပုံမှန်ကျွေးမွေးသည့် အစာများအပြင် ကုသိုလ်ပြုလာသည့် အစာရိက္ခာများအား အပိုထပ်မံ ကျွေးမွေးခြင်းသာ ဖြစ်ပါကြောင်းနှင့် ထိုကာလအတွင်း တိရစ္ဆာန်များ ထူးထူးခြားခြား ထိခိုက်သေဆုံးမှုမျိုးမရှိဘဲ အသက်ကြီးရင့်ခြင်းကြောင့် လည်းကောင်း၊ အချင်းချင်း ခိုက်ရန်ဖြစ်ခြင်းကြောင့် လည်းကောင်း ပုံမှန်သေဆုံးမှု အနည်းငယ်သာရှိပါကြောင်း စီမံမန်နေဂျာက ပြောပြသည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း အချို့တိရစ္ဆာန်လေးများမှာ သားပေါက်လျက်ရှိပြီး ထူးထူးခြားခြားအနေဖြင့် ရေချိုလိပ်မျိုးဖြစ်သော တိုက်လိပ်တစ်ကောင် ပေါက်ဖွား လျက်ရှိသည်ကို တွေ့မြင်ခဲ့ရသည်။ အဆိုပါ တိုက်လိပ်မျိုးမှာ ရှားပါးစာရင်းဝင်ဖြစ်ပြီး ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ရောက်ရှိလာသည့် တစ်နှစ်ကျော်ကာလတွင် ပထမဆုံး သားပေါက်ခဲ့ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံတွင်လည်း ပေးပို့ထားသည့် တိုက်လိပ်များမှာ ခြောက်နှစ်ကျော် သက်တမ်းရှိသော်လည်း သားပေါက်ခြင်းမရှိဟု သိခဲ့ရသည်။ ထို့အတူ အောက်ချင်းငှက်များလည်း ပေါက်ဖွား လျက်ရှိသည်ကို သိရှိရသည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ရာ ပြင်ပလမ်းများသာမက တိရစ္ဆာန်ခြံဝင်းများအတွင်း တွင်ပါ သန့်ရှင်းနေသည်။ အသက် ၆၇ နှစ်အရွယ် ဆင်မကြီးမိုမိုကို ရွှင်လန်းစွာ တွေ့မြင်ခဲ့ရသလို ကျားကြီးမှုန်ကြီးကိုလည်း လှောင်အိမ်အတွင်း လမ်းလျှောက်နေသည်ကို တွေ့မြင်ခဲ့ရသည်။ သမင်များမှာမူ လာရောက်ကြည့်ရှုသည့် သတင်းအဖွဲ့အား ပြင်ပလူမမြင်ရတာကြာသည့်အတွက် အထူးအဆန်း ကြည့်နေ ကြသည်။

 

တိရစ္ဆာန်များ၏ ကျန်းမာရေးအခြေအနေအား ရန်ကုန်တိရစ္ဆာန်ဥယျာဉ် တာဝန်ခံဆရာဝန် ဒေါက်တာထွန်းမြင့် ထံ မေးမြန်းကြည့်ခဲ့သည်။


ဒေါက်တာထွန်းမြင့်က “လက်ရှိ ကိုဗစ်-၁၉ ကာလ ပိတ်ထားရတဲ့အချိန်မှာ ပိုပြီးတော့ တိရစ္ဆာန်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပါတယ်။ သန့်ရှင်းရေးကအစ အသေးစိတ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ အခုလို အပူချိန်အလွန်မြင့်တဲ့ကာလမှာ လိုအပ်တဲ့ ရေဖျန်းပေးတာတွေ၊ ရေချိုးဖို့ လုပ်တာတွေအပြင် သောက်ရေထဲကို ဓာတ်ဆားတို့၊ ဂလူးကို့စ်တို့ကို ဖြည့်စွက်စာအနေနဲ့ ထည့်ပေးတာမျိုး ဂရုတစိုက် ဆောင်ရွက်ပေးခဲ့တာကြောင့် ထိခိုက်မှုမရှိခဲ့ပါဘူး။ အခုဆို မိုးရွာသွန်းလိုက်တာကြောင့် အပူရှိန်လျော့နည်းသွားတော့ ပိုကောင်းသွားပါတယ်”ဟု ရှင်းလင်းပြောပြသည်။

 

“ထူးဂရကုမ္ပဏီကနေပြီး ၂၀၁၁ ခုနှစ်ကတည်းက ထိန်းသိမ်းတာဝန်ယူခဲ့ပါတယ်။ ကျွန်တော်တာဝန်ယူပြီး တဲ့နောက် အသွင်သဏ္ဌာန်ပြောင်းလဲမှုနဲ့ အနှစ်သာရပြောင်းလဲမှုဆိုပြီး ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။ အသွင်သဏ္ဌာန်ပြောင်းလဲမှုအနေနဲ့ကတော့ စိမ်းလန်းစို ပြည်သာယာလှပရေးအတွက် အလှဆင်လုပ်ငန်းများ ဆောင်ရွက်တာ၊ ပြန်လည်မွမ်းမံတာမျိုးတွေ ဖြစ်ပါတယ်။

 

နောက်တိရစ္ဆာန်တွေ နေထိုင်ရတာ သဘာဝနဲ့ နီးကပ်စွာ နေထိုင်နိုင်ဖို့ ပြုပြင်ပြောင်းလဲပေးတာမျိုးဖြစ်ပါတယ်။ အနှစ်သာရပြောင်းလဲမှုအနေနဲ့ကတော့ ဥပမာပြောရရင် ဆင်မကြီးမိုမိုကို နှစ်ပေါင်းများစွာ ထူးခတ်ထားခဲ့ကြရာက ကုမ္ပဏီက တာဝန်ယူပြီးတဲ့အချိန်ကစလို့ လွတ်လပ်စွာ သွားလာနိုင်ဖို့ ဆောင်ရွက်ပေးတာမျိုးဖြစ်ပါတယ်” ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကျော်ရဲသီဟဖေ က ပြောပြသည်။

 

“ကိုဗစ်ကာလမှာတော့ ပြည်သူတွေ လာရောက် လည်ပတ်ခွင့် မရှိတဲ့အတွက် ဝင်ငွေပိုင်းမှာ အခက်အခဲ ရှိပါတယ်။ တခြားတော့ အခက်အခဲမရှိပါဘူး။ ဝန်ထမ်းတွေကလည်း ဆွေစဉ်မျိုးဆက်လိုလို ရန်ကုန်တိရစ္ဆာန် ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်လာကြသူတွေမို့ ပြုစုထိန်းသိမ်းစောင့်ရှောက်မှုအတွက် ခက်ခဲတာမရှိပါဘူး။ တိရစ္ဆာန်တွေကိုလည်း သတ်မှတ်ထားတဲ့ အချိန်တွေအတိုင်း၊ သတ်မှတ်ထားတဲ့ အစာတွေကို စနစ်တကျ ကျွေးမွေးပြုစုလျက်ရှိပါတယ်”ဟု ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

 

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနေဖြင့် ၁၉ဝ၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ နှစ်ပေါင်း ၁၁၄ နှစ် ရှိပြီ ဖြစ်သည်။ ထိုသို့ သက်တမ်းကာလအတွင်း ဖြစ်စဉ်များစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ယခု ကိုဗစ်ကာလတွင်လည်း ကြံ့ကြံ့ခံကာ ရပ်တည်နေဆဲဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါဘေး ထိန်းချုပ်နိုင်ပြီး ပြည်သူများ အသွားအလာ၊ အလုပ်အကိုင်များ စနစ်တကျ ပြန်လည်လုပ်ကိုင်လာနိုင် မည့်အချိန် မဝေးတော့ဟု ယုံကြည်မိပါသည်။ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ထဲက တိရစ္ဆာန်လေးများကတော့ မျှော်နေကြပါပြီ။ နှစ်လနီးပါး လာရောက်ကြည့်ရှုလေ့လာသူများနှင့် ဝေးကွာနေပြီး မေတ္တာငတ်နေသော တိရစ္ဆာန်လေးများအတွက် မေတ္တာဖြင့် ထိန်းသိမ်းစောင့်ရှောက်နေသည့် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အဖွဲ့သူ၊ အဖွဲ့သားများအား ကျေးဇူးတင်မိနေပါတော့သည်။

 

ဘုန်းမြတ်ခေါင်