ကပ်ဘေးတံပိုးလှိုင်း ရာဇဝင်မရိုင်းစေနှင့်

ကိုရင်သြ

အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကူးစက်ပြန့်ပွားမှု၏ ဗဟိုအချက်အချာဒေသ အဖြစ် ရပ်တည်နေသော နယူး‌ယောက်ပြည်နယ်၏ ဒေသ ငါးခုကို မေလ ၁၅ ရက်မှစ၍ တစ်စိတ်တစ်ဒေသ ပြန်လည် ဖွင့်လှစ်ပေးလျက်ရှိသည်ဆိုသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှုရသောအခါ ကမ္ဘာကြီး ဖိမ့်ဖိမ့်တုန်သွားအောင် ဘီလူးဆိုင်းတီးကာ ကခုန်နေသော ကိုဗစ်-၁၉ ရောဂါပိုး အပေါ် လူသားတို့ စတင်အနိုင်ယူတော့မည်လောဟု နားဝေတိမ်တောင် အတွေးဖြင့် တရေးရေး စေ့ငုလေ့လာ မိလေ၏။

 

ကျန်းမာရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိသော အရပ် ဒေသများဖြစ်သော နယူးယောက်ပြည်နယ် အလယ်ပိုင်း ဒေသ၊ မြောက်ပိုင်းစီရင်စု၊ ဖင်းဂါးလိတ်ဒေသ၊ တောင်ပိုင်း စီရင်စုနှင့် မိုယော့ဗယ်လီဒေသတို့၏ စီးပွားရေးလုပ်ငန်း များကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဟု သတင်းကောင်း ကြားသိရ၏။

 

စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်လိုက် သည့်တိုင်အောင် လုပ်ငန်းခွင်များ၊ လက်လီ ရောင်းချသော ကုန်ပဒေသာဆိုင်များတွင် နှာခေါင်းစည်းများ ဝတ်ဆင် ထားရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာရှိနေစေရန် စသည့် ရောဂါကာကွယ်ရေး အစီအမံများကို ပြည်သူများအားလုံး နှင့်အတူ ဆက်လက်လိုက်နာကြရန် လိုအပ်ပေသည်။

 

ထိုစဉ်အတွင်း အမေရိကန်အောက်လွှတ်တော် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကျော်လွှားနိုင်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၃ ထရီလီယံ အသုံးပြုဆောင်ရွက်ရေး အစီအစဉ်တစ်ရပ်ကို မေလ ၁၅ ရက်တွင် အတည်ပြု ပေးခဲ့သည်။

 

အမေရိကန်နိုင်ငံ သမိုင်းတွင် အကြီးကျယ်ဆုံးသော စီးပွားရေးနာလန်ထူရေးအစီအစဉ်ဖြစ်ပြီး ကပ်ရောဂါဘေး ဖိစီးခံနေရသော ပြည်နယ်များအတွက် ဖက်ဒရယ်အစိုးရ အဖွဲ့က အကူအညီပေးနိုင်မည် ဖြစ်သည်။

 

မညှာမတာ ဝေဖန်

 

ထိုစဉ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား မညှာမတာ ဝေဖန်လိုက်သူမှာ သမ္မတဟောင်း ဘားရတ်အိုဘားမား ဖြစ်၏။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေ ၁ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၈၀၀၀၀ ခန့်ရှိနေသော နိုင်ငံတွင် သမ္မတထရမ့်အစိုးရအဖွဲ့၏ ကပ်ရောဂါဘေး တုံ့ပြန် ဆောင်ရွက်ပုံမှာ ဖရိုဖရဲနှင့် ပရမ်းပတာနိုင်လှသည်ဟု အိုဘားမားက အိမ်ဖြူတော် အစိုးရအဖွဲ့ဝင်ဟောင်းများနှင့် ဗီဒီယိုကွန့်ဖရင့်ပြုလုပ်ရာတွင် ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့သည်။

 

အမေရိကန်သမ္မတ ရွေးကောက်ပွဲ နီးကပ်လာချိန် တွင် အိုဘားမားနှင့် ဒီမိုကရက်တစ်ဝိုင်းတော်သားများက နိုင်ငံရေးအရ လှုံ့ဆော်မှုများကို တိုးမြှင့်ပြုလုပ်လာနေပုံ ရသည်။ ၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီမှ အပြီးသတ်ပေါ်ထွက်လာအံ့သော သမ္မတလောင်းအဖြစ် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် ကို မဲပေးရွေးချယ်ရန် စီစဉ်နေချိန်လည်းဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်ဖြစ်ပေါ်နေ ချိန်တွင် သမ္မတလောင်းအား အမည်စာရင်းတင်သွင်းမှုကို ပြုလုပ်ရာတွင် ရပ်ဝေးမှ မဲပေးသည့်စနစ် ကျင့်သုံးနိုင်ရန် ဒီမိုကရက်တစ်ပါတီက မဲပေးခြင်းဆိုင်ရာ ဥပဒေစည်းမျဉ်း သစ်ထုတ်ပြန်ပေးခဲ့သည်။

 

ဘိုင်ဒင်သည် နိုဝင်ဘာ ၃ ရက် သမ္မတ ရွေးကောက် ပွဲတွင် ရီပတ်ဘလီကန် ဒေါ်နယ်ထရမ့်အား ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် နောက်ဆုံး ဆန်ခါတင်ပေါ်ထွက်လာခဲ့ပေပြီ။

 

ဘိုင်ဒင်အား တရားဝင်အမည်စာရင်း တင်သွင်းမည့် ဒီမိုကရက်တစ်ပါတီညီလာခံကို ကနဦးတွင် ဇူလိုင် လလယ်၌ကျင်းပရန် အစီအစဉ်ရှိခဲ့သော်လည်း ကပ်ရောဂါ ကျရောက်နေခြင်းကြောင့် သြဂုတ်လ ၁၇ ရက်သို့ ရက်ရွှေ့ဆိုင်းခဲ့ပြီးဖြစ်သည်။

 

ထိုစဉ်အတွင်း ရောဂါထိန်းချုပ်ရေးအစီအမံများကို အဆောတလျင်ဖြေလျှော့ပေးခြင်းမပြုလုပ်ရန် အိမ်ဖြူတော် ကပ်ရောဂါထိန်းချုပ်ရေး အထူးလုပ်ငန်းအဖွဲ့ အကြီးအကဲ ဒေါက်တာအန်ထော်နီဖော်စီက အကြံပြုတိုက်တွန်းခဲ့သည်။

 

သမ္မတဒေါ်နယ်ထရမ့်သည် ပြည်သူတို့၏ လူနေမှု ဘဝနှင့် စီးပွားရေးဘဝတို့ကို ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး အဆင့်သုံးဆင့်ပါအစီအစဉ်တစ်ရပ်ကို ပြည်နယ်အုပ်ချုပ် ရေးမှူးများအား ဧပြီလလယ်တွင် အကြံပြုခဲ့သည်။

 

ခပ်ခွာခွာနေ

 

ကျန်းမာရေးခြေချုပ်ချမှု ဖြေလျှော့ရေးအတွက် ခပ်ခွာခွာနေနိုင်မည့် နေရာအကျယ်အဝန်း မလုံလောက်ပါက လူ ၁၀ ဦးနှင့်အထက် စုဝေးမှုကို ရှောင်ရှားကြရန်၊ အရေးတကြီးခရီးထွက်ခွာခြင်းမဟုတ်သော ခရီးသွားလာမှု များကို ရှောင်ကြည်ကြရန်၊ လုပ်ငန်းခွင်တွင် စုဝေးလုပ်ကိုင် ခြင်းထက် နေအိမ်တွင် အွန်လိုင်းမှတစ်ဆင့် လုပ်ကိုင်ခြင်းကို အားပေးရန်၊ ကျောင်းများကို ဆက်လက်ပိတ်ထားရမည် ဖြစ်သော်လည်း ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ အားကစားပြိုင်ပွဲရုံများ၊ ဝတ်ပြုစုဝေးရာနေရာများကို ခပ်ခွာခွာနေထိုင်ရေးအစီအမံကို အသက်ဝင်စေလျက် ပြန်လည်ဖွင့်လှစ်ရန်၊ ဆေးရုံများတွင် လူနာများအနက်မှ သမားတော်က ရွေးချယ်သောစနစ်ဖြင့် ခွဲစိတ်ကုသမှု ပြန်လည်ပြုလုပ်ပေးရန်၊ ကျန်းမာ‌ရေးအစီအမံသစ်များနှင့် အညီ အားကစားလေ့ကျင့်ရေးခန်းမများကို ပြန်လည် ဖွင့်လှစ်ရန်၊ သို့ရာတွင် အရက်ဆိုင် (ဘားခန်း) များကိုမူ ဆက်လက်ပိတ်ထားရန် စသည့်အချက်များပါဝင်သည်။

ဇောတိကလုပ်ငန်းရှင်သူဌေးကြီး တဖြစ်လဲ သမ္မတကြီး ထရမ့်မှာ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ မှာပင် “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်” ရဘိအလား ကိုဗစ်ပိုးတစ်ကောင်ကြောင့် စီးပွားရေးလောက တစ်ခုလုံး ထိခိုက်ရမည့်အခြေအနေကို ကုစားနိုင်ရန် စိတ်အားထက်သန်နေပုံရ၏။

 

စီးပွားရေးရွှေတံခါးကြီး ပြန်လည်ဖွင့်လှစ်ရန် ပြည်သူ တို့ အထူးတလည် လိုလားကြသည်ဟူ၍ သမ္မတ ထရမ့်က အားပေးစကားဆိုသည်။ ပိုးရှာဖွေမှု စမ်းသပ်စစ်ဆေးမှု များကို တိုး၍ပြုလုပ်နေပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူဦးရေ တစ်စတစ်စကျဆင်းလာနေခြင်းသည် ကပ်ရောဂါ တိုက်ဖျက်ရေးအောင်မြင်မှုခြေလှမ်းကြီးများ မဟုတ်ပါ‌လော ဟု သူက အကောင်းမြင်စကားဆိုသည်။

 

ကျန်းမာရေးရှုထောင့်အမြင်အရမူ လူသားတို့ အသက် ရှင်သန်ရေးက ပထမ၊ စီးပွားရေးဘဝ တိုးတက်ရေးက ဒုတိယဖြစ်သည်။ ယခုအချိန်အခါသည်ကား ဖြေလျှော့မှု များကို အဆောတလျင်ပြုလုပ်ရမည့်အခါမဟုတ်ပေ။ “လျော့လွန်းလျှင် ပတ်”ဟူဘိသို့ ရုတ်ချည်း ဖြေလျှော့ပေး လိုက်လျှင် ရောဂါကူးစက်နှုန်း ပြန်လည်မြင့်တက်လာနိုင်ပြီး အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရမှုများ ရှိလာလိမ့်မည်ဟု အိမ်ဖြူတော်၏ ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့အကြီးအကဲ ‌ဒေါက်တာဖော်စီက အထက်လွှတ်တော်တွင် သတိပေး စကားဆိုခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုတွင် ကပ်ရောဂါဘေး ထိုးနှက်ခံရခြင်းမှ အသက်သာဆုံးအနေအထားတွင် ရပ်တည်နေသောပြည်နယ်မှာ ကာလီဖိုးနီးယားပြည်နယ် ဖြစ်သည်။ အဆိုပါပြည်နယ်တွင် မေလဆန်းမှစ၍ လက်လီ ရောင်းချသောဆိုင်အချို့ ပြန်လည်ဖွင့်လှစ်လာကြသည်။

 

အမိန့်ထုတ်ပြန်ထားဆဲ

 

ကာလီဖိုးနီးယားပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့သူ ၇၅၀၀၀ ရှိခဲ့ပြီး ယင်းတို့အနက် ထက်ဝက်ခန့်မှာ လော့စ်အိန်ဂျလိစ်စီရင်စုတွင် ဖြစ်သည်။ အဆိုပါစီရင်စုတွင် ဇူလိုင်လအထိ နေအိမ်အတွင်း၌သာ နေထိုင်ကြရန် အမိန့် ထုတ်ပြန်ထားဆဲ ဖြစ်သည်။ သို့ရာတွင် ဖြေလျှော့ပေးရေး အစီအစဉ်အရ ပင်လယ်ကမ်းခြေများသို့ ပြည်သူများ မကြာမီ သွားရောက်ခွင့်ရရှိလာတော့မည် ဖြစ်သည်။

 

ဖြေလျှော့မှုများပြုလုပ်နိုင်ခြင်းသည် စီးပွားရေး လှုပ်ရှားမှုများ ပြန်လည်အသက်ဝင်လာရေးအတွက် အမှတ် သင်္ကေတတစ်ခုဖြစ်သော်လည်း ထိန်းချုပ်ကန့်သတ်မှု များကို ပြန်လည်ဖြေလျှော့ပေးတိုင်း စီးပွားရေးတိုးတက်မှု အတွက် အထောက်အကူပြုလိမ့်မည်ဟု မဆိုနိုင်ကြောင်း စီးပွားရေးပညာရှင်များက ထောက်ပြကြသည်။

ကပ်ရောဂါဘေးကို ထိန်းချုပ်နိုင်ခြင်းမရှိသမျှ ကာလ ပတ်လုံး စီးပွားရေးပြန်လည်နာလန်ထူလာမည် မဟုတ်ဟု ကာလီဖိုးနီးယားပြည်နယ်တက္ကသိုလ်မှ ပါမောက္ခ မောရစ္စအော့စ်ဖီးက သုံးသပ်သည်။ ကပ်ရောဂါပိုးကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဖြေလျှော့မှုကို အဆောတလျင် ပြုလုပ်ပါက စီးပွားရေးဘဝကို တိုးတက်အောင် မလုပ်ဆောင်နိုင်သည်သာမက စီးပွားရေးဘဝကိုပင် ထိခိုက်စေနိုင်ကြောင်း သူက ဆိုသည်။

 

ပြည်သူလူထုအတွင်း ရောဂါပိုးရှာဖွေဖော်ထုတ် နိုင်ရန် စမ်းသပ်စစ်ဆေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နိုင်သော တောင်ကိုရီးယားနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်မှုကို အောင်မြင်စွာပြုလုပ်သော နိုင်ငံအဖြစ် စံပြုထိုက်သည်ဟု ကမ္ဘာ့အလယ် ချီးကျူး ထောမနာပြုခြင်းခံရပြီးနောက် လွန်ခဲ့သည့် ရက်သတ္တပတ် က ခပ်ခွာခွာနေရေးစည်းမျဉ်းများကို ပြန်လည်ဖြေလျှော့ ပေးလိုက်ရာ မေလ ၁၃ ရက်တွင် ၂၄ နာရီအတွင်း ရောဂါပိုး တွေ့သူ ၂၆ ဦးအထိ စံချိန်တင် ပေါ်ထွက်လာခဲ့ခြင်းကို ကျွန်ုပ်တို့ သင်ခန်းစာရရှိကြပေသည်။

မြို့တော်ဆိုးလ်တွင် နောက်ဆုံးရောဂါပိုးတွေ့သူများ အနက် လူ ၂၀ မှာ ညကပွဲရုံများသို့ သွားရောက်ခဲ့သူ များအဖြစ် ဖော်ထုတ်တွေ့ရှိရသည်။

 

ပြည်သူအားလုံး သတိရှိကြ

 

တောင်ကိုရီးယားနိုင်ငံနည်းတူ အရှေ့အာရှရှိ ဂျပန်နိုင်ငံတွင်လည်း နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာပေးမှုကို ခရိုင် ၃၉ ခုတွင် ရုပ်သိမ်းပေးခဲ့သည်။ သို့ရာတွင် ကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင် ရေးအတွက် ပြည်သူအားလုံး သတိရှိကြရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မေလ ၁၅ ရက်တွင် သတိပေးခဲ့လေသည်။

 

ကိုဗစ်-၁၉ ကုသရေးဆေးဝါးများနှင့် ကာကွယ်ရေး ဆေးဝါးများကို ထုတ်လုပ်နိုင်သည်အထိ ရေရှည်တိုက်ပွဲ ဆင်နွှဲနိုင်ရန် ပြင်ဆင်ထားကြရန်လည်း သူက အလေးအနက်တိုက်တွန်းသည်။

 

ဖြေလျှော့မှုများကို တစ်ဆင့်စီ ပြုလုပ်ပေးလာသည့် တိုင်အောင် ရောဂါပိုးကူးစက်မှု ဒုတိယလှိုင်းများနှင့် တတိယလှိုင်းများကို ရင်ဆိုင်ကျော်လွှားနိုင်ရေးအတွက် ပြည်သူများအားလုံး ပြင်ဆင်ထားကြရန်၊ လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေခြင်းအပါအဝင် လူနေမှုဘဝပုံစံ သစ်ကို စောင့်ထိန်းလိုက်နာကြရန်၊ စီးပွားရေးလုပ်ငန်း ကဏ္ဍတစ်ခုချင်းစီအလိုက် ထုတ်ပြန်ထားသော လမ်းညွှန် ချက်များကို အားလုံးက လိုက်နာကြရန် လိုအပ်ပုံကို ကျွန်ုပ်အလေးမူမိရင်း “ကပ်ဘေးတံပိုးလှိုင်း ရာဇဝင် မရိုင်းစေနှင့်” ဟု ကျူးရင့်မိပါသတည်း။ ။

 

Ref: COVID-19 News updates

 

ကြေးမုံ