ကပ်ရောဂါဖြစ်ပွားမှု  အရှိန်လျော့ကျလာတဲ့ ကမ္ဘာ့နိုင်ငံ သုံးနိုင်ငံ

၅  မေ

ပြင်သစ်၊ အီတလီနဲ့ စပိန်နိုင်ငံတွေမှာ ယခုရက်သတ္တပတ်တွေအတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေ့စဉ် သေဆုံးရသူအရေအတွက် အနည်းဆုံးပမာဏအထိ လျော့ကျလာပြီဖြစ်တာကြောင့် အာဏာပိုင်တွေက ကပ်ရောဂါဆိုင်ရာ စည်းကမ်းလမ်းညွှန်ချက်တွေ ထုတ်ပြန်ထားမှုကို ပြန်လည်ဖြေလျှော့ပေးဖို့ ပြင်ဆင်နေကြပါပြီ။

ပြီးခဲ့တဲ့ မတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် နေ့စဉ်သေဆုံးမှုအရေအတွက် မြင့်တက်လာခဲ့ပြီးနောက် ယခုလက်ရှိ ပြင်သစ်နိုင်ငံမှာ သေဆုံးသူ ၁၃၅ဦးနဲ့ စပိန်မှာ ၁၆၄ ဦးထပ်မံသေဆုံးရမှုဟာ အနည်းဆုံးထွက်ပေါ်လာတဲ့ပမာဏ ဖြစ်ပါတယ်။ အီတလီမှာ သေဆုံးသူ ၁၇၄ ဦးထပ်မံပေါ်ထွက်လာပြီး အဲဒီအရေအတွက်ဟာ နှစ်လတာအတွင်း လျော့ကျသွားတဲ့အရေအတွက် ဖြစ်တယ်လို့ သိရပါတယ်။

ရုရှားမှာကူးစက်မှုနှုန်းဆက်လက်မြင့်တက်

ရုရှားနိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ပိုအရှိန်မြင့်လာနေပြီး ရောဂါထပ်မံကူးစက်ခံရသူ ၁၀၀၀၀ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ရုရှားရဲ့ သေဆုံးမှုနှုန်းဟာ တခြားနိုင်ငံတွေနဲ့စာရင် အတော်လေးနည်းပါးတယ်လို့ ဆိုပါတယ်။ မေ ၃ ရက်နေ့မှာ ရုရှားနိုင်ငံအတွင်း ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၅၈ ဦးရှိခဲ့ပြီး စုစုပေါင်းသေဆုံးသူအရေအတွက် ၁၂၈၀ အထိ ဖြစ်လာခဲ့ပါတယ်။

ဗြိတိန်မှာ ကိုဗစ်-၁၉ကြောင့် ထပ်မံသေဆုံးသူ ၃၁၅ ဦးဖြစ်ပြီး ဒီအရေအတွက်ဟာဆိုရင် အမေရိကန်နဲ့ အီတလီပြီးရင် တတိယမြောက် သေဆုံးမှု အများဆုံးပမာဏဖြစ်ပါတယ်။ သို့သော်လည်းပဲ ဗြိတိန် အာဏာပိုင်တွေကတော့ နိုင်ငံအတွင်းရောဂါကူးစက်ဖြစ်ပွားမှုဟာ အမြင့်ဆုံးအမှတ်ကို ကျော်လွန်သွားပြီဖြစ်ပြီး ဆေးရုံတွေမှာ တက်ရောက်ကုသရတဲ့ လူနာအရေအတွက် လျော့ကျသွားပြီလို့ ပြောဆိုလျက်ရှိပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဆိုရင် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှု အရေအတွက်ဟာ ၃ ဒသမ ၅ သန်း ရှိသွားပြီဖြစ်သလို တစ်ကမ္ဘာလုံးမှာရှိတဲ့ ပြည်သူ ၂၅၀၀၀၀ နီးပါးအထိ အသက်ဆုံးရှုံးခဲ့ရပါပြီ။

ပြင်သစ်နိုင်ငံမှာ သေဆုံးမှုလျော့ကျ

ပြီးခဲ့တဲ့မတ်လနှောင်းပိုင်းကစပြီး ပြင်သစ်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးရသူ အရေအတွက် အနည်းဆုံး ပမာဏထိ လျော့ကျလာခဲ့ပြီး သေဆုံးသူတွေဟာ ဆေးရုံမှာ တက်ရောက်ကုသမှုခံယူနေသူတွေထဲက ဖြစ်ပါတယ်။ နေအိမ်မှာ ပြုစုကုသမှုခံယူနေစဉ် သေဆုံးတဲ့သူတွေအပါအဝင် သေဆုံးမှုအရေအတွက် ကျဆင်းသွားခဲ့တာ ရက်အနည်းငယ်ကြာမြင့်ခဲ့ပါပြီ။

ပြင်သစ်နိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ကူးစက်ခံရတဲ့လူနာတွေ့ရှိကြောင်း အတည်မပြုသေးခင် တစ်လအလိုဖြစ်တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာကတည်းက ဗိုင်းရပ်စ်ဟာ နိုင်ငံအတွင်းရောက်ရှိနေခဲ့တာ ဖြစ်တယ်လို့ ပါရီရှိ အထူးကြပ်မတ် ကုသမှုအဖွဲ့အကြီးအကဲက သမီဒီယာသို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက တစ်နိုင်ငံလုံးအဝင်အထွက် ကန့်သတ်ပိတ်ဆို့ထားမှုကို မေ ၁၁ ရက်မှာ ဖယ်ရှားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအချိန်မှာ ကျောင်းသားတွေ ကျောင်းပြန်တက်နိုင်တော့မှာဖြစ်ပြီး စီးပွားရေး လုပ်ငန်းအချို့ကိုလည်း ပြန်ဖွင့်လှစ်တော့မှာဖြစ်သလို ပြည်သူတွေဟာ ၎င်းတို့သွားလိုတဲ့အရေး ကိစ္စတွေအတွက် တာဝန်ရှိသူတွေဆီ အကြောင်းပြချက်ပေးစရာ၊ အထောက်အထားပြစရာ မလိုတော့ဘဲ နေအိမ်ကနေ ၁၀၀ ကီလိုမီတာ(မိုင်၆၀)အကွာ အဝေးအထိ ကောင်းစွာလှုပ်ရှားသွားလာနိုင်တော့မှာ ဖြစ်ပါတယ်။ ရောဂါကူးစက်မှု

ပမာဏအပေါ်မူတည်

သို့သော်လည်းပဲ မေ ၃ ရက်မှာ ပြင်သစ်ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန်က ကန့်သတ်ပိတ်ဆို့မှု ဖယ်ရှားမယ့် အခြေအနေဟာ ရောဂါထပ်မံ ကူးစက်ဖြစ်ပွားမှု အရေအတွက်အပေါ်မှာ အထူးသဖြင့် ပါရီနဲ့ ပြင်သစ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ရောဂါကူးစက်မှု အဆိုးဆုံးထိခိုက်ခံစားရတဲ့နေရာတွေက အခြေအနေတွေအပေါ် အထူးသတိထားစောင့်ကြည့်ပြီးမှသာ လမ်းညွှန်ချက်တွေ ဖယ်ရှားဖို့သင့်မသင့် သုံးသပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံအတွင်းကို ဝင်ရောက်လာသူမှန်သမျှ ရက်သတ္တနှစ်ပတ် ကြာတဲ့အထိ အသွားအလာ ကန့်သတ်စောင့်ကြည့်မှုအောက်မှာ တစ်ကိုယ်ရေ နေထိုင်ရမယ်ဆိုတဲ့ စည်းကမ်းချက်က ဥရောပနိုင်ငံတွေဆီက ရောက်လာတဲ့ ပြည်သူတွေ ဗြိတိန်သို့မဟုတ် Schengen ဇုန်က လာတဲ့သူတွေကို သက်ရောက်ခြင်း မရှိခဲ့ဘူးလို့လည်း အာဏာပိုင်တွေက အတိအလင်းဆို ထားပါတယ်။

စပိန်အခြေအနေ

စပိန်နိုင်ငံမှာ ကပ်ရောဂါစဖြစ်ပြီး တစ်လခွဲအကြာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် ထပ်မံသေဆုံးရသူ အရေအတွက်ဟာ ၁၆၄ ဦးရှိပြီး အဲဒီကိန်းဂဏန်းဟာ ရောဂါကူးစက်ဖြစ်ပွားခဲ့တဲ့ ကာလတစ်လျှောက်သေဆုံးမှု အနိမ့်ဆုံးပမာဏ ဖြစ်ပြီး ၁၀၀ ကျော်လောက် လျော့ကျသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရက်သတ္တခုနစ်ပတ်မြောက်မှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ စပိန် ဆယ်ကျော်သက်လူငယ်တွေဟာ နေအိမ်အပြင်ဘက်ထွက်ပြီး ကိုယ်ကာယလှုပ်ရှားမှုတွေကို မေ ၂ ရက်က စတင်လုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အကြာကတည်းက အသက် ၁၄ နှစ်အောက်ကလေးတွေကို ကန့်သတ်ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးနေခဲ့တာ ဖြစ်ပါတယ်။

နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရမည်

စပိန်ဝန်ကြီးချုပ် ပီဒရိုဆန်ချက်စ်က စပိန်ဟာ ဥရောပရဲ့ အတင်းကျပ်ဆုံးလို့ ဆိုရမယ့် အဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု စည်းကမ်းလမ်းညွှန်ချက် ချမှတ်ထားချိန်အတွင်း စွန့်စားထိန်းချုပ်ခဲ့ရမှုရဲ့ အကျိုးရလဒ်ကို ခံစားရရှိနေပြီလို့ ပြောကြားခဲ့ပါတယ်။ မေ ၄ ရက်မှာတော့ စပိန်နိုင်ငံတစ်ဝန်းမှာရှိတဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်တွေ စီးနင်းလိုက်ပါချိန်မှာ နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ထားကြရပြီး ဆံပင်ညှပ်ဆိုင်အချို့ကို တစ်ဦးချင်းဖောက်သည်တွေရဲ့ ချိန်းဆိုထားမှုအတွက် ဝန်ဆောင်မှုပေးဖို့ ပြန်လည် ဖွင့်လှစ်တော့မှာပါ။

အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်လအကြာ တစ်နိုင်ငံလုံးအဝင်အထွက် ကန့်သတ်ပိတ်ဆို့မှု စတင်ခဲ့ချိန်ကစပြီး ကိုဗစ်-၁၉ ဗိုင်းရပ်စ်နဲ့ ဆက်နွယ်တဲ့ လူနာတွေသေဆုံးမှု အနည်းဆုံးပမာဏအထိ လျော့ကျလာခဲ့ပါတယ်။ ရောဂါ ထပ်မံကူးစက်ခံရတဲ့သူ အရေအတွက်ရော အထူးကြပ်မတ်ကုသဆောင်ကို ရောက်လာတဲ့ လူနာအရေအတွက်ပါ ဆက်တိုက်လျော့ကျလာခဲ့ပါတယ်။

ဆွေမျိုးတွေဆီ သွားလာနိုင်ပြီ

အခြေအနေတည်ငြိမ်လာတဲ့အတွက် အီတလီဟာလည်းပဲ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေကို ဖြေလျှော့နေပါပြီ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်းဖြင့် အီတလီနိုင်ငံသားတွေဟာ ကာယလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ၎င်းတို့နေထိုင်တဲ့ ရပ်ရွာအတွင်းမှာရှိတဲ့ ဆွေမျိုးမိသားစုတွေဆီကိုလည်း အလည်အပတ် သွားလာနိုင်ပြီဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေဆီတော့ သွားလာခွင့်မရှိသေးဘူးလို့ သိရပါတယ်။

သို့သော်လည်းပဲ အီတလီမှာရှိတဲ့ စာသင်ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ ဈေးဆိုင်အများစုကို ဆက်ပြီး ပိတ်ထားဦးမှာပါ။ဘာဆိုင်တွေနဲ့ စားသောက်ဆိုင်တွေမှာ စားသုံးသူတွေကို ဆိုင်အတွင်းရှိစားပွဲတွေပေါ်မှာ ဝယ်ယူသုံးဆောင် ခွင့်ကိုတော့ ဇွန်လမှာ စတင်ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ အီတလီမှာ ရောဂါကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၈၈၈၄ ဦးရှိပြီး အမေရိကန်ပြီးရင် သေဆုံးသူအရေအတွက် ဒုတိယအများဆုံး နိုင်ငံနေရာမှာ ဆက်လက်ရှိနေပါတယ်။

ကလျာမိုးမြင့်

ကိုးကား - ဆင်ဟွာ၊ ဘီဘီစီ