ကျန်းမာရေးဆားလို့ ပြောကြတဲ့ ပန်းရောင်ဆား သွေးမတိုးဘူးဆိုတာ ဟုတ်သလား

နေပြည်တော်၊ ၁၈ ဒီဇင်ဘာ

 

Himalayan salt လို့ခေါ်တဲ့ ပန်းရောင်ဆားဆိုတာ ဟိမဝန္တာတောင်တန်းတွေအနီး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ဒေသမှာရှိတဲ့ သတ္တုဆားခဲတစ်မျိုးပါ။ ပန်းရောင်ဆားဟာ ဆားအမျိုးအစားများစွာထဲက အသန့်စင်ဆုံး ဖြစ်ပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း သိပ်များတယ်လို့ တချို့က ယုံကြည်ညွှန်းဆိုကြပါတယ်။ အခုဆိုသွေးမတိုးတဲ့ဆား ဆိုပြီးတောင် ကြော်ငြာနေတာ တွေ့လာရပါတယ်။

 

ဒါပေမယ့် သူက ကျန်းမာရေးအတွက် ပိုကောင်းနေတာလား၊ သူများတွေပြောနေတဲ့ အကျိုးကျေးဇူးတွေကရော ဟုတ်ရဲ့လား၊ ဘာတွေထူးခြားနေလဲ၊ ရိုးရိုးဆားအစား သူ့ကိုပဲ အမြဲသုံးရတော့မလား ဆိုတဲ့မေးခွန်းတွေကို ဒီဆောင်းပါးနဲ့ ရှင်းပြချင်ပါတယ်။

 

Himalayan salt ဆိုတာဘာလဲ

 

ပန်းရောင်ဆားဆိုတာလည်း စားပွဲတင်ဆားလိုပါပဲ။ သူ့မှာ sodium chloride က ၉၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ကျန်တဲ့ရာခိုင်နှုန်းမှာတော့ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်၊နဲ့ ကယ်လ်စီယမ်တို့လို သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဒီလိုပါဝင်လို့လည်း ပန်းရောင်သမ်းစေတာဖြစ်သလို ရိုးရိုးဆားနဲ့ အရသာ ကွဲနေတာဖြစ်ပါတယ်။

 

ဘယ်လိုသုံးကြလဲ

 

တချို့က ဟင်းချက်တာ၊ အသုပ်သုပ်တာ စတဲ့အစားအသောက်ပြင်ဆင်တဲ့နေရာမှာ ရိုးရိုးဆားလိုပဲ သုံးကြပါတယ်။ တချို့က ပန်းရောင်ဆားကို အခဲပြားလိုက်ပုံစံနဲ့ ဟင်းပွဲပြင်ရာမှာ အောက်ခံအနေနဲ့ သုံးတာ၊ စဉ်းတီတုံးအနေနဲ့သုံးတာ (တခြားနိုင်ငံတွေမှာပေါ့နော့) တွေလည်း ရှိပါတယ်။ ပန်းရောင်ဆားနဲ့ပြုလုပ်တဲ့ မီးအိမ်တွေ၊ ဖယောင်းတိုင်အောက်ခံတွေလည်း ထုတ်လုပ်ကြပါတယ်။

 

အကျိုးကျေးဇူးနဲ့ပတ်သက်တဲ့ ယုံတမ်းစကားများ

 

ပန်းရောင်ဆားကို စားသုံးခြင်းအားဖြင့် ရရှိနိုင်မယ်လို့ဆိုတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက အများကြီးပါပဲ –

 

သတ္တုဓါတ်ကြွယ်ဝတယ်

 

ဟိမဝန္တာပန်းရောင်ဆားမှာ သတ္တုဓါတ်မျိုးကွဲ ၈၄ မျိုးအထိ ပါဝင်နိုင်တယ်လို့တချို့က ပြောပါတယ်။sodium chloride က ၉၈ ရာခိုင်နှုန်းပါတယ်ဆိုတော့ ကျန်တဲ့ ၂ ရာခိုင်နှုန်းမှာ ဒီသတ္တုဓါတ်တွေပါဝင်နေတာဖြစ်ပါတယ်။ လူတစ်ယောက်မှာ တစ်နေ့တာစားသင့်တဲ့ ဆားပမာဏနဲ့တွက်လိုက်ရင်တော့ ဆားကနေရရှိမယ့် သတ္တုဓါတ်ဆိုတာတော်တော်နည်းမှာဖြစ်လို့ ကျန်းမာရေး အကျိုးကျေးဇူးအဖြစ်နဲ့ပြောလို့မရနိုင်ပါဘူး။

 

ဆိုဒီယမ်နည်းတယ်

 

ပန်းရောင်ဆားက ရိုးရိုးဆားထက် အငန်နည်းတယ်၊သွေးမတိုးပါဘူးတဲ့။ ဒါပေမယ့် ဒီနှစ်မျိုးလုံးက sodium chloride ၉၈ ရာခိုင်နှုန်းလောက် အများဆုံးပါဝင်တာပဲဆိုတော့ သိပ်မထူးပါဘူး။ ပန်းရောင်ဆားက ရိုးရိုးဆားထက် အခဲပုံစံပိုကြီးတတ်တာကြောင့် အမှုန့်တစ်ဇွန်းချင်းနဲ့ တွက်ရင် ဆိုဒီယမ်ပါဝင်မှု ပိုနည်းတယ်လို့ သဘောတရားအရ ယူဆကြတာပါ။ သူက ရိုးရိုးဆားထက် အရသာပိုလေးတာကြောင့် အရသာတူ ရဖို့အတွက် ဆားထည့်တဲ့ပမာဏ နည်းနည်းလျော့သွားတာမျိုး ဖြစ်ပါလိမ့်မယ်။

 

သဘာဝ ပိုဖြစ်တယ်

 

ပန်းရောင်ဆားက စားပွဲတင်ဆားထက် သဘာဝကျကျ ပိုသန့်စင်တယ်လို့ ယူဆကြပါတယ်။ စားပွဲတင်ဆားဆိုတာသေချာစီမံသန့်စင်ထားပြီး sodium aluminosilicate ဒါမှမဟုတ် magnesium carbonate တို့လိုအခဲတွေပြန်မဖြစ်စေမယ့် ဓါတ်တွေပေါင်းထည့်ထားတာဖြစ်ပါတယ်။ ပန်းရောင် ဆားကတော့ အတုတွေ ပါဝင်မှုနည်းပြီး စွဲလမ်းစေတဲ့ဓါတ်ပစ္စည်းတွေ မပါဝင်ပါဘူး။

 

ရေဓါတ်ပြည့်စေတယ်

 

အစားအသောက်တွေမှာ ပန်းရောင်ဆားကို ထည့်စားရင် ခန္ဓါကိုယ်မှာရေဓါတ်ထိန်းညှိပေးပြီး ရေဓါတ်ခန်းခြောက်ခြင်းကိုကာကွယ်နိုင်မယ်လို့ တချို့ကယုံကြည်ပါတယ်။ ခန္ဓါကိုယ်ရဲ့အရည်ဓါတ် ထိန်းညှိမှုအတွက် ဆိုဒီယမ်ကိုလိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် ဒီအချက်ဟာ ပန်းရောင်ဆားနဲ့ တခြားဆားတွေအတွက်လည်း အတူတူပဲဖြစ်ပါတယ်။

 

သတိထားသင့်တဲ့အချက်တွေက –

 

အိုင်အိုဒင်း စားသုံးမှု

 

အိုင်အိုဒင်းက သိုင်းရွိုက်လုပ်ဆောင်ချက်နဲ့ ဆဲလ်တွေရဲ့ဇီဝဖြစ်စဉ်တွေကိုထိန်းသိမ်းရာမှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓါတ်ဖြစ်ပါတယ်။ အိုင်အိုဒင်းကို ငါး၊ ပင်လယ်ရေညှိ၊နို့ထွက်ပစ္စည်း၊ ကြက်ဥတို့အပါအဝင် တခြားအရင်းအမြစ်တွေကနေလည်းရရှိနိုင်ပါတယ်။ အိုင်အိုဒင်းဆားကနေလည်း ရရှိနိုင်ပါတယ်။

 

ပန်းရောင်ဆားမှာ သဘာဝအလျောက် အိုင်အိုဒင်းနည်းနည်းပါဝင်ပေမယ့် အိုင်အိုဒင်းချို့တဲ့နေသူတွေ အတွက်ကတော့ မလုံလောက်နိုင်ပါဘူး။

 

ဆိုဒီယမ် စားသုံးမှု

 

ဘယ်ဆားကို စားစား ဆိုဒီယမ်အငန်ကို သတိထားရမှာ အရေးကြီးဆုံးအချက်ပါပဲ။ နည်းနည်းလေးပဲလိုအပ်တာမို့ များများစားရင် အန္တရာယ်ပေးလာမှာပါပဲ။ ဆားကဆေး မဟုတ်တာကြောင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုတော့ အရမ်းမမျှော်လင့်တာကောင်းပါတယ်။

 

ကျောက်ကပ်၊နှလုံး၊ အသည်းရောဂါရှိသူတွေ၊ အငန်လျှော့စားနရသူတွေ၊ အနေနဲ့ ပန်းရောင်ဆားအပါအဝင် ဆားမှန်သမျှကို သတိထားစားရမှာဖြစ်ပါတယ်။

 

သတိပေးချင်တာက –

 

ပန်းရောင်ဆားက ရိုးရိုးဆားထက် ကျန်းမာရေးအကျိုးကျေးဇူး ပိုများတယ်ဆိုတဲ့လေ့လာတွေ့ရှိမှု အထောက်အထားမရှိသေးပါဘူး။ မှုန့်ညက်နေတဲ့ စားပွဲတင်ဆားနဲ့ယှဉ်ရင် အမှုန်ပိုကြီးတဲ့ ပန်းရောင်ဆားက ဆားစားသုံးမှုပိုနည်းစေနိုင်တယ်ဆိုပေမယ့် တခြားဆားတွေလိုပါပဲ တော်သင့်ရုံချင့်ချိန်စားရမှာပဲဆိုတာ မမေ့ပါနဲ့။

 

ဒါပေမယ့် ပန်းရောင်ဆားမှာ လူ့ကျန်းမာရေးအတွက် ဆိုးကျိုးပေးနိုင်မယ့်ပြုပြင်ဖန်တီးမှုမပါတာရယ်၊ အတုပစ္စည်းတွေမပါတာရယ်ကြောင့် ပိုသန့်စင်တဲ့ သဘာဝဆားအဖြစ် အသုံးပြုလို့ရပါတယ်။ ဒါပေမယ့် ပန်းရောင်ဆားကိုပဲ အစားထိုးစားသုံးတော့မယ်ဆိုရင်တော့ ခန္ဓါကိုယ်အတွက်လိုအပ်တဲ့ အိုင်အိုဒင်းကို တခြားအစားအသောက်တွေ ဆီကရအောင် စားသုံးဖို့တော့လိုပါတယ်။

 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 ရေးသားသူ Yun Sandi Nan Mon